မြန်မာအစိုးရ အဆက်ဆက်ကို နှစ်ပေါင်း ၆ဝ ကျော် ခုခံတော်လှန်နေတဲ့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်တဲ့ကရင်နီအမျိုး သား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)ဟာ အရင် စစ်အစိုးရ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေး အဖွဲ့-နဝတ)နဲ့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ဖူးပါတယ်။
ထိုအပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကို ကရင်နီပြည် လွိုင်ကော်မြို့ ခန်းမမှာ ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲသို့ ကေအဲန်ပီပီဘက်မှ ထိုအချိန်က ကေအဲန်ပီပီ ဒု-ဥက္ကဌ ထဲဘူးဖဲ ဦးဆောင်ပြီး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ စစ်အစိုးရဘက်ကတော့ ထောက်လှမ်းရေး အရာရှိ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဦးဆောင်ပြီး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
ထိုအပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှာ ကေအဲန်ပီပီမှ စစ်အစိုးရကို အချက် ၁၆ ချက် တင်ပြတောင်းဆိုခဲ့ပြီး စစ်အစိုးရကလည်း ကေအဲန်ပီပီ တင်ပြတောင်းဆိုတဲ့ အချက်တွေကို လက်ခံသဘောတူတဲ့ အတွက်အပစ် အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ထမြောက်ခဲ့ပါတယ်။
ကေအဲန်ပီပီနဲ့ စစ်အစိုးရတို့ နှစ်ဦးနှစ်ဘက် သဘောတူကြတဲ့ အချက် ၁၆ ချက်ကတော့
၁။ ကယားပြည်နယ်အတွက် တပ်ရင်းတွေ ထပ်မံ တိုးချဲ့ခြင်း မပြုလုပ်ဖို့
၂။ ကျေးရွာတွေ ပြောင်းရွှေ့ခြင်း ထပ်မံ မပြုလုပ်ဖို့
၃။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် လောပိတ ရေအားလျှပ်စစ် စက်ရုံ လုံခြံုရေးအတွက် ဒေါစဲမှ ထီးသငါး၊ ပွန်ချောင်း အနောက်ခြမ်း တလျှောက် ကျေးရွာတွေနဲ့ အနီးစပ်ဆုံး ချထားတဲ့ မိုင်းဗုံးတွေကို လူထုတွေ သွားလာလုပ်ကိုင်စားသောက်မှု ချောင်လည်စေရေးအတွက် ပြန်လည်ဖြုတ်ပေးဖို့
၄။ ဆက်လက်ထိန်းသိမ်းခြင်း ခံနေရတဲ့ ကယားပြည်နယ်မှ နိုင်ငံရေး အကျဉ်းသားအားလုံးနဲ့ နဝတရဲ့ ပုဒ်မ ၁၇/၁ အရ တောတွင်း လက်နက်ကိုင် အဖွဲ့နဲ့ ဆက်သွယ်မှုဖြင့် ဖမ်းဆီးခြင်း ခံထားရတဲ့ ကရင်နီလူထုတွေကို လွှတ်ပေးဖို့
၅။ ဖမ်ဆီးခြင်း ခံနေရတဲ့ ကရင်နီရဲဘော်တွေကို လွှတ်ပေးဖို့
