လူထုအကျိုး နံပါတ် ၁ နေရာမှာ ရှိနေရမည့်အစား ခြိမ်းခြာက်ခံနေရတယ်

လူထုအကျိုး နံပါတ် ၁ နေရာမှာ ရှိနေရမည့်အစား ခြိမ်းခြာက်ခံနေရတယ်
by -
ဖဲမော့

ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်စပ်မှာ ဆောက်လုပ်ထားတဲ့ မိုးဗြဲရေကာတာ ဓါတ်ပုံသတင်းများ ပြင်ပမီဒီယာ တွေ ပေါ်ရောက်ရှိလာတဲ့အတွက် အာဏာပိုင်တွေက ဒေသခံတွေကို အပြစ်ဖို့ပြီး ခြိမ်းခြောက်မှု တွေလုပ်နေ တယ်လို့ သိရပါတယ်။

ဓါတ်ပုံရိုက်ခွင့် ပိတ်ပင်ခြင်းခံရတဲ့ မိုးဗြဲရေကာတာ (ဓါတ်ပုံ-ကယားလီဖု)
မိုးဗြဲရေကာတာနဲ့ ပတ်သက်တဲ့ ဓါတ်ပုံတွေကို အင်တာနက်ဝက်ဘ်ဆိုက်တွေပေါ်မှာ တင်ပြလာတဲ့အတွက် အာဏာပိုင်များ အမျက်ထွက်နေကြခြင်းဖြစ်တယ်လို့ မိုးဗြဲဒေသခံတဦးက ယခုလိုပြောပါတယ်။

“အာဏာပိုင်တွေက ရွာသားတွေကို အရမ်းဒေါသထွက်နေတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ရေကာ တာပုံတွေ ခင်ဗျားတို့ အွန်လိုင်ဝက်ဘ်ဆိုက်မှာတင်ထားလို့... အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရွာသားတွေကို အမျိုးမျိုးငြိမ်းခြောက်နေတယ်နော်..”

ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသစ်တက်လာပြီး မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်လိုက်ပြီးတဲ့နောက် များမကြာခင်မှာဘဲ ကရင်နီပြည်နဲ့ရှမ်းနယ်စပ်ကြားက မိုးဗြဲရေကာတာကို ဓါတ်ပုံမှတ်တမ်းများမရိုက်ဖို့ အာဏာပိုင်တွေက တင်းကြပ်တဲ့စည်းကမ်းတွေ ချမှတ်လာပါတယ်။

“ကျနော်ထင်တာက ဓါတ်ပုံတွေ ကို သူများသွားခိုးရိုက်ကြတယ်ပေါ့ ဒီအကြောင်းကို အခြားသူတွေလည်း သိသင့်တယ်လို့ ထင်တဲ့လူတွေက သွားယူကြတယ်ပေါ့ အဲဒါကြောင့်ဓါတ်ပုံတွေက အဲဒီကနေထွက်လာ တာလို့ ထင်ပါတယ်”

ကရင်နီ ဖွ့ံဖြိုးတိုးတက်ရေး သုတေတနဖွဲ့ KDRG မှ တာဝန်ခံ ဆရာတော်ရယ်က ပြောပြတာပါ။

လက်ရှိမြန်မာနိုင်ငံမှာ တည်ဆောက်မည့် ဆည်အများအပြားရှိနေသေးတဲ့အတွက် ဆည်တည်ဆောက် မှုများကြောင့် ဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေကို သတင်းမီဒီယာများမှတဆင့် ပြည်သူများသိရှိသွားမည်ကို စိုးရိမ်တဲ့အတွက် သတင်းဓါတ်ပုံများအား အပြင်မထွက်ရန် တားမြစ်ထားခြင်းဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

“သူတို့ဟာ ကအဲဒါကြောင့်ပဲပေါ့နော တခြားဘာမှမဟုတ်ဘူး ဓါတ်ပုံရိုက်လို့ ပျက်သွားတယ်လို့မှမဟုတ် တာ၊ အကြာင်းအရာတွေကိုဖုံးထားချင်တယ်၊ အပြင်ကိုပေးမထွက်ချင်လို့ သူတို့ ..ပြဿနာရှိရင် …ပြဿနာ တခုခုရှိရင်..သူတို့ဖုံးထားတယ် အဲလိုပေါ့”

