CIA ညွှန်မှူး မြန်မာနိုင်ငံသို့ သွားမည်

CIA ညွှန်မှူး မြန်မာနိုင်ငံသို့ သွားမည်
by -
မဇ္စျိမ

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ ထိပ်တန်းခေါင်းဆောင် များထံသို့ ယခုနှစ်ထဲတွင် လာရောက်လည်ပတ်ရန် စီစဉ်နေကြောင်း The New York Times သတင်းစာက ဖော်ပြခဲ့သည်။

CIA ညွှန်ကြားရေးမှူး David Petraeus နှင့် အင်္ဂါနေ့က ထိုင်းနိုင်ငံတွင် စကားပြော ဆွေးနွေးပြီးနောက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Surapong Tovichakchaiku က သတင်းထောက်များအား ပြောကြားရာတွင် David Petraeus သည် ယခုနှစ်ထဲတွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း The New York Times သတင်းစာက Surapong ၏ စကားကို ကိုးကား၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအား အထီးကျန်စေရန် နှစ်ပေါင်းများစွာ ပိတ်ဆို့ ဒဏ်ခတ်ထားရာမှ ယခုအခါ အနောက်နိုင်ငံ များသည် မြန်မာနိုင်ငံနှင့် သဘောတူညီချက် ရရှိလာခဲ့ကာ ယခုခရီးစဉ်သည် အမေရိကန်နှင့် မြန်မာ နိုင်ငံအကြား ဆက်ဆံရေး တိုးတက်လာသည့် သင်္ကေတ တခုပင် ဖြစ်ပြီး သမ္မတ အိုဘားမား အစိုးရအဖွဲ့ အနေဖြင့် ရွေးကောက် တင်မြှောက် ထားခြင်း ခံရသည့် မြန်မာအစိုးရသစ်နှင့် စေ့စပ်ဆွေးနွေးလိုသည့် သဘောထားရှိကြောင်းလည်း ထင်ဟပ်နေသည်။

လေ့လာသူများကမူ အမေရိကန် အနေဖြင့် ရာထူးအမျိုးမျိုး ရှိသည့် သံတမန်များကို စေလွှတ်ကာ မြန်မာ အစိုးရ အဖွဲ့အတွင်းနှင့် မြန်မာစစ်တပ် အတွင်းရှိ ပြုပြင်ပြောင်းလဲရေး သမားများကို ထောက်ခံကြောင်း အချက်ပြခဲ့သည်ဟု ဆိုကြသည်။

ဒီဇင်ဘာလက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် Hillary Clinton မြန်မာခေါင်းဆောင် များနှင့် လာရောက်တွေ့ဆုံကာ အမေရိကန် အနေဖြင့် မြန်မာ့ ဒီမိုကရေစီ အရေး တိုးတက်မှှု အခြေအနေ အပေါ် မူတည်၍ သင့်လျော်သလို တုံ့ပြန်ဆောင်ရွက်မည်ဟု ပြောခဲ့သည်။ ထို့ပြင် အမေရိကန် အနေဖြင့် လွန်ခဲ့သည့် လအနည်းငယ် အတွင်း မြန်မာ့နိုင်ငံရေး တိုးတက်မှှုများကို အသိအမှတ်ပြုသည့် အနေဖြင့်  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခန့်ထားမည်ဟု ဆိုခဲ့သည်။

မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့အကြား တည်ရှိကာ ဗျူဟာမြောက်သည့် ဒေသ ဖြစ်သည့်အပြင် တရုတ် နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှှုနှင့် အင်အားချိန်ခွင်လျှာ ညှိရန် ရည်ရွယ်သကဲ့သို့ အကျိုးအမြတ် များမည့် စီးပွါးရေးလုပ်ငန်းများ အနေဖြင့်လည်း အနောက်နိုင်ငံများ၏ ပိုမို ရင်းနှီးမြှုပ်နှံလာမည့် အခြေအနေ ကို အသင့်ပြင် စောင့်ဆိုင်းနေကြသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

ဘန်ကောက်မြို့မှ အမည်မဖော်လိုသူ အမေရိကန် အရာရှိ တဦးက The New York Times သို့ ပြောကြား ရာတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က Petraeus အား ယခုနှစ်ထဲတွင် မြန်မာ နိုင်ငံသို့ သွားရောက်ရန် တိုက်တွန်းခဲ့သဖြင့် ယခုခရီးစဉ် ပေါ်ပေါက်လာရခြင်း ဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သည့် လများအတွင်း အမေရိကန် ထိပ်တန်းအရာရှိ အဖွဲ့ သုံးဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြ သည်။ ဒေသ တွင်း လေ့လာသူများ၏ အဆိုအရ CIA ညွှန်ကြားရေးမှူး၏ မြန်မာနို်င်ငံ ခရီးစဉ်သည် မြန်မာနိုင်ငံနှင့် အမေရိကန် အကြား စစ်ရေးနိုင်ငံရေး တိုးမြှင့်ဆက်ဆံလာမည်ကို ထင်ဟပ်နေကြောင်း ဆိုကြပြီး မြန်မာနိုင်ငံ အနေဖြင့် ၁၉၈၈ ခုနှစ် မတိုင်ခင် နှစ်များက ကဲ့သို့ အမေရိကန်နှင့် တရုတ်အကြား အင်အားချိန်ခွင်လျှာ ထိန်းညှိလိုခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။

ထို ၁၉၈၈ ခုနှစ် မတိုင်ခင် နှစ်များက မြန်မာနိုင်ငံနှင့် အမေရိကန်အကြား စစ်ရေးနှင့် ထောက်လှမ်းရေး ကော်ပိုရေးရှင်း များ ထားရှိပြီး ၁၉၈၈ ခုနှစ်တွင် ယခင်မြန်မာ စစ်အစိုးရမှ ဒီမိုကရေစီအရေး ဆန္ဒပြသူများ အား ပစ်ခတ် နှိမ်နင်းခြင်း၊ ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့သည့် အတွက် အမေရိကန် မြန်မာဆက် ဆံရေးမှာ ပြိုပျက်သွားခဲ့သည်။

Most read this week