မြေပုံ ပြည်သူ့ လွှတ်တော် အမတ် အချက် (၁၀)ချက် ပြည်သူ့လွှတ်တော်၌ တင်မည်

မြေပုံ ပြည်သူ့ လွှတ်တော် အမတ် အချက် (၁၀)ချက် ပြည်သူ့လွှတ်တော်၌ တင်မည်
by -
နိရဥ္စရာ

ဇန္နဝါရီလ ၂၆ ရက်နေ့က စတင်ခဲ့သော ပြည်သူ့လွှတ်တော်တွင် ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးဖေသန်းသည် မြေပုံမြို့နယ်အတွက် လိုအပ်ချက် (၁၀) ချက်ကို တင်ပြသွားမည် ဖြစ်ကြောင်း နိရဥ္စရာသို့ ထုတ်ဖေါ် ပြောကြားသည်။

Myanmars-Parliament-NAYPYITAW
" မနေ့က လွတ်တော်မှာ မေးခွန်းမေးတဲ့ ကဏ္ဍမှာ လွှတ်တော် ကိုယ်စားလှယ် အသီးသီးက တင်ပြကြပါတယ်။ ၁၂ ယောက်ခန့်က တင်ပြတာပါ။ အဲဒီ တင်ပြချက်တွေ၊ မေးခွန်းတွေက အများအားဖြင့် ဒေသဖွံ့ဖြိုးရေးဖြစ်တဲ့ ရထားလမ်း၊ ကားလမ်း၊ တံတားရရှိရေးတွေကို မေးမြန်း ထားတာတွေဖြစ်ပါတယ်။ ကျွန်တော်တို့ ရခိုင်က မေးမြန်း တင်ပြတာတွေ မရှိသေးဘူး။ ကျွန်တော်ကတော့ အဓိက ကိုယ့်ဒေသနဲ့ ဆိုင်တဲ့ အချက် (၁၀)ချက်ကို တင်ပြဖို့ရှိပါတယ်" ဟု ပြောသည်။

အဓိက တင်ပြဖို့ အချက် ၁၀ ချက်က ဘာတွေပါလဲဟု မေးမြန်းရာ သူက ယခုလို ရှင်းပြသည်။

" အဓိက မြေပုံမြို့နယ် ငမန်းရဲကျွန်းမှာ အစိုးရ တာတမံမှာ ဖြစ်ပျက်နေတဲ့ အခြေ အနေတွေနဲ့ ပတ်သတ်ပြီး ပြည်သူ့လွှတ်တော်မှာ ကျွန်တော်တင်ပြမယ်။ ငမန်းရဲကျွန်း ဆည်ဟာ မနှစ်က ဆည်ပြီး ဒီနှစ်မှာ ပြန်ပေါက်နေတယ်။ ပုဇွန် လုပ်ငန်းရှင်တွေနဲ့ လယ်သမားတွေ အကြားမှာ ပြဿနာတွေ ကြီးကြီးကျယ်ကျယ် ဖြစ်နေတယ်။ အဲဒါတွေကို ကွဲကွဲပြားပြား ရှိစေဖို့ အဲဒီ ငမန်းရဲကျွန်းတာတမံ အားနည်းချက်တွေကို သုံးသပ်ပြီး ဘယ်လိုလုပ်သင့်တယ်ဆိုတာကို လွှတ်တော်ဥက္ကဌကို အကြံပေး တင်ပြမှာ ဖြစ်ပါတယ်"

" နောက်တခုက ငါးခူး ချောင်းရွာနဲ့ ကြက်ရိုးချောင်းရွာတွေမှာ စစ်တပ်က လယ်တွေကို မတရား သိမ်းထားတာတွေကို လွှတ်တော် ဥက္ကဌဆီ စာရွက် စာတမ်း အထောက်အထားတွေနဲ့ တင်ပြပြီး မေးခွန်းမေးဖို့ တင်ပြ ထားပါတယ်။ နောက်တခုက ကျွန်တော်တို့ မြေပုံ မြို့ပတ် လမ်းအတွက် ကျွန်တော် တင်ပြ ထားပါတယ်။ နောက်တခုက ဒေါင်းသောက်ကွင်းက မြေတွေကို လယ်သမားတွေ ဆီက လုပ်ငန်းရှင် တစ်ဦး သိမ်းထားတာကိုလည်း တင်ပြထားပါတယ်။"

