စစ်တွေတက္ကသိုလ်တွင် ဆံပင်နီ ဆိုးက ဒဏ်ငွေရိုက်မည်

စစ်တွေတက္ကသိုလ်တွင် ဆံပင်နီ ဆိုးက ဒဏ်ငွေရိုက်မည်
by -
နိရဥ္စရာ

စစ်တွေ တက္ကသိုလ်တွင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ဆံပင်နီဆိုးပြီး ကျောင်းတက်ခွင့်ကို ပိတ်ပင်လိုက်ပြီ ဆံပင်နီဆိုး၍ ကျောင်းလာပါက ဒဏ်ငွေရိုက်မည် ဖြစ်ကြောင်း ကျောင်းအုပ်ကြီးက အမိန့်ထုတ်ထားသည်ဟု သတင်း ရရှိသည်။

formrar-Sittwe-university
" ဟုတ်ပါတယ်။ ကျောင်းသူ ကျောင်သားတွေကိုရော၊ ဆရာ ဆရာမတွေကိုပါ ဆံပင်နီ ဆိုးပြီး ကျောင်းမလာ ရဘူးလို့ ကျောင်းအုပ်ကြီး အမိန့်ထုတ်ထားပါတယ်။ ဆံပင်နီဆိုးပြီး ကျောင်းလာတာကို တွေ့ရင် ဒဏ်ငွေ ၁၅၀၀ ရိုက်မယ်လို့ ပြောထားပါတယ်" ဟု တတိယ နှစ် မြန်မာစာ ကျောင်းသူ တစ််ဦးက ပြောသည်။

စစ်တွေ တက္ကသိုလ်တွင် ကျောင်းသူ ကျောင်းသားများသာမက ဆရာ ဆရာမများပါ ဆံပင်နီ ဆိုးပြီး ကျောင်းတက်ကြသဖြင့် ကျောင်းအုပ် ဆရာကြီးက ယခုလို အမိန့်ထုတ်လိုက်ခြင်း ဖြစ်ကြောင်း အမည် မဖေါ်လိုသူ ဆရာ တစ်ဦးက ပြောသည်။

ဆံပင်နီ ဆိုးခြင်းကြောင့် စစ်တွေ တက္ကသိုလ်အတွက် တစ်စုံတစ်ရာ ထိခိုက်မူ ရှိပါသလားဟု မေးမြန်းရာက အဆိုပါ ဆရာက ယခုလို ပြောသည်။

" ဆံပင်နီ ဆိုးတာဟာ ကျွန်တော်တို့ရဲ့ လူမျိုးရဲ့ ယဉ်ကျေးမူကို အနည်းနဲ့ အများဆိုသလို ထိခိုက်တယ်လို့ ပြောနိုင်ပါတယ်။ ဆံပင်နီဆိုးပြီး ကျောင်းလာတဲ့ အတွက် သရုပ်ပျက် ယဉ်ကျေးမူတွေ ခေတ်စားလာတာကို တွေ့လာရတယ်။ ဒါတွေကို ထိန်းသိမ်းဖို့လိုပါတယ်။ အနောက်တိုင်း ယဉ်ကျေးမူကို အတုယူကြတဲ့ နေရာမှာ ကောင်းတာကို မယူဘဲ မကောင်းတာကို ယူနေကြတဲ့ အတွက် ကျောင်းမှာ သရုပ်ပျက် ၀တ်စား ဆင်ယင်မူတွေ တိုးများလာတာကို တွေ့ရတယ်။ ဒါကြောင့် ခုလို ကျောင်းအုပ်ကြီးက အမိန့်ထုတ်လိုက်တာ ဖြစ်ပါတယ် " ဟု ပြောသည်။

ယခုကဲ့သို့ ဆံပင်နီ မဆိုးရ အမိန့်ကို လွန်ခဲ့သော တပတ်ကျော်က စပြီး ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်ထွန်းက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်ဟု သိရသည်။ ၎င်းပြင် စစ်တွေ တက္ကသိုလ် ကျောင်းဝင်းအတွင်း စက်ဘီးနှင့် ဆိုင်ကယ် စီးခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း သိရသည်။

တစ်ခြားတစ်ဘက်တွင်လည်း စစ်တွေ တက္ကသိုလ် ကျောင်းသား ကျောင်းသူများက ရခိုင်ရိုးရာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သည့် အနေဖြင့် ဗုဒ္ဓဟူးနေ့တိုင်းတွင် ကျောင်းသားများကို ရခိုင်ရိုးရာ ပန်းဖေါ် လုံချည်၊ အမျိုးသမီးများကို ပန်းဖေါ် ထဘီနှင့် တီရှှပ် အကျီ အဖြူများကို ၀တ်ဆင်ပြီး ကျောင်းတက်ရန် ဆော်သြထားပြီး ယခုအခါ ကျောင်းသား ကျောင်းသူများမှာ ရခိုင်ရိုးရာ အဝတ်အစားများ ၀တ်ဆင်ပြီး ဗုဒ္ဓဟူးနေ့တိုင်း ကျောင်းတက် နေကြသည်ဟု သိရသည်။

Most read this week