၆။ ကရင်နီပြည်အတွင်း သမိုင်းဝင် အဆောက်အအုံနဲ့ တခြားမှတ်သတ်ဖွယ်ရာတွေကို ဖျက်ဆီးခြင်း၊ ရွှေ့ပြောင်းခြင်း မပြုလုပ်ဖို့
၇။ အပစ်အခတ် ရပ်စဲမယ်ဆိုရင် သူ့နေရာ ကိုယ့်နေရာ သတ်သတ်မှတ်မှတ် ရှိမှ ဖြစ်နိုင်မယ်
၈။ ပေါ်တာ ခေါ်ခြင်း၊ ပေါ်တာကြေး တောင်းခံခြင်း မပြုလုပ်ဖို့
၉။ တခြားဒေသမှ လူတွေ ခေါ်လာပြီး စခန်းသစ်တွေ၊ ကျေးရွာသစ်တွေ မတည်ဆောက်ဖို့
၁ဝ။ တပ်စခန်းတွေ၊ နေရာသစ်တွေ တိုးချဲ့ခြင်း မပြုလုပ်ဖို့
၁၁။ ကရင်နီပြည်သူတွေ လွတ်လပ်စွာ စားဝတ်နေရေး ရှာဖွေသွားလာလုပ်ကိုင်ခွင့် ပြုဖို့
၁၂။ ကေအဲန်ပီပီ အနေဖြင့် မိမိရဲ့ နိုင်ငံအတွင်းသာ ဖြစ်သဖြင့် ကရင်နီပြည်အတွင်းမှာ လွတ်လပ်စွာ သွားလာမယ်
၁၃။ နဝတ တပ်စခန်းတွေကိုသော်လည်းကောင်း၊ နဝတ တပ်တွေ ကားလမ်းပေါ် သွားလာတဲ့ အခါမှာသော်လည်းကောင်း ဝင်ရောက်တိုက်ခိုက်ခြင်းတွေ မပြုလုပ်ဘဲ ဂတိအတိုင်း ထိန်းသိမ်းမယ်
၁၄။ ကရင်နီပြည်အတွင်း တရားဥပဒေစိုးမိုးရေးနဲ့ ခိုးဆိုးတိုက်ခိုက်မှုတွေ မဖြစ်စေရေးအတွက် တာဝန်ယူမယ်
၁၅။ ကေအဲန်ပီပီ အဖွဲ့နဲ့ မိသားစုတွေအားလုံးအတွက် လိုအပ်တဲ့ စားဝတ်နေရေးကို နဝတထံမှ မယူဘဲ မိမိတို့ဖာသာ ရပ်တည်သွားမယ်
၁၆။ ဤသဘောထားတွေကို အကောင်အထည် ဖော်ရာမှာလည်း အခန်းအနား ပြုလုပ်ပြီး လက်မှတ် ရေးထိုးကြခြင်းမျိုး မဟုတ်ဘဲ လူကြီးလူကောင်း သဘောတူ လက်ခံတဲ့ ပုံစံမျိုး ပြုလုပ်ပြီး မတိုက်ခိုင်ကြဘဲ နေသွားမယ်ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပြီးနောက် အစပိုင်းမှာ နှစ်ဦးနှက်ဖက် သဘောတူကြတဲ့ ဂတိကဝတ် တွေအတိုင်း အဆင်ပြေသွားကြပါတယ်။ ဒါပေမဲ့ ၃ လ အကြာမှာ ကေအဲန်ပီပီနဲ့ စစ်အစိုးရတို့ အကြား အပစ်အခတ် ရပ်စဲရေး ပြန်လည်ပျက်ပြယ်ခဲ့ကြပါတယ်။
အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှာ သဘောတူကြတဲ့ အချက် ၁၆ ချက်အပေါ် စစ်အစိုးရက‘ကယားပြည် နယ်အတွင်း တပ်ရင်းတွေ ထပ်မံ တိုးချဲ့ခြင်း မပြုလုပ်ဖို့၊ တပ်စခန်းတွေ၊ နေရာသစ်တွေ တိုးချဲ့ခြင်း မပြုလုပ်ဖို့’ ဆိုတဲ့ အဓိက အချက်တွေကို စပြီး ချိုးဖောက်ခဲ့တာ ဖြစ်တယ်လို့ ကေအဲန်ပီပီဘက်က ပြောပါတယ်။
“ဒီအချက် ၁၆ ချက် ထဲမှာက ဒီကရင်နီပြည်မှာ တပ်ကို မတိုးချဲ့ရဘူး။ လက်ရှိ စခန်းတွေအပြင် တပ်ကို မတိုးချဲ့ရဘူး။ အဲဒီအချက်အလက်တွေ ပါတယ်။ ဆိုတော့ ၃ လပဲ ကြာတယ်နော့်။ ၃ လကြာတာလည်းပဲ ၅၃ဝ၊ ၂၅ဝ တပ်ရင်း ၄ ရင်း သူတို့ ပို့တယ်။ သူတို့ ပို့တော့ ကျနော်လည်း တောင်တောင် ကမ်းလှမ်းတယ်။ အဲဒီအချိန်က ဗျူဟာမှူးက ရဲမြင့် ဘောလခဲက။ သူနဲ့ စက်နဲ့ စကားပြောတယ်။ ကျနော် ပြောတယ်။ ခင်ဗျားတို့က သံလွင် ကူးကတည်းကတော့ ခင်ဗျားတို့ မှားပြီ။ အချက်အလက် အပေါ်မှာလေ” လို့ ကေအဲန်ပီပီမှ ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဘီထူးက ပြောပါတယ်။
စစ်အစိုးရက သူတို့ တပ်တွေကို ကေအဲန်ပီပီရဲ့ တပ်စခန်းတွေ တပ်စွဲထားတဲ့ ကရင်နီပြည် သံလွင်မြစ် အရှေ့ဘက်ခြမ်းကို ပို့တာကြောင့် ၁၉၉၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ စပြီး တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားကြတာ ဖြစ်တယ်လို့ ကေအဲန်ပီပီ အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောပါတယ်။
“သူတို့(စစ်အစိုးရ) ပြောတာက ထိုင်းက တချို့လူတွေ ပြည်တွင်းမှာ သစ်တွေ လာခိုးတယ်။ အဲဒီလူတွေကို သွားရှာပြီးမှ ဖမ်းမယ် သူတို့ ပြောပြီး သူတို့ တပ်တွေ ပို့တယ်။ တပ်တွေ ပို့ပြီးမှ သစ်လုပ်တဲ့ နေရာမှာ တကယ် သွားကြည့်တာ မဟုတ်ဘူး။ သူတို့ တပ်တွေ တက်လာတာ ကျနော်တို့ တပ်စခန်းနဲ့ နီးလာတော့ တိုက်ပွဲတွေ ပြန်ဖြစ်တာ” လို့ သူက ပြောပါတယ်။
၁၉၉၅ က ကေအဲန်ပီပီနဲ့ စစ်အစိုးရတို့ အပစ်အခတ် ရပ်စဲရေးဟာ ဘာကြောင့်ပြန်လည်ပျက်ပြယ်ခဲ့ရသလဲ ဆိုတာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှာ ကေအဲန်ပီပီဘက်မှ ပါဝင်တက်ရောက်ခဲ့သူလည်းဖြစ်၊ လက်ရှိ ကေအဲန်ပီပီ အတွင်းရေးမှူး ၁ လည်း ဖြစ်တဲ့ ခူဦးရယ်က အခုလို ပြောကြားသွားပါတယ်။
“ပြောရရင်တော့ တချို့ကလည်း အမျိုးမျိုး ထင်ကြေး ပေးပြီး ပြောကြတယ်ပေါ့နော့် ရှင်းရှင်းပြောရရင်။ ဒါပေမဲ့ ကျနော်တို့ ရိုးရိုးဆင်းဆင်းပဲ ပြောရမယ်ဆိုလို့ရှိရင်တော့ အဲဒီတုန်းက နဝတပေါ့။ ကျနော်တို့ ဒေသအတွင်းမှာ တာဝန်ယူထားတဲ့ ဒကစမှူး ဗိုလ်မှူးချုပ် မောင်ကြည်ပေါ့ အဲဒီတုန်းက။ သူ့ရဲ့ မလိမ်မာမှုလို့ ပြောလို့လည်း ရတယ်။ သူ့ရဲ့ ကလိမ်ကျမှုလို့လည်း ပြောလို့ ရပါတယ်။ သူက မကြာခင်အတွင်းမှာ ဒေသကနေ ရွှေ့ပြောင်းရမယ်ဆိုတဲ့အခါတော့ ပြည်နယ်အတွင်းမှာ အခြေခံ စီးပွားရေးနဲ့ ပတ်သက်ပြီး သူနည်းနည်း သူ့ကိုယ်ကျိုးအတွက် သူ ရယူသွားချင်တဲ့ သဘော ရှိပါတယ်။ အဲဒီအခြေခံအောက်မှာပဲ စီးပွားရေး ကိစ္စကို အကြောင်းပြပြီးတော့မှ သူ့ရဲ့ လိုလားချက်ကို သူ ဖြည့်ဆည်းဖို့ သူ ကြိုးစားတယ်လို့ ကျနော်တို့ ပြောမှာပဲ။ အဲလို ကြိုးစားနေတဲ့ နေရာမှာ မပြေလည်တဲ့အတွက်ကြောင့် သူကနေပြီး စစ်ရေးကိုပဲ အားကိုးပြီးတော့ တမင်တကာ လက်နက်ကိုင် ပဋိပက္ခ ပြန်ပေါ်အောင် သူ လုပ်တယ်လို့ပဲ ကျနော်တို့ အဲလိုပဲ ပြောရမှာပဲ ဖြစ်တယ်။ အခြေအနေလည်း အဲလိုပဲ ဖြစ်ခဲ့တယ်။”
အခု မြန်မာနိုင်ငံမှာ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး တက်လာတဲ့ အစိုးရသစ် လက်ထက်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ အကြား ငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ စတင်နေပါပြီ။ အင်အား ကြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ နှစ်ဘက် အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနဲ့ သဘောတူညီလက်မှတ်ရေးထိုးတဲ့ အဆင့်ထိ ရောက်နေချိန်မှာ ကေအဲန်ပီပီကတော့ အစိုးရနဲ့ မိတ်ဆက်တဲ့ အဆင့်ကိုသာ ရောက်နေပါသေးတယ်။
အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှုတွေ ရရှိနိုင်မယ့် အဆင့်ကို ရောက်နိုင်ဖို့ မကြာခင်မှာ အစိုးရနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးမှုတွေ ရှိတယ်လို့ ကေအဲန်ပီပီက ဆိုထားပါတယ်။ ၁၉၉၅ ခုနှစ်က သဘောတူညီချက်တွေကိုပဲ ဆက်လက်ဆွေးနွေးမလား ဒါမှမဟုတ် လက်ရှိ အခြေအနေမှာ လူထုတို့ရဲ့ ရင်ဆိုင်ကြံုတွေ့နေကြရတဲ့ စိန်ခေါ်မှုတွေကို ဦးစားပေး ဆွေးနွေးမလား ဆိုတဲ့ ကိစ္စရပ်တွေကိုတော့ အတိအကျ ပြောလို့ မရသေးပါဘူး။
ဒါပေမဲ့ ကေအဲန်ပီပီနဲ့ အစိုးရအကြား မကြာခင် ဖြစ်ပေါ်လာမယ့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေဟာ အရင်တခေါက် အပစ်အခတ် ရပ်စဲရေးလိုမျိုး မပျက်ပြယ်ဖို့ အရေးကြီးလှပါတယ်။ လူထုရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ အနေနဲ့ ဖြစ်ပေါ်လာမယ့် တွေ့ဆုံဆွေးနွေးမှုတွေ မပျက်ပြယ်ဖို့ ငြိမ်းချမ်းရေး လိုလားနေတဲ့ မြန်မာနိုင်ငံကို အုပ်ချုပ်ကွပ်ကဲမယ့် သူတွေ အပေါ်မှာ တာဝန် အပြည့်ဝ ရှိနေပါကြောင်း။