RNDP မြို့နယ်ရုံး တောင်ကုတ်တွင် ဖွင့်လှစ်

RNDP မြို့နယ်ရုံး တောင်ကုတ်တွင် ဖွင့်လှစ်
by -
နိရဥ္စရာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ မြို့နယ် ရုံးခွဲ တစ်ခုကို ဇန္နဝါရီီလ ၂၉ ရက်နေ့က တောင်ကုတ် တွင် ဖွင့်လှစ်ခဲ့သည်ဟု သတင်း ရရှိသည်။

RNDP-Taungupတောင်ကုတ်မြို့သည် ၂၀၁၀ ခုနှစ်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီီ ၀င်ရောက် မယှဉ်ပြိုင်နိုင်ခဲ့သော ရခိုင်ပြည်နယ် မြို့နယ် (၅)မြို့နယ်ထဲမှ တစ်မြို့ ဖြစ်သည်။

တောင်ကုတ်တွင် ရုံးဖွင့်ပွဲကို ဒေသခံအများအပြား တက်ရောက်ခဲ့သည်ဟု သိရသည်။

" စစ်တွေ ဗဟိုရုံးက ဦးခိုင်ပြည်စိုးတို့ သွားပြီး ဇန္နဝါရီလ ၂၉ ရက်နေ့က တောင်ကုတ်မှာ ဖွင့်လှစ်နိုင် ခဲ့ပါတယ်။ တောင်ကုတ် ရုံးဖွင့်ပွဲကို ဒေသခံ လူပေါင်း ၃၀၀ နီးပါးတက်ရောက်ခဲ့ပါတယ်။ လူထုထောက် ခံမှုကိုလည်း ရခဲ့ပါတယ်" ဟု စစ်တွေ ဗဟိုရုံး ရုံးအဖွဲ့ဝင်တဦးက ပြောသည်။

ရုံး၏ တည်နေရာမှာ တောင်ကုတ်မြို့ ဂူတာရပ်ကွက် အဓိပတိလမ်းတွင် ဖြစ်သည်။ တောင်ကုတ်မြို့နယ် စည်းရုံးရေး ကော်မီတီ တစ်ရပ်ကိုလည်း ဦးမြင့်ဆွေမောင် ဦးဆောင်သော ကော်မီတီဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။

တောင်ကုတ်မြို့သည် ရခိုင်ပြည်နယ်တွင် နိုင်ငံရေး အတက်အကြွဆုံး မြို့တမြို့ ဖြစ်သော်လည်း ၂၀၁၀ ရွေး ကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားပါတီများ ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသောကြောင့် ကြံ့ခိုင်ရေးပါတီနှင့် တခြားပါတီများကိုသာ ဆန္ဒမဲ ပေးခဲ့ကြသည်။

" ကျွန်တော်တို့ တောင်ကုတ်မှာ ၁၉၉၀ ခုနှစ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင် ရရှိ ခဲ့ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ရေးပါတီက အနိုင် ရရှိခဲ့ပါတယ်။ ခုလို ရခိုင်ကို ကိုယ်စားပြုတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ကျွန် တော်တို့ တောင်ကုတ်မှာ ရုံးဖွင့်ပြီး မဲဆွယ်စည်းရုံး မယ်ဆိုရင် လာမယ့် ရွှေးကောက်ပွဲမှာ ကိုယ့်အမျိုးသားပါတီကိုပဲ မဲထည့် ကြမှာပါ" ဟု တောင်ကုတ် လူငယ်တဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ရုံးမဖွင့်လှစ်နိုင်ဘဲ ကျန်ရှိနေသော မြို့နယ် (၄) မြို့နယ် ရှိရာ ယခုအခါ အဆိုပါ မြို့နယ်များတွင် ရုံးဖွင့်လှစ်နိုင်ရေး အတွက် ပါတီခေါင်းဆောင်များက ကြိုးစားနေကြသည်ဟု စစ်တွေ ဗဟိုရုံး ရုံးအဖွဲ့ဝင်က နိရဥ္စရာသို့ ဆက်ပြောသည်။

" ရခိုင်ပြည်က အမ်း၊ သံတွဲ၊ ဂွနဲ့ မာန်အောင်မြို့ နယ်တွေမှာ ရုံးတွေ တိုးချဲ့ဖွင့်လှစ်နိုင်ရေး အတွက် ရန်ကုန် ဗဟိုအဖွဲ့က အထွေထွေ အတွင်းရေးမှူး ဦးလှစော၊ အတွင်းရေးမှူး ဦးသာထွန်းလှ၊ ကျွန် တော်တို့ စစ်တွေ ဗဟိုရုံးက ဒုဥက္ကဌ ဦးတင်ဝင်းတို့ အဲဒီမြို့နယ်တွေကို သွာပြီး စည်းရုံးရေး ဆင်း နေကြပါတယ်။ များမကြာမှီ အဲဒီ ဒေသတွေမှာလည်း မြို့နယ်ရုံးတွေ ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်" ဟု ပြောသည်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရုံးများဖွင့်လှစ်ထားနိုင်ခြင်း မရှိခဲ့သော တောင်ကုတ်၊ အမ်း၊ သံတွဲ၊ ဂွနဲ့ မာန်အောင်မြို့ နယ်များတွင် ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲအတွင်းက ကြံ့ခိုင်ရေး ပါတီမှာ ပြိုင်ဘက် မရှိဘဲ အနိုင်ရရှိခဲ့သည်။ ယခုအခါ အဆိုပါ မြို့နယ်များတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရုံးများ ဖွင့်လှစ်ပြီး စည်းရုံးရေး တိုးချဲ့ လာသည်သာမက အမျိုးသား ဒီမိုကရေစီ အဖွဲ့ကလည်း ပါတီ မှတ်ပုံတင်ပြီး တရားဝင် နိုင်ငံရေး ပါတီ တစ်ရပ် အဖြစ် ရပ်တည် လာပြီ ဖြစ်သဖြင့် လာမည့် ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် အနိုင်ရရှိရေးမှာ အထူး ခက်ခဲ လာနိုင်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ နေရာ ၄၄ နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်ရာ ၃၅ နေရာ အနိုင်ရရှိခဲ့သည်။

Most read this week