KIA မိုင်းပေါက်ကွဲမှုတွင် မြန်မာစစ်သား တဦး သေဆုံး

KIA မိုင်းပေါက်ကွဲမှုတွင် မြန်မာစစ်သား တဦး သေဆုံး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မန်မော်(ဗန်းမော်)ခရိုင် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ကိုင်ထိပ်-မန်ဂျယ်(မန်စီ) ကားလမ်း၌ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ထောင်ထားသည့် လမ်းဘေးမိုင်းပေါက်ကွဲမှုတခုတွင် မြန်မာအစိုးရ စစ်သားတဦးသေဆုံးကြောင်း ဒေသခံများပြောသည်။

သေဆုံးသူ စစ်သားသည် ယခုချိန် မန်ဂျယ်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကြောင်းမှဖြစ်ပြီး မည်သည့်တပ်ရင်းမှဖြစ်သည်ကို မသိရသေးပါ။

ပြီးခဲ့သည့်အပတ်မှ အင်အား ၂၀၀ ခန့် မြန်မာစစ်ကြောင်း နှစ်ကြောင်းသည် မန်ဂျယ်မြို့နယ်တွင် စစ်ရေးလှုပ်ရှားလာသည်ဟု ရှေ့တန်း KIA အရာရှိိများက ကချင်သတင်းဌာနသ်ုိ့ ပြောသည်။

ကချင်ပြည်နယ်တောင်ပိုင်းရှိ မန်ဂျယ်မြို့နယ်သည် KIA တပ်မဟာ ၃ အောက် တပ်ရင်း ၁၊ ၁၂နှင့် ၂၇ တို့ ပူးတွဲထိန်းချုပ်ရာ နယ်မြေဖြစ်သည်။ သို့သော် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ကုန်ပိုင်းက အစိုးရတပ်၏ ထိုးစစ်ကြီးကြောင့် တပ်ရင်း ၁၂ နှင့် ၂၇ အခြေစိုက်စခန်းနှစ်ခုကို KIA မှ ဆုတ်ခွာပေးခဲ့ရပြီဖြစ်သည်။

ဇန်နဝါရီလက အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်များကြား တွေ့ဆုံဆွေးနွေး ပြီးနောက် နှစ်ဖက်တိုက်ပွဲများ မဖြစ်အောင် ထိန်းထားဆဲအနေအထားဖြစ်သည်။ သို့သော် မြန်မာ့တပ်မတော်က ရှမ်းပြည်မြောက်ပိုင်း KIA တပ်ရင်း ၈ ထိန်းချုပ်ဒေသတွင် စစ်အင်အား ရာချီနှင့် ကြီးမားသည့် ထိုးစစ် ဆင်နေပါသည်။ ယင်းဒေသမှဖြတ်ပြီး အစိုးရ၏ နိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်မှ ရေနံနှင့် သဘာဝဓါတ်ငွေ့များ တရုတ်ပြည်သို့ ပိုက်လိုင်း (၂)ခုဖြင့် သွယ်တန်းပေးမည်ဖြစ်သည်။

KIO သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်ဆိုင်းခြင်းမရှိဘဲ ကျန်နေသော အကြီးမားဆုံး တိုင်းရင်းသား နက်လက်ကိုင်အဖွဲ့ ဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် မွန်ပြည်သစ်ပါတီ ကလည်း ယခုချိန်ထိ အစိုးရနှင့် အပစ်အခတ်ရပ်ဆိုင်းခြင်း မရှိပါ။

မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာ က "ကချင်ပြည်နယ်မှာ သူတို့(မြန်မာအစိုးရ) ထိုးစစ် မရပ်ဘူးဆိုရင် မိမိတို့ အပစ်အခတ်ရပ်ဆိုင်းဖို့ အစီအစဉ်မရှိဘူး။” ဟု ထိုင်းအခြေစိုက် ဧရာဝတီမဂ္ဂဇင်းသို့ ဇန်နဝါရီ ၁၂ ရက်နေ့က ပြောဆိုခဲ့သည်။

Most read this week