ရန်ကုန်တွင် ကျင်းပသည့် ရခိုင်ရိုးရာ "ကျင်" ပွဲ အထူးစည်ကား

ရန်ကုန်တွင် ကျင်းပသည့် ရခိုင်ရိုးရာ "ကျင်" ပွဲ အထူးစည်ကား
by -
မင်းဆက်ခိုင်

ရန်ကုန်မြို့တွင် ကျင်းပနေသော ရခိုင်ရိုးရာ "ကျင်" ပွဲနှင့် ရခိုင်ရိုးရာ အစားအစာရောင်းချပွဲတော်မှာ အထူး စည်ကားနေကြောင်း ပွဲထဲတွင်ရောက်ရှိနေသူ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

rakhine-kyon-2
"လာရောက်တဲ့ ပရိတ်သတ်တွေက ခန်းမတခုလုံးနီးပါးပြည့်နေပါတယ်။ မနေ့ကတော့ အစိုးရ ရုံးဖွင့်ရက် ဖြစ်တဲ့အတွက် ပထမတော့ လာရောက်သူတွေကနည်းပါတယ်။ ညနေပိုင်းကျတော့ လူနည်းနည်း တိုးလာပါတယ်။ အခုတော့ အပြည့်ပါပဲ။ တော်တော်စည်ပါတယ်။" ဟု သူကပြောသည်။

ယခုကျင်းပပြုလုပ်နေသည့် ပွဲတော်မှာ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ စီစဉ်ပြီး ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

ရခိုင်ရိုးရာ "ကျင်" ပွဲနှင့် ရခိုင်ရိုးရားအစားအစာရောင်းချပွဲ ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ဦးဇော် အေးမောင်က ယခုလို နိရဥ္စရာသို့ ပြောသည်။

"အဓိက ရည်ရွယ်ချက်ကတော့ ကျနော်တို့ရခိုင်လူမျိုးတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ချီ ကတည်းကနေ ရိုးရာ အားကစားဖြစ်တဲ့ "ကျင်" ကစားနည်းဟာ အခုဆိုရင် တိမ်မြုပ် ပျောက်ကွယ်လုနီးပါး ဖြစ်နေပါတယ်။ ကျနော်တို့ ငယ်ငယ်တုန်းကဆိုရင် "ကျင်" မကစားတတ်တဲ့သူကို ယောကျ်ားလို့တောင် မသတ်မှတ်ဘူး။ အဲလိုရှိခဲ့ပါတယ်။ ညနေဆိုရင် ရေမချိုးခင် ကျနော်တို့ အမြဲတမ်း "ကျင်" ကစားပါတယ်။ "ကျင်" ကစားခြင်းအားဖြင့် ခန္ဓာကိုယ် ကိုယ်ကာယကို တောင့်တင်းစေတယ်။ ကျန်းမာရေးကိုအထောက်အကူ ပြုပါတယ်။ အဲဒီခေတ်တုန်းက ရခိုင် လူငယ်တွေဟာ "ကျင်" ကစားကြတယ်။ ခန္ဓာကိုယ် ထွားထွားကျိုင်းကျိုင်းရှိခဲ့တယ်။ ဆေးလိပ်မသောက်၊ အရက်မသောက်ကြဘူး။ အခုနောက်ပိုင်းကြတော့ ဒီရိုးရာ "ကျင်" စကားနည်းဟာ ပျောက်ကွယ် လုနီပါးဖြစ်လာပါတယ်။ ရခိုင်သူ/ ရခိုင်သားတွေကလည်း အားကစားဘက်မှာ အားနည်း လာပါတယ်။ ဒါကြောင့် ဒီ"ကျင်" ကစားနည်းကို ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ ကျင်းပရခြင် းဖြစ်ပါတယ်။"
rakhine-kyon-festival
ထိုကဲ့သို့ ရခိုင်ရိုးရာပွဲတော်များ ကျင်းပခြင်းကြောင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများကိုလည်း ဦးဇော်အေးမောင်က ယခုကဲ့သို့ ပြောသည်။