" နောက် ကျွန်တော်တို့ ငမန်းရဲကျွန်းမှာ ဆိုရင် နှစ်တိုင်း မုန်တိုင်းနဲ့ ရေကြီးတဲ့ ဒဏ်ကို ခံနေရတယ်။ မုန်တိုင်းလာရင် လူတွေ ခိုလုံဖို့ မုန်တိုင်း အကာအကွယ် (ဆိုင်ကလုန်စင်တာ) အဆောက်အဦးတွေ လိုအပ်နေတယ်။ ဒါတွေကို ဆောက်လုပ််ပေးဖို့ တင်ပြတောင်းဆိုမယ်။"

" နောက်တခုက မဟိတ် တံတားကို ထိုးပေးဖို့ဟာကိုလည်း ကျွန်တော် လွှတ်တော်ကို တင်ပြ ထားပါတယ်။ အဲဒါတွေ မေးခွန်းအဖြစ်နဲ့ မေးခွင့်ပြုဖို့ လွှတ်တော်မှာ တင်ပြထားတာ ဖြစ်ပါတယ်။ ခွင့်ပြုချက် ပေးမလား မပေးဘူးလားတော့ မသိရသေးဘူး။ မေးခွန်း အဖြစ် မေးခွင့် မကျလာရင်လည်း လွှတ်တော် ဥက္ကဌက သူ့နည်းသူ့ဟန်နဲ့ ဆောက်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်" ဟု ဦးဖေသန်းက ပြောသည်။

မြေပုံမြို့နယ်တွင် စစ်တပ်က သိမ်းထားသော လယ်မြေများနှင့် ပတ်သက်ပြီး ဆက်လက် မေးမြန်းရာ ဦးဖေသန်းက ယခုလို ဆက်ရှင်းပြသည်။

" အခု ကျွန်တော်တို့မြို့နယ်မှာ ကျွန်တော့်ကို တင်ပြထားတာက အတွင်း ငါးခူချောင်းမှာ ဦးအောင်စိန်သာ အပါအဝင် လယ်သမား ၂၃ ဦးဆီက အနောက်ပိုင်းတိုင်း (နပခ) ကသိမ်းထားတဲ့ သူတို့လယ်တွေကို ပြန်ရအောင် ကျွန်တော့်ကို တင်ပြထားပါတယ်။ သိမ်းထားတာ နှစ်ပေါင်းများစွာ ရှိနေပြီး အခုချိန်ထိ ပြန်မပေးသေးဘူး။ ကျွန်တော့် အနေနဲ့ ဆက်သွယ်တဲ့အခါလည်း ဘာမှ အကြောင်း ပြန်ကြားချက် မရှိဘူး။ ဒါကြောင့် နပခက နှစ်စဉ်ငှားစားနေတဲ့ ကွင်းတွေကို မူလပိုင်ရှင် လယ်သမားတွေကို ရအောင် ကျွန်တော်က တင်ပြတာပါ။ နောက်တခုက ကြက်ရှည်ကြီးရွာက ဦးငယ်မောင်ချေပါ ၁၁ ဦးပိုင် သူတို့လယ်မြေတွေကိုလည်း စစ်တပ်က သိမ်းထားပါတယ်။ ခလရ ၃၇၅-၃၇၄ အဲဒီလို ခလရတွေက အားလုံးကို ယူပြီး ကိုယ့်ဟာနဲ့ကိုယ် ၀ိုင်းပြီး အမဲဖျက်သလို ဖျက်ထားကြတယ်လို့ ကျွန်တော်က လွှတ်တော်ဥက္ကဌကို တင်ပြထားပါတယ်။ ဒီစနစ် ဒီခေတ်ထဲမှာ ဒီလိုလုပ်ထားတာတွေဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ အတွက် ဒီလုပ်ရပ်တွေကို အမြန်ဆုံး ရပ်တန့်ပြီးတော့ လယ်သမားတွေ လက်