ပင်လုံစိတ်ဓါတ်အရင်းခံရန် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ၌သဘောတူ

ပင်လုံစိတ်ဓါတ်အရင်းခံရန် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ၌သဘောတူ
by -
သျှမ်းသံတော်ဆင့်

ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲမှ  ပင်လုံစိတ်ဓါတ်ကိုအရင်းခံသည့် ပြည်ထောင်စုမပြိုကွဲအောင် ပူးပေါင်းတည်ဆောက်ရေး ပါသည့်အချက် ၅ ချက်ကို မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ နှင့်အတူ  သဘောတူညီလက်မှတ်ရေး ထိုးခဲ့သည်ဟု သျှမ်းပြည်တပ်မတော်ပြောခွင့်ရ က ပြောသည်။

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်း ပြည်တပ်မတော် SSPP/ SSA ကိုယ်စားလှယ်အဖွဲ့၏ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ (ဓါတ်ပုံ- burmavjmedia)
“ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကနေ သဘောတူညီချက် ၅ ချက်ထဲက ဒုတိယအချက်မှာလေ (ဒို့တာဝန်အရေးသုံးပါးမှာ)  ပင်လုံစိတ်ဓါတ်အရင်းခံ၍ ဆိုတာမပါရင်၊ ဒီအချက်ကို နိုင်ငံရေးဆွေးနွေးတဲ့အဆင့်ကျမှ ဆွေးနွေးဖို့ ကျနော်တို့ဘက်က ပြောတယ်။ အဲတာနဲ့ သူတို့က - ပြည်ထောင်စုအဆင့်ထဲမှာ ဒီ ဒို့တာဝန်အရေးသုံးပါးက မပါလို့မရဘူး။ အဓိက အနှစ်သာရ ဖြစ်နေတယ် ဆိုတော့ ဒီလိုဆိုရင် ပင်လုံစိတ်ဓါတ်ကိုအရင်းခံ၍ ပြည်ထောင်စုကို ပူးပေါင်းတည်ဆောက်ရန် လို့ရေးလိုက် မယ်ဆိုပြီး ဆွေးနွေးသဘောတူလိုက်တာဖြစ်တယ်  ” - SSPP/ SSA  ပြောခွင့်ရဗိုလ်မှူးစိုင်းလက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

SSPP/SSA ကိုယ်စားလှယ်စဝ်ခေးတိုင်းအား မြန်မာအစိုးရကိုယ်စားလှယ် ဦးအောင်သောင်းက လက်ဆောင်ပစ္စည်းများပေးအပ်စဉ်

ယခုလ ၂၈ ရက် စနေနေ့က ဦးအောင်သောင်းဦးဆောင်သော မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်း ပြည်တပ်မတော် SSPP/ SSA မှ စဝ်ခေးတိုင်းဦးဆောင်သော အဖွဲ့တို့ သျှမ်းပြည်မြို့တော် တောင်ကြီးရှိ ပြည်နယ်အစိုးရ ရုံး၌တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“ကျနော်တို့ ပဏာမအဆင့် ဆွေးနွေးပွဲကနေ ပြည်နယ်အဆင့်ရော ပြည်ထောင်စုအဆင့်ပါ ဆွေးနွေးနိုင်ခဲ့တယ်။ ပြည်နယ် အဆင့်မှာ အချက် ၅ ချက် ပြည်ထောင်စုအဆင့်မှာ အချက် ၅ ချက် ဆွေးနွေးသဘောတူလက်မှတ်ရေးထိုးခဲ့တယ်။ နောက် ပြီး ကျနော်တို့ဖက်က တင်ပြထားတဲ့ အချက် ရ ချက်ကိုတော့ အစိုးရကိုယ်စားလှယ်ဖက်က သဘာဝကျတယ်။ ဖြစ်နိုင်ချေ ရှိတယ်ဆိုပြီး ထပ်မံဆွေးနွေးဖို့ လက်ခံထားတယ်” - ဟူ၍ ဆက်လက်ပြောပြပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီမှ - မြန်မာနိုင်ငံအတွင်းရှိ လူတန်းစား လူ့အလွှာ အသီးသီးမှ တိုင်းရင်းသား လူမျိုးပေါင်း စုံကို ကိုယ်စားပြုနိုင်သော ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရေးကော်မတီအား ကျယ်ပြန့်စွာ ဖွဲ့စည်းအကောင်အထည်ဖေါ်သွား ရန်၊ အကျဉ်းကျ ခံနေရဆဲ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်၊ တရား ဥပဒေ စိုးမိုးရေးသည်မရှိ မဖြစ် လိုအပ်သဖြင့် လွတ်လပ်ပြီး တရားမျှတသော တရားရေးမဏ္ဍိုင်တည်ဆောက် အကောင်အထည်ဖော်သွားရန်၊ အမျိုး သား သွေးစည်းညီညွတ်ရေး အတွက်တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော စစ်မှန်သည့် ဖက်ဒရယ် ပြည် ထောင်စုစနစ်ကို တည်ဆောက်သွားရန်၊ စစ်ဒဏ်ကြောင့် အလဟဿ မြေဇာပင် ဖြစ်ပြီးတော့မှ သေကြေဒဏ်ရာရ၊ ပစ္စည်း ဥစ္စာ ပျက်စီးဆုံးရှုံးသွားရသည့် ရဟန်း ရှင်လူ ပြည်သူလူထု၊ စစ်ပြေး ဒုက္ခသည်များအား လူသားချင်းစာနာမှုဖြင့် နိုင်ငံတော် အစိုးရမှ ပြန်လည်ကူညီပံ့ပိုးပေးသွားရန် အစရှိသော အချက်များပါသည့် အချက် ရ ချက်ကို တောင်းဆိုခဲ့ကြောင်း ဗိုလ်မှူးစိုင်းလ ကပြောသည်။

ပြည်ထောင်စုအဆင့်ဒုတိယအကြိမ်ဆွေးနွေးမှုအတွက် ရက်မသတ်မှတ်ရသေးဟုလည်း ဗိုလ်မှူးစိုင်းလ က ဆက်လက် ပြောပြသည်။

ဆွေးနွေးပွဲအပြီး သမ္မတက ပေးပို့လိုက်သော ဆန်အိတ် ၅၀၀၊ ဆိုလာဓါတ်ရောင်ခြည်ပြား ၅၀ စုံ နှင့်  Sky Net ရုပ်သံ ဖမ်းစက် အစုံ ၂၀ တို့ကို ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့က စဝ်ခေးတိုင်း နှင့် စဝ်ခွန်ဆိုင်ထံသို့ ပေးလိုက်ကြောင်း မြန်မာ့အလင်းသတင်းစာ၌လည်းဖော်ပြထားသည်။