"အကျိုးကျေးဇူးတွေ အများကြီးရလာပါတယ် အခုလို ရန်ကုန်မှာ ရခိုင်ရိုးရာ "ကျင်" ပွဲ ကျင်းပတဲ့ အတွက်။ ရခိုင်လူငယ်တွေလည်း အများကြီးလာရောက် အားပေးကြပါတယ်။ ရခိုင်ပြည်က "ကျင်သန်" တွေလည်း လာရောက် ပါဝင် ဆင်နွဲကြပါတယ်။ ရန်ကုန်မှာ ရှိတဲ့ "ကျင်သန်" တွေလည်း ဝင်ပြိုင်ကြပါတယ်။ မစားဖူးတဲ့ သူတွေဆိုလို့ရှိရင်လည်း ဒီကစားနည်းက စိတ်ဝင်စားစရာ ကောင်းပါလား၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ် ဆိုပြီး ပြောကြပါတယ်။ အခုဆိုရင် ရန်ကုန်မှာ "ကျင်" ကလပ်တွေ ထောင်မယ်လို့ စီစဉ်နေသူတွေတောင် ရှိနေပါပြီ။ ပြီးတော့ ဒီပွဲမှာက ရခိုင်လူမျိုးတခုတည်းမဟုတ်ပါ။ တခြား ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ ဗမာ၊ မွန် စတဲ့ တိုင်းရင်းသားတွေကလည်း ပါဝင် ဆင်နွဲ ယဉ်ပြိုင်ကြပါတယ်။ တခြားလူမျိုးတွေထဲမှာတော့ ဂျိုဒိုသမား တွေ၊ လက်ဝှေ့သမားတွေပါ ပါတယ်။ ဒီတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကိုလည်း ပိုပြီး ခိုင်မြဲ စေသလို ရခိုင်ရိုးရာ "ကျင်" ကစားနည်းကို လူတွေ ပိုပြီး သိလာကြတယ်။ စိတ်ဝင်စားလာ ကြပါတယ်" ဟု ဦးဇော်အေးမောင်က ပြောသည်။

ယခု ကျင်းပသည့် ကျင်ပွဲတော်မှာ တတိယအကြိမ်မြောက်ဖြစ်ပြီး ပွဲကို ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဆရာဝန်များ အသင်းတိုက်ရှေ့ သိမ်ဖြူလက်ဝှေ့ကွင်းတွင် ဇန်နဝါရီလ ၂၇ရက်နေ့မှ ၂၉ရက်ထိ ၃ရက်တိုင်တိုင် နံနက် ၉နာရီမှ ညနေ ၅နာရီထိ ကျင်းပခြင်းဖြစ်သည်။
rakhine-kyon
ယခုနှစ်တွင် ပွဲတော်ကျင်းပရသည်မှာ ယခင်နှစ်များထက် ပိုပြီး အဆင်ပြေလာကြောင်းကိုလည်း ဦးဇော်အေးမောင်က ရှင်းပြသည်။

"အခုဆိုရင် ရန်ကုန်မှာ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနဆိုတာ ရှိလာတဲ့အတွက်ကြောင့် အရင်နှစ်တွေထက် အဆင်ပြေပါတယ်။ အခုပွဲကျင်းပတဲ့ လက်ဝှေ့ရုံက တော်တော်ကို အဆင်ပြေပါတယ်။ ထိုင်ခုံတွေကလည်း ကောင်းပါတယ်။ ပြီးတော့ လေအေးပေးစက်တွေ တတ်ဆင်ထားတာကြောင့် လာရောက်သူတွေအတွက် ပိုအဆင်ပြေပါတယ်။ လျှပ်စစ်မီးကလည်း အချိန်ပြည့်ပေးထားပါတယ်။ LCD တွေလည်း တတ်ဆင် ပေးထားပါတယ်။ ဒါတွေအားလုံးကို အားကစားဝန်ကြီးဌာနက ကျနော်တို့ကို ပံ့ပိုးပေးထားပါတယ်။ ၂၀၀၃ ခုနှစ်က ပထမအကြိမ် တိုင်းရင်းသားကျေးရွာမှာ လုပ်ခဲ့တဲ့အခါ မြက်ခင်းမြေပေါ်မှာ ကျင်းပခဲ့ရပါတယ်။ နောက် ၂၀၀၄ခုနှစ်က အောင်ဆန်းအားကစားကွင်းမှာ လုပ်ခဲ့တုန်းကလည်း ဂျိုဒို မြက်ဖျာခင်းပြီးတော့ ပြိုင်ခဲ့ရပါတယ်။ ခုတော့ အရင်နှစ်တွေထက် အဆင့်မြင်တယ်လို့ ပြောလို့ရပါတယ်" ဟု ပြောသည်။

အဆိုပါ "ကျင်" ပြိုင်ပွဲတွင် ရွှေမောင်းတန်း ပထမဆု ကျပ်ငွေ ၁၅သိန်း၊ ငွေမောင်းတန်း ဒုတိယဆု ကျပ်ငွေ ၁၀သိန်းကို မနက်ဖြန် နောက်ဆုံးနေ့တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week