ပြည်ထောင်စုနေ့တွင် ပင်လုံကျောက်တိုင်ကို ရှမ်းပြည်သားတို့ အလေးပြုမည်

ပြည်ထောင်စုနေ့တွင် ပင်လုံကျောက်တိုင်ကို ရှမ်းပြည်သားတို့ အလေးပြုမည်
by -
ကျော်ခ

၆၅ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့ရှိ ‘ပြည်မတောင်တန်း ပူးပေါင်း ရေးစာချုပ် ကျောက်တိုင်’ အား ဒေသခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်များက ဦးဆောင်ကာ သွားရောက် အလေးပြုကြမည် ဖြစ်ကြောင်း သိရသည်။

နှစ်ပေါင်း ၂၃ နှစ်တိုင် အလေးပြုခွင့်မရခဲ့သော အဆိုပါ ကျောက်တိုင်ကို ပင်လုံ၊ လဲချား၊ လွိုင်လင်၊ နမ့်စန်မြို့များရှိ NLD အဖွဲ့ဝင်များက ဦးဆောင်ကာ ဒေသခံများနှင့်အတူ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် သွားရောက် အလေးပြုခြင်း ပြုလုပ်ကြ မှာ ဖြစ်သည်။

၈၈ ဒီမိုကရေစီ အရေးအခင်းနောက် ၁၉၈၉ နှစ်တွင်သာ နောက်ဆုံး အလေးပြုခွင့်ရခဲ့ကြောင်း ဒေသခံ NLD အဖွဲ့များ ပြောဆိုချက်အရ သိရသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပြည် ထောင်စုအခြေခံ ပင်လုံ စာချုပ်ချုုပ်ဆိုခဲ့ပြီး ပင်လုံ ကျောက်တိုင် စိုက်ထူခဲ့ပုံကို မျိုးဆက်သစ်တို့ သိရှိရန် ရည်ရွယ်ကြောင်း တောင်ကြီးမြို့နယ် NLD အထွေထွေ အတွင်းရေးမှူး ဒေါ်ခင်မိုးမိုး က ပြောသည်။
၆၅ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပင်လုံမြို့ရှိ ‘ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်’ အား ဒေသခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်များက ဦးဆောင်ကာ သွားရောက် အလေးပြုကြမည် (ဓါတ်ပုံ မဇ္စျိမ)“ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြန်ထွက်လာပြီးကတည်းက ၂၁ ရာစု ပင်လုံကို ဦးတည်ထားတယ်လေး။ အရင်က ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီးတော့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး လုပ်ခဲ့တာတွေ။ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ တာ၊ ပင်လုံကျောက်တိုင် စိုက်ထူခဲ့တာတွေကို မျိုးဆက်သစ် လူငယ်တွေ သမိုင်းကိုမမေ့စေဖို့အတွက် ရည်ရွယ်ပြီး လုပ်ကြမှာပါပဲ” ဟု ဒေါ်ခင်မိုးမိုး က မဇ္စျိမကိုပြောသည်။

ထိုသို့ သွားရောက်အလေးပြုရန်အတွက် ဖေဖေါ်ဝါရီ ရ ရက် ရှမ်းပြည်နယ်နေ့တွင် NLD အဖွဲ့ဝင်များ စုပေါင်း တွေ့ဆုံဆွေးနွေးပြီး ဒေသခံ အစိုးရအာဏာပိုင်များထံ ခွင့်ပြုချက် တောင်းခံသွားမည် ဖြစ်သည်။

ထို့အတူ ဒေသတွင်းပါတီများဖြစ်ကြသည့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီနှင့် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ တို့လည်း သွားရောက် အလေးပြုရန်ရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကမူ ဆုံးဖြတ်ထားခြင်းမပြုရသေးကြောင်း စုံစမ်းသိရှိရသည်။

“ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်” ကို ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့က လွိုင်လင်နှင့် နမ့်စန် NLD အဖွဲ့ဝင်များက ဦးဆောင်ကာ လူဦးရေ ၅ဝ ကျော်ဖြင့် သွားရောက် အလေးပြုခဲ့ကြပြီး အာဏာပိုင်များက တားဆီးနှောက်ယှက်ခြင်းများ မရှိခဲ့ဟု လွိုင်လင် NLD အဖွဲ့ဝင် ဒေါ်မီးမီး က ပြောသည်။

“၈၉ နောက်ပိုင်းမှာ ကျောက်တိုင်ကို သွားအလေးပြုရင် အာဏာပိုင်တွေက လိုက်စောင့်ကြည့်တာ၊ နှောင့်ယှက် တာတွေ၊ တားမြစ် မှုတွေ ရှိတော့ နောက်ပိုင်း ဘယ်သူမှ မသွားရဲတဲ့အနေအထား ဖြစ်သွားတာပေါ့။ လွတ်လပ်ရေးနေ့က သွားတော့ ဘာအနှောက်ယှက် အတားဆီးမှ မရှိတော့ဘူး” ဟု ဒေါ်မီးမီး က မဇ္စျိမကိုပြောသည်။

ပင်လုံစာချုပ်သည် ဖဆပလ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များ လွတ်လပ်ရေး ကို တောင်းတန်း/ ပြည်မ မခွဲခြားဘဲ အတူရယူရန် ၁၉၄၇ ခုနှစ်တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ချုပ်ဆိုခဲ့ကြပြီး အထိမ်းအမှတ် အဖြစ် “ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်” ကို စိုက်ထူခဲ့ခြင်းဖြစ်သည်။

“ပြည်ထောင်စု ပေါ်ပေါက်လာတာ ပင်လုံစာချုပ်က အဓိကပဲ ပင်လုံ စာချုပ်ချုပ်ဆိုလို့ပဲ ပြည်ထောင်စုကြီး ဖြစ်လာတာ ဖြစ်တယ်။ ကချင်ပြည်ထောင်၊ ရှမ်းပြည်ထောင် စသဖြင့် အဲလိုပြည်ထောင်တွေကို စုထားတော့ ပြည်ထောင်စုလို့ခေါ်တာပေါ့။ ဒါကြောင့် ပြည်ထောင်စုနေ့က မြန်မာတနိုင်ငံလုံးအတွက် အရေးပါတယ်” KIO ကချင်လွတ်မြောက်ရေး တပ်မတော်မှ အမြဲတမ်း ဗဟို ကော်မတီဝင် လမာဂွမ်ဖန်း က ပြောသည်။

ပင်လုံစာချုပ်တွင် "တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိကြောင်း မူအားဖြင့် လက်ခံသည်" "တောင်တန်းဒေသရှိ ပြည်သူတို့သည်  ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံများ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်" ဟု စာချုပ်၌ ပါရှိသည်။

“ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးဆိုတဲ့ အဓိက စကားရပ်ကို လက်တွေ့ အကောင်အထည် ဖေါ်နိုင်အောင်ဆိုလို့ရှိရင် ကျနော်တို့ အချင်းချင်းကြားမှာ စေ့စပ်ဆွေးနွေးရေးတွေ အများကြီး ကြိုးပမ်းသွားရမှာ ဖြစ်တယ်။ အဲလိုလုပ်နိုင်မှ သာယာဝပြောတဲ့ တကယ်စစ်မှန်တဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာမယ် လို့မျှော်လင့်ပါတယ်” ဟု လမာဂွမ်ဖန်း က ပြောသည်။

၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဇိုမီးအမျိုးသားကွန်ကရက် က အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်  'ဒုတိယပင်လုံညီလာခံ' ခေါ်ယူရေး အဆိုပြုခဲ့ပြီး နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ၎င်းအဆိုကို အကောင်အထည်ဖော်ရန် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ထံ လွှဲပြောင်းတာဝန်ပေးခဲ့သည်။

Most read this week