ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းရှိ ပင်ငိုရွာနှင့် ဟိုပုန်းရွာများရှိ တောင်သူ လယ်သမားများ၏ စိုက်ပျိုးမြေဧက ရ၀၀ ကျော်အတွင်း အာဏာပိုင်တို့က အလံစိုက်ထူခြင်း၊ တပ်မြေ အမှတ်အသား ပါ ကျောက်တိုင်များ စိုက်ထူခြင်းတို့ကြောင့် လယ်မြေသိမ်းယူမည်ကို ဒေသခံလယ်သမားတို့ စိုးရိမ်နေကြသည်။
ဇန်နဝါရီလ ၆ ရက်နေ့နံနက်က ပင်ငိုရွာရှိ စိုက်ပျိုးမြေ ဧက ၆ဝဝ ခန့်အတွင်း "တပ်မြေ" အမှတ်အသား ပါရှိသည့် ကျောက်တိုင်များကို ဒေသခံလယ်သမားများ သတိပြုမိရာမှ ယင်းတို့၏ လယ်မြေများကို စစ်တပ်မှ သိမ်းယူမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
ဒေသခံ လယ်သမားများကို ကူညီပေးနေသည့် တောင်ကြီးမြို့ခံ ခွန်ခမ်းကောင်က အဆိုပါ ကျောက်တိုင် အမှတ်အသားများ စိုက်ထူမှုနှင့် ပတ်သက်၍ "သူတို့ကိုယ်တိုင်မြင်တာတော့ စစ်ဝတ်စုံနဲ့ ဆိုတာပဲသိတယ်။ ဘယ်စစ်တပ်လဲ၊ ဘာလုပ်ဖို့လဲဆိုတာလည်း မသိဘူး။ ကျနော်တို့ ရွာသူရွာသားတွေကလည်း မေးမြန်း ရကောင်းမှန်း မသိဘူး။ စစ်သားလို့ပဲ ပြောလို့ရတယ်" ဟု ဒေသခံများ၏ အပြောကို မဇ္ဈိမအား ပြန်လည်ပြောပြသည်။
တောင်သူ လယ်သမားများ၏ စိုက်ပျိုးမြေဧက ရ၀၀ ကျော်အတွင်း အာဏာပိုင်တို့က အလံစိုက်ထူခြင်း၊ တပ်မြေ အမှတ်အသားပါ ကျောက်တိုင်များ စိုက်ထူခြင်းတို့ကြောင့် လယ်မြေသိမ်းယူမည်ကို ဒေသခံလယ် သမားတို့ စိုးရိမ်နေ (Photo:: Citizen Journalist)
ထို့အပြင် တောင်ကြီးမြို့နယ် နောင်လေ ကျေးရွာအုပ်စု၊ ထီဝေါ်ရွာ၊ ကန်လောင်းရွာနှင့် ထီတယမ်ရွာသား များပိုင် လယ်မြေ ဧက ၁၇ဝ အတွင်းတွင်လည်း ရဲသင်တန်းကျောင်း ဖွင့်လှစ်ရန် နေပြည်တော် ရဲအရာရှိများ လာရောက်ကာ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက အလံနီများ စိုက်ထူသွားခြင်းကြောင့် လယ်မြေ သိမ်းယူခံရမည်ကို ဒေသခံများက ပူပန်နေသည်ဟုလည်း ခွန်ခမ်းကောင်က မဇ္ဈိမကို ဆက်ပြောသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ပိုင်ရှင်ဒေသခံ လယ်သမား ၁၂ဝ ကျော်က နေပြည်တော် သမ္မတရုံး၊ လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရတို့ထံ တနင်္လာနေ့က အသနားခံစာတစောင် လက်မှတ်ရေးထိုး တင်ပြတောင်းဆိုထားသည်။
ထိုစာတွင် "ကျနော်၊ ကျမတို့၏ အသက်သွေးကြောလို အရေးပါသော ဤလယ်ယာမြေများကို မဆုံးရှုံး အောင် အကာအကွယ်ပေးပါရန် မေတ္တာရပ်ခံ တောင်းခံအပ်ပါသည်" ဟု ဖေါ်ပြပါရှိသည်။ အဆိုပါ လယ်ယာမြေများတွင် ဂျုံ၊ ကြက်သွန်ဖြူ၊ ပဲစင်းငုံ၊ စတော်ဘယ်ရီခင်းများကို ဒေသခံ လယ်ယာသမားများက စိုက်ပျိုးအသက်မွေးနေကြသည်။
၂ဝဝ၇ ခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေခရိုင် ခေါင်တိုင်ရွာတွင် ဟူပင်ဟိုတယ်မှ ဒေသခံ လယ်သမားများပိုင် ကိုင်းခြံမြေ ၁၈ ဧက ခန့်ကို သိမ်းယူခဲ့သောဖြစ်ရပ် ရှိခဲ့သေးသည်။
တောင်သူ လယ်သမားများ၏ စိုက်ပျိုးမြေဧက ရ၀၀ ကျော်အတွင်း အာဏာပိုင်တို့က အလံစိုက်ထူခြင်း၊ တပ်မြေ အမှတ်အသားပါ ကျောက်တိုင်များ စိုက်ထူခြင်းတို့ကြောင့် လယ်မြေသိမ်းယူမည်ကို ဒေသခံလယ်သမားတို့ စိုးရိမ်နေ (Photo:: Citizen Journalist)
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ လယ်သမားများက ပြည်နယ် ဝန်ကြီးချုပ်၊ အင်း တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) တို့ထံ အသနားခံစာများ တင်ပြခဲ့သော်လည်း တုံ့ပြန်မှု တစုံတရာမရှိ သေးဘဲ လယ်သမားများ ယခုအချိန်ထိ သူတို့၏ လယ်ယာမြေများကို ပြန်လည်လုပ်ပိုင်ခွင့် မရရှိသေးဟု ထိုဖြစ်စဉ်ကို ကူညီပေးခဲ့သည့် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်နေ ရှေ့နေ ဒေါ်ခင်မိုးမိုးက မဇ္ဈိမကို ပြောသည်။
လယ်ယာမြေ သိမ်းယူမှုများနှင့် ပတ်သက်၍ ၂ဝ၁ဝ ခုနှစ် မတ်လ ၉ ရက်နေ့တွင်ကျင်းပသည့် အမျိုးသား လွှတ်တော် အတွင်း ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်မှ ဦးအောင်ဇင်က "တောင်သူများ၏ လယ်ယာမြေများ ကို လျော်ကြေးငွေဖြင့် သိမ်းယူခြင်း၊ စက်ရုံ တည်ဆောက်ရန် သိမ်းယူခြင်း၊ လယ်ယာစီမံကိန်းကြီးများ အကောင်အထည် ဖော်ရန်နှင့် လယ်ယာစီးပွားဘက်စုံသီးနှံ နှစ်ရှည်ပင်စီမံကိန်းများ အကောင်အထည် ဖော်ရန် သိမ်းယူခြင်းစသည်တို့ကြောင့် တောင်သူလယ်သမားများ လယ်မဲ့ယာမဲ့ဘဝ ရောက်ခဲ့ကြသည်ကို တွေ့ရှိနေရပြီး ထိုဖြစ်စဉ်များကို ဖြေရှင်းပေးရန် အစီအစဉ်ရှိမရှိ" မေးမြန်းခဲ့သေးသည်။
ယင်းမေးခွန်းကို ထိုစဉ်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဌေးဦး က "တောင်သူများ လုပ်ကိုင်နေသော လယ်မြေများကို သာမန်အားဖြင့် သိမ်းယူမှုများ မရှိပါ။ သို့သော် နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ရသော လုပ်ငန်းများ၊ စီမံကိန်းများ ပေါ်ပေါက်လာပါက အနည်းဆုံး လိုအပ်သော မြေဧရိယာ ကိုသာ ရယူစေသည်" ဟု ပြန်လည် ဖြေကြားခဲ့ဖူးသည်။