မိုးဗြဲဆည်ရေတည်ဆောက်ပြီးစီးတဲ့ အချိန်မှစပြီး ဒေသခံပြည်သူများမှာ ရေကာတာ ဆိုးကျိုးများဖြစ်တဲ့ နေအိမ်စွန့်ခွာပြေးရခြင်း၊ လယ်ယာမြေဆုံးရှုံးမှုအပြင် ဓါတ်အားပေးစက်ရုံများ လုံခြံုရေးအတွက် ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေကြောင့် ဒေသခံများ အသေအပျောက်များစွာ ရှိခဲ့တယ်လို့ဆိုပါတယ်။ ရေကာတာရဲ့အကျိုးအမြတ်ကို မြို့နေလူထုများကသာ ခံစားကြရပြီး ရေကာတာ ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာ၂၀ ခန့်မှာတော့ ယနေ့ထက်ထိ မီးမရနိုင်သေးဘဲ ရှိနေပါတယ်။

မိုးဗြဲရေကာတာကရေတွေဟာ လွိုင်ကော်မြို့နယ်အတွင်းမှာရှိတဲ့ လောပိတ ရေအားလျှပ်စစ်စက်ရုံ အမှတ် ၁ နဲ့ ၂ ဆီကို လျှပ်စစ်ဓါတ်အားတွေ ထုတ်လုပ်နိုင်ဖို့ စီးဆင်းသွားပါတယ်။ လောပိတရေးအားလျှပ်စစ်စက်ရုံ အနီးအနားတဝိုက်ရှိ ကျေးရွာတို့ဟာ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားပြီး လျပ်စစ်စက်ရုံလုံခြံုရေးအတွက် အကြောင်းပြပြီး အနီးအနားမှာ မြေမြုပ်မိုင်းတွေ ထောင်ထားပါတယ်။

ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေ ပြန်လည်တူးဖေါ်ပေးဖို့ ၁၉၉၅ ခုနှစ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ-ကေအဲန်ပီပီနဲ့ စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ကြစဉ် နှစ်ဦးနှစ်ဘက်သဘောတူညီမှု တွေရခဲ့ပေမယ့် ဆွေးနွေးပြီး ၃ လအကြာမှာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု ပျက်ပြယ်ခဲ့တဲ့အတွက် မြေမြုပ်မိုင်းကိစ္စဟာလည်း ယနေ့အစိုးရလက်ထက်အထိ မြေအောက်မှာရှိနေပါတယ်။

ယခုအစိုးရသစ်လက်ထက်မှာ ကေအဲန်ပီပီနဲ့အစိုးရတို့အကြား အပစ်ခတ်ရပ်စဲရေးအတွက် နိုင်ငံရေးဆွေးနွေးမှုတွေ ပြန်လည်ကြိုးပမ်းနေကြပေမယ့် ရေအားလျှပ်စစ်စက်ရုံ လုံခြံုရေးအတွက် မြုပ်ထားတဲ့မြေမြုပ်မိုင်းကိစ္စတွေ ပါလာမလား၊ မပါဘူးလားဆိုတာတော့ အတိအကျမသိရှိရသေးပါဘူး။

မိုးဗြဲရေကာတာကို ဂျပန်အစိုးရတည်ဆောက်စဉ် ၁၉၆၂ ခုနှစ်လောက်ခန့်က “ကရင်နီပြည်တခုလုံး မီးထိန်ထိန်လင်းစေရမည်” လို့ ကတိပြုထားတဲ့အပြင် ရေကာတာအတွင်းသိုလောက်ထားတဲ့ ဆည်ရေများကိုလည်း ဒေသခံများစိုက်ပျိုးရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရမယ်လို့လည်း ဆိုထားကြောင်းသိရပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ ဒေသခံတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဆည်တွင်းမှရေများကို ကိုယ်ပိုင်ရေစုပ်စက်ဖြင့် စုပ်တင်အသုံးပြုတာတောင်မှ အာဏာပိုင်တွေကရံဖန်ရံခါ ပိတ်ပင်တားမြစ်မှုများ ပြုလုပ်နေတယ်လို့ ဆရာတော်ရယ်က ခုလိုပြောပါတယ်

“နွေရာသီရောက်ရင် အောက်ကရွာသူရွာသားတွေက သူတို့လယ်ထဲကို ရေစုပ်စက်နဲ့ရေတင်ပြီးသွင်းတာ တောင်မှ တခါတလေ ခွင့်မပြုတာမျိုးရှိတယ်” လို့ သူကပြောပါတယ်။

ရေကာတာစီမံကိန်းများကြောင့် အထိခိုက်နစ်နာဆုံးသူများမှာ အနီးနားမှာနေထိုင်တဲ့ ဒေသခံပြည်သူများ သာဖြစ်နေပြီး အမှန်တော့ ရေကာတာကနေရလာတဲ့ အကျိုးအမြတ်ကို နံပါတ် ၁ ခံစားခွင့်ရရှိသင့်တဲ့သူ တွေက ရေကာတာအနီးအနားက ဒေသခံတွေဖြစ်သင့်တယ်လို့ ဆရာတော်ရယ်က ပြောပါတယ်…..