မဲဆွယ်စည်းရုံးခြင်း ကိစ္စများအတွက် ကော်မရှင် သတိပေး

မဲဆွယ်စည်းရုံးခြင်း ကိစ္စများအတွက် ကော်မရှင် သတိပေး
by -
မဇ္ဈိမ

ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအတွက် စည်းရုံးမှုပြုကြရာတွင် ကော်မရှင်မှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် တားမြစ်ချက်များကို တိကျစွာလိုက်နာရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အင်္ဂါနေ့တွင် ကြေညာချက်ထုတ်၍ နိုင်ငံပိုင် သတင်းစာများမှတဆင့် ထပ်မံသတိပေးလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအား နားထောင်နေကြသည့် ထားဝယ်မြို့ ဘေဘီစတိုးရှေ့လမ်းပေါ်မှ လူထုပရိသတ်များကို တွေ့ရစဉ် (ဓါတ်ပုံ - မဇ္စျိမ)
၂ဝ၁ဝ ခုနှစ် သြဂုတ်လထုတ် ကော်မရှင် ကြေညာချက်အမှတ် ၉၁/၂ဝ၁ဝ အတိုင်း လိုက်နာဆောင်ရွက် ရမည်ဖြစ်ပြီး "နိုင်ငံတော်ကို အကြည်ညို ပျက်စေမည့်၊ တပ်မတော် ဂုဏ်သိက္ခာကို ထိခိုက်စေမည့် စသည့် ရေးသား၊ စည်းရုံးဟောပြောမှုမျိုး မပြုလုပ်ရန်"  ပါဝင်သည်။ "တပ်မတော် ပြိုကွဲမှုကို ဖြစ်ပေါ်စေရန်နှင့် ပညာသင်ကြားရေးကို ထိခိုက် ပျက်ပြားစေမည့် သွေးထိုးလှုံ့ဆော်ဟောပြောခြင်း"များ မပြုလုပ်ရန်လည်း ညွှန်ကြားချက်တွင် ဖေါ်ပြထားသည်။

စည်းရုံး ဟောပြောလိုပါက သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့သို့ ရ ရက် ကြိုတင်၍ ခွင်ြ့ပုမိန့် လျှောက်ရမည်ဖြစ်သည်။

ဟောပြောစည်းရုံးပွဲသို့ တက်ရောက်မည့် ခန့်မှန်းလူအင်အားကိုလည်း တင်ပြရန်လိုအပ်ပြီးအဆောက် အအုံများ၊ ခန်းမများအတွင်းနှင့် ကွင်းတခုခုဖြစ်ပါက ဝင်ဆံ့သည့် အရေအတွက်ထက် မကျော်လွန်စေရန် တာဝန်ယူရမည် ဖြစ်ပြီး ပြင်ပတွင် လူစုလူဝေး ရှိမနေစေရန်လည်း တာဝန်ယူရမည်ဟု ကြေညာချက် ၉၁/၂ဝ၁ဝ တွင် ဖေါ်ပြထားသည်။

ဟောပြောပွဲ လာရောက်သူများအနေဖြင့်လည်း ဟောပြောပွဲပြီးဆုံးပါက စီတန်းလှည့်လည် ကြွေးကြော်ခြင်းများ မပြုလုပ်ရ ဟုလည်း ကော်မရှင်က စည်းကမ်း သတ်မှတ်ထားသည်။ ယင်းအပြင် ယာဉ်များသွားလာခြင်းနှင့် လမ်းပိတ်ဆို့ခြင်းများ မဖြစ်စေရန်နှင့် ဟောပြောရာတွင်လည်း ခန်းမအတွင်း (သို့မဟုတ်) ကွင်းအတွင်း ကြားနိုင်ရုံသာ Sound Box ကို အသုံးပြုရန်လည်း ညွှန်ကြားထားသည်။

ကော်မရှင်၏ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူခြင်း ခံရနိုင်သည်ဟုလည်း ကြေညာချက် ၉၁/၂ဝ၁ဝ တွင် ဖေါ်ပြထားသည်။

၂ဝ၁၁ ဒီဇင်ဘာ ၂ ရက်နေ့တွင် အတည်ပြုလိုက်သည့် "ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လှည်ခွင့် ဆိုင်ရာ ဥပဒေ" တွင်လည်း ဟောပြောလိုသူများအနေဖြင့် "မမှန်ကန်သော သတင်းများ၊ မမှန်ကန်သော အချက်အလက် များ ဟောပြောခြင်းမပြုရ" ဟု ပြဋ္ဌာန်းထားပြီး "ယာဉ်များနှင့် ပြည်သူများကို အနှောက်အယှက် ဖြစ်စေသော တားဆီး ပိတ်ဆို့ခြင်းကို မပြုလုပ်ရ" ဟုလည်း ပြဋ္ဌာန်းထားသည်။ အဆိုပါတည်ဆဲဥပဒေ တရပ်ရပ်ကို ချိုးဖေါက်ပါက ထောင်ဒဏ် ၂ နှစ်အထိ ကျခံရမည်ဖြစ်သည်။

ထားဝယ်မြို့မှ လောင်းလုံးမြို့သို့ ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်အား လမ်းခရီးတွင် စောင့်မျှော်နှုတ်ဆက်နေသည့် မူလတန်းကျောင်းသားများကို တွေ့မြင်ရစဉ်။ (ဓါတ်ပုံ မဇ္စျိမ)
ရွေးကောက်ပွဲ ကော်မရှင်၏ အထက်ပါ ညွှန်ကြားချက်များသည် ၂ဝ၁ဝ ရွေးကောက်ပွဲ ကာလအတွင်း အခြေအနေများ နှင့် နှိုင်းယှဉ်ပါက ကိုက်ညီမှုမရှိဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် ဦးဟန်ရွှေက မဇ္ဈိမကိုပြောသည်။

"တောင်သူလယ်သမားတွေ စပါးရိတ်တဲ့အချိန်လည်းဖြစ်နေတယ်။ မြေပဲစိုက်တဲ့အချိန်လည်း ဖြစ်နေတယ်။ ဒီကြားထဲ မိုးကလည်း ရွာဆိုတော့ ရွေးကောက်ပွဲ မဲဆွယ်ရတာ သိပ်ပြီးတော့ လွယ်ကူတာ မဟုတ်ဘူး။ အဲဒီတော့ အချိန် ကန့်သတ်ချက် တမိနစ် မယွင်းဆိုပြီးတော့ လုပ်လို့မရဘူး။ တောင်သူလယ်သမားတွေ အားတဲ့အချိန်မှသာ လုပ်ရတာ ဖြစ်တယ်။ တိတိကျကျကြီးကျတော့ ကျနော်တို့ လုပ်လို့မရဘူး" ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD သည်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ကော်မတီများ ဖွဲ့စည်းပြီးဖြစ်ပြီး မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်၍ အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်သွား မည်ဟုလည်း ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကိုပြောသည်။

"ကျနော်တို့ကတော့ ပါတီစည်းရုံးရေး လုပ်ငန်းကော ရွေးကောက်ပွဲ လုပ်ငန်းကော၊ မဲဆွယ်လုပ်ငန်းတွေ ကော သက်ဆိုင်ရာ ကော်မရှင်က သတ်မှတ်ပြဋ္ဌာန်းထားတဲ့အတိုင်း ပြည်သူလူထုနဲ့အတူ ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေတာ ပါ။ အာဏာပိုင်တွေနဲ့ ပူးပေါင်း ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

ပါတီအသီးသီးမှ တင်ပြလာသည့် ရွေးကောက်ပွဲဝင် အမတ်လောင်းများကို ရွေးကောက်ပွဲကော်မရှင်မှ ယခုလ ၁ဝ ရက် နေ့တွင် စိစစ်အတည်ပြုပေးမည်ဖြစ်သည်။ ကော်မရှင်မှ စိစစ်ပြီးပါက ကိုယ်စားလှယ် လောင်းများ အနေဖြင့် ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးနိုင်မည် ဖြစ်သည်။

Most read this week