မြန်မာနိုင်ငံရဲ့ အခြေခံလူတန်းစားတွေဟာ ဘယ်သူတွေလဲလို့ မေးချင်ပါတယ်။ လယ်သမားလား၊ အလုပ်သမားလား၊ ကျောင်းသားလား၊ စစ်သားလား၊ ဆင်းရဲသားလား၊ သူဌေးတွေလား၊ ပညာတတ်တွေလား၊ စီးပွားရေးသမားတွေလား စသဖြင့် လူတန်းစား အလွှာအများကြီးထဲက ထုတ်နှုတ်မေးရမလို ဖြစ်နေပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေခံလူတန်းစားတွေဟာ ဘယ်သူတွေလဲလို့ မေးချင်ပါတယ်။ လယ်သမားလား၊ အလုပ်သမားလား၊ ကျောင်းသားလား၊ စစ်သားလား၊ ဆင်းရဲသားလား၊ သူဌေးတွေလား၊ ပညာတတ်တွေလား၊ စီးပွားရေးသမားတွေလား စသဖြင့် လူတန်းစား အလွှာအများကြီးထဲက ထုတ်နှုတ်မေးရမလို ဖြစ်နေပါတယ်။ အခြေခံ ဆိုတာ မရှိမဖြစ် လိုအပ်တယ်လို့ အဓိပ္ပာယ် ရပါတယ်။ အခြေခံမရှိဘဲ ဘာမှ မရပ်တည်နိုင်သလို ...အခြေခံလူတန်းစား မရှိဘဲ နိုင်ငံတခု မရပ်တည်နိုင်ပါဘူး။
တကယ်တော့ တိုင်းပြည်တခု တင့်တယ်လျောက်ပတ်စွာ နေနိုင်အောင် ပံ့ပိုးထောက်ကန်ပေးထားနိုင်တဲ့ လူတန်းစားအလွှာ မှန်သမျှ အခြေခံလူတန်းစား ဖြစ်ပါတယ်။ ဥပမာ- လယ်ယာစိုက်ပျိုးရေးကို အဓိက ထားနေရတဲ့ မြန်မာနိုင်ငံမှာ လယ်သမား ကြီးတွေဟာ အခြေခံလူတန်းစား တရပ်ပါပဲ။ ဒီလိုပဲ ကုန်ထုတ်လုပ်ငန်းတွေနဲ့ နိုင်ငံကို အကျိုးပြုနေသူတွေဟာလည်း အခြေခံလူတန်းစားဖြစ်သလို နောင်တခေတ် တိုင်းပြည်ကို ဦးဆောင် တည်ဆောက်ကြမယ့် ကျောင်းသားတွေ၊ ပြည်ပရန်ကို တားဆီး ခုခံကာကွယ်မယ့် စစ်သားတွေဟာလည်း အခြေခံလူတန်းစားတွေ ဖြစ်ကြပါတယ်။
နှစ်ပေါင်း (၅ဝ) လောက် အာဏာရှင် ဝါဒမှိုင်းအောက်မှာ ပိတ်ဆို့ခံထားရတဲ့ အမြင်ကြောင့် အခြေခံလူတန်းစားဆိုရင် ဆင်းရဲ သားပဲလို့ ထင်တတ်ကြပါတယ်။ ဆိုက်ကားနင်းသူ၊ ကုန်ထမ်းသူ၊ စားပွဲထိုးသူ၊ လမ်းပေါ်က သူတောင်းစား စသဖြင့် ထင်တတ် ကြပါတယ်။ ဘယ်လောက် ဝင်ငွေရရှိသလဲ ဆိုတဲ့ပေတံနဲ့ တိုင်းတာ ကြည့်ကြပါတယ်။ အမှန်တကယ် တိုင်းတာရမှာက တိုင်းပြည်အတွက် ဘယ်လောက် အလုပ်လုပ်ပေးနိုင်သလဲ ဆိုတဲ့ပေတံသာ ဖြစ်ပါတယ်။ အခြေခံ လူတန်းစားကို အောက်ဆုံး အဆင့်လို့ တချို့လူတွေက ယူဆတတ်ကြပါတယ်။ အထင်မကြီးကြပါဘူး။ အဖက်မတန်သလို နှိမ့်ချ ခွဲခြား ဆက်ဆံကြပါ တယ်။ လက်အောက်ငယ်သားလို အမိန့်ပေးကြပါတယ်။ ရသလောက် အမြတ်ထုတ်ကြပါတယ်။ ဒါတွေအားလုံးဟာ အမှားကြီး မှားနေပါတယ်။
အခြေခံအားဖြင့် မရှိမဖြစ်တဲ့ လူတန်းစားတွေရဲ့ ဘဝကို ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ စောင့်ရှောက်ပေးရပါမယ်။ သူတို့ဘဝ ကို မြှင့်တင်ပေးရပါမယ်။ ဒီအတွက် Rule of Law လို့ခေါ်တဲ့ တရားဥပဒေ စိုးမိုးမှုကို ထိပ်ဆုံးအဆင့်ကနေ ရပ်ကွက်/ကျေးရွာ အဆင့်ထိ မှန်မှန်ကန်ကန် ကျင့်သုံးနိုင်ရမှာ ဖြစ်ပါတယ်။
တရားဥပဒေ စိုးမိုးမှုရှိမှ ရပ်ကွက်/ကျေးရွာ ငြိမ်ဝပ်ပိပြားတယ်လို့ တချို့လူတွေက ထင်ကြပါတယ်။ သူပုန်သူကန်မရှိ တိုင်းပြည် တည်ငြိမ်အေးချမ်းတာဟာ တရားဥပဒေ စိုးမိုးမှုရှိတာကြောင့်လို့လည်း ထင်ကြပါတယ်။ အပြည့်အစုံ မမှန်ပါဘူး။ ဒါဟာ အရင် မြန်မာစစ်အစိုးရတွေက မလိမ့်တပတ်နဲ့ ရိုက်သွင်းထားတဲ့ ဝါဒဖြန့် စကားလုံးတွေသာ ဖြစ်ပါတယ်။ အာဏာရှင်စနစ်မှာ တရား ဥပဒေ စိုးမိုးမှု မရှိပါဘူး။ ဒီမိုကရေစီ နိုင်ငံရေးစနစ်မှာသာ တရားဥပဒေ စိုးမိုးမှု ရှိပါတယ်။
ဖြစ်နိုင်သမျှ ဗဟုသုတ နည်းအောင် အကွက်ချစီမံထားလို့ ပြည်သူတွေ အတွေးအခေါ် မရင့်သန်ဘဲ ဖြစ်နေတာကိုး။ ပြီးတော့ အတွေးအခေါ် ရင့်သန်ခွင့် ပိတ်ပင်ခံနေရတာကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်တဲ့ အာဏာရှင် အကျင့်ဆိုးကြောင့် အမှား ကို အမှန်၊ အမှန်ကို အမှား တလွဲထင်နေကြရတာ ဖြစ်ပါတယ်။
(ကျနော် ဒီနေရာမှာ ကြံုကြိုက်တာနဲ့ ဖြတ်ပြောချင်တာလေး ရှိပါတယ်။ အာဏာရှင်တွေက ပြည်သူတွေအပေါ် ကောင်းကောင်းကြီး နှိပ်ကွပ်နိုင်သွားတဲ့အခါမှာ တချို့လူတွေက ဂရုဏာဒေါသလိုလို၊ မခံချိမခံသာလိုလိုနဲ့ ပြောတတ်တဲ့ စကားတခွန်းရှိပါတယ်။ “ဒါဟာ ဗိုလ်နေဝင်းတို့၊ ဗိုလ်သန်းရွှေတို့ တော်လို့ မဟုတ်ဘူး။ ကိုယ်တွေက ည့ံလို့ ဖြစ်ရတာ” ဆိုတဲ့စကားပါ။ ပြောတဲ့သူတွေဟာ ပြဿနာရဲ့ ဇစ်မြစ်ကို လိုက်မကြည့်ဘဲ လက်တလော အရှုံးအနိုင်ကိုသာ မျက်ခုံးမွှေးတဆုံး ကြည့်ပြောတဲ့သူတွေပဲလို့ ကျနော် မှတ်ချက်ပေးလိုပါတယ်။ တကယ်တော့ ကျနော်တို့ မြန်မာပြည်သူတွေဟာ ခေတ်အဆက် ဆက် မညံ့ပါဘူး။ မညံ့ပေမယ့်လည်း ညံ့အောင် အဓမ္မ ဖိနှိပ်ခံနေရတဲ့ဘဝကနေ ရုန်းမထွက်သာသေးလို့ ဖြစ်နေခဲ့ရတာပါ။ တကယ်တော့ ကိုယ့်ထက်သာမှာ စိုးလို့ နောက်လူတွေကို လမ်းပိတ်ဆို့ထားတတ်သူတွေ၊ အာဏာရှင်စရိုက် လက်ခံကျင့်သုံး သူတွေက အခြားသူတွေကို ညံ့အောင် တမင်တကာ လုပ်ထားနိုင်လို့သာ လတ်တလော အရှုံးပေါ်ခဲ့ရတာ ဖြစ်ပါတယ်။)
ကျနော် ဖြတ်ပြောလိုက်တဲ့ စကားဟာ နည်းနည်းတော့ ရှည်လျားသွားပါတယ်။ အဓိက ဆိုလိုရင်းကတော့ အာဏာရှင်စနစ် ဟာ ပြည်သူတွေကို ညံ့ဖျင်းသေးသိမ်သွားအောင် တမင်တကာ အကွက်ချ လုပ်ယူတဲ့အကြောင်းပါ။ ဒါဟာ တရားဥပဒေ စိုးမိုးမှု နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်သဘော ဖြစ်နေပါတယ်။
တရားဥပဒေ စိုးမိုးမှု (Rule of Law) ဆိုတာ ရှင်းရှင်းလေးပါ။ ဥပဒေနဲ့အညီ အုပ်ချုပ်တာပဲ ဖြစ်ပါတယ်။ ဘယ်လိုအုပ်ချုပ်တာ လဲ၊ ဘယ်သူတွေက အုပ်ချုပ်တာလဲ၊ ဘာတွေကို အခြေခံထားပြီး အုပ်ချုပ်တာလဲဆိုတာ ကျနော်တို့ နည်းနည်းလေး အတွေး နယ်ချဲ့ကြည့်ကြပါစို့။
Rule of Law အရ အုပ်ချုပ်သူ ဆိုတာ ဟိုးထိပ်ဆုံး အမြင့်ဆုံး အာဏာယူထားသူကနေ အနိမ့်ဆုံး အာဏာယူထားသူတွေအ ထိ အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်နေသူတွေ ဖြစ်ကြပါတယ်။ ဒါဆိုရင် သမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့ကို မျက်စိထဲ ပြေးမြင်မိကြပါလိမ့်မယ်။ အမှန်ပါပဲ သူတို့ဟာ အုပ်ချုပ်သူ လူတန်းစားတွေထဲမှာ အုပ်ချုပ်ပိုင်ခွင့် အဆင့်ဆင့်နဲ့ ပါဝင်ကြပါတယ်။ သူတို့သာမက စစ်တပ်ထဲက တိုင်းမှူး၊ တပ်ရပ်မှူးတွေလည်း ပါသလို စက်ရုံမှူး၊ လှေသူကြီး၊ ဘုရား ဂေါပကတွေလည်း ပါဝင်ကြပါတယ်။ ယုတ်စွအဆုံး ဆရာ-ဆရာမတွေနဲ့ မိသားစု အိမ်ထောင်ဦးစီးတွေ တောင် အုပ်ချုပ်ရေးကဏ္ဍမှာ ပါကြပါတယ်။
ဒါဆိုရင် တချို့က စောဒက တက်ချင်ပါလိမ့်မယ်။ “ကြီးကြီးကျယ်ကျယ် ကိုယ့်အိမ်နဲ့၊ ကိုယ့်မိသားစုနဲ့ကိုယ် တရားဥပဒေ စိုးမိုး ရေး (Rule of Law) ကို လိုက်နာနေရဦးမှာလား။ ကိုယ့်မိသားစုနဲ့ကိုယ် မိသားစု စည်းကမ်းလေး ထုတ်ပြီး လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး နေမှာပေါ့။ ဥပဒေတွေ ဘာတွေနဲ့ မရှုတ်ချင်ပါဘူး” ဆိုပြီး ပြောချင်ပြောကြမှာပါ။ တကယ်တော့ မိသားစု စည်းကမ်းဆိုတာ မိသားစုဝင်အားလုံးက သဘောတူ လက်ခံပြီး လိုက်နာနိုင်ကြဖို့ “စည်းကမ်း” လို့ အများသိနေကြတဲ့ Rule of Law အမျိုးအစားတခု ပါပဲ။ မိသားစု၊ ကျောင်း၊ စက်ရုံ-အလုပ်ရုံ၊ အသင်းအဖွဲ့ ဖြစ်ကြလို့ မိသားစု စည်းကမ်း၊ ကျောင်းစည်း ကမ်း၊ အလုပ်ရုံစည်းကမ်း၊ စစ်စည်းကမ်းအဖြစ် ခေါ်ကြတာဖြစ်ပြီး တနိုင်ငံတည်းအနေနဲ့ အားလုံးကို ပေါင်းစုလိုက်တဲ့အခါမှာ Rule of Law ဖြစ်လာရပါတယ်။
အမှန်တော့ အုပ်ချုပ်တယ် ဆိုတဲ့ ဝေါဟာရကိုတောင် ဒီထက်ပိုမိုသင့်လျော်အောင် သုံးနိုင်ရင် ပိုကောင်းပါလိမ့်မယ်။ အခုတော့ အသားကျနေပြီဆိုတော့ ဒီဝေါဟာရကို ပြင်ဖို့ မလွယ်လှပါဘူး။ အုပ်ချုပ်တယ် ဆိုရာမှာ အုပ်ချုပ်သူဟာ သူ့စိတ်ဆန္ဒရှိတဲ့အ တိုင်း အုပ်ချုပ်ရတာ မဟုတ်ဘဲ အများလက်ခံထားတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းနဲ့အညီ အုပ်ချုပ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် Rule of Law မှာ တရားဥပဒေရဲ့အထက် ဘယ်သူမှ မရှိစေရဘူး (No one is above the law.) ဆိုပြီး စိတ်ထင်တိုင်း မအုပ် ချုပ်နိုင်အောင် ကန့်သတ်ထားရတာ ဖြစ်ပါတယ်။ အစိုးရ ဖြစ်ရင်လည်း ပြည်သူတွေအပေါ် ပရမ်းပတာ မအုပ်ချုပ်နိုင်အောင် စီမံထားရပါတယ်။ စီမံထားပုံကတော့့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (Constitution) ပါပဲ။ အခြေခံဥပဒေအရ တရားဝင် လုပ်ဆောင် ပိုင်ခွင့်တွေ၊ ရပိုင်ခွင့်တွေမှာလည်း နိုင်ငံတကာနဲ့ တန်းတူ ဖြစ်နေစေရပါတယ်။ ဥပမာအားဖြင့် ကုလသမဂ္ဂရဲ့ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို နိုင်ငံတိုင်းက လေးစားလိုက်နာရသလိုမျိုး၊ ဂျီနီဗာ စစ်ရေးသဘောတူညီချက် တွေကို စစ်တပ်တိုင်းက လိုက်နာရတာမျိုး ဖြစ်ပါတယ်။
ဒါကိုကြည့်ရင် အခြေခံဥပဒေဟာ ဘယ်လောက်ထိတောင် အရေးပါနေသလဲ ဆိုတာ တွေ့နိုင်ပါမယ်။ အခြေခံဥပဒေဟာ အုပ် ချုပ်သူတွေရဲ့ စိတ်ကြိုက် လုံးဝ မဖြစ်စေရပါဘူး။ ပြည်သူတွေရဲ့ စိတ်ဆန္ဒ သဘောထားအပေါ်မှာ အများအားဖြင့် အခြေခံထား ရတာပဲ ဖြစ်ပါတယ်။ အဲဒီလို မဖြစ်မချင်း အခြေခံဥပဒေကို ပြင်ဆင်နေရမှာ ဖြစ်သလို အများစုသဘောအရ ပြင်ဆင်နိုင်ခွင့်ကို လည်း ရှောရှောရှူရှုူ ခွင့်ပြုထားရမှာ ဖြစ်ပါတယ်။
Rule of Law နဲ့ အုပ်ချုပ်တာကို နှိုင်းယှဉ်စရာ အကောင်းဆုံးက အာဏာရှင်စနစ် ဖြစ်ပါတယ်။ အာဏာရှင်စနစ်မှာ အာဏာရှင် က သူ့စိတ်ကြိုက် အုပ်ချုပ်ပါတယ်။ ပါးစပ်ထဲထွက်ရာ အမိန့် ဖြစ်နေပါတယ်။ Rule of Law ရှိနေရင် အုပ်ချုပ်သူ ဘယ်သူမဆို သူတို့စိတ်ကြိုက် အုပ်ချုပ်ခွင့် မရဘဲ အများပြည်သူအကြိုက်သာ အုပ်ချုပ်ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Rule of Law ဟာ အာဏာရှင်စနစ်ကို တားဆီးဖို့လည်း ဖြစ်ပြီး ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့လည်း ဖြစ်ပါတယ်။
Rule of Law (တရားဥပဒေ စိုးမိုးရေး) ကို နှစ်သက်သဘောကျတယ်ဆိုရင် ဟာကွက်မရှိ ခိုင်မာနေအောင် တည်ဆောက်ယူ ကြရပါမယ်။ လက်ရှိ Rule of Law (တရားဥပဒေ စိုးမိုးမှု) ဟာ တကယ်တော့ အခြေခံလူတန်းစား အပါအဝင် ပြည်သူတရပ် လုံးကို ဘာမှ မကာကွယ်ပေးနိုင်သေးပါဘူး။ ဒါကြောင့် Rule of Law ကို အမြန်ဆုံး ပြန်လည် ပြုပြင်နိုင်ဖို့ အရေးတကြီး ကြိုး ပမ်းနေကြရတာ ဖြစ်ပါတယ်။
ဒီကနေ့ အချိန်အခါမှာ တရားဥပဒေ စိုးမိုးမှုကို ကြိုးပမ်းဖို့ စကားကို ဘယ်သူတွေပြောပြော…..ပြောတဲ့သူကို ကျနော်တို့ ထောက်ခံရပါမယ်။ အားပေးရပါမယ်။ ဝန်းရံရပါမယ်။ အခုလို မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ နိုးနိုးကြားကြား ပြည်သူ့အင် အားတွေဟာ တချက်ကလေး ညီလိုက်တာနဲ့ လက်လှမ်းမီလုလု အောင်ပန်းကို ဇတ်ကနဲ ဆွဲယူနိုင်တော့မှာ ဖြစ်ပါတယ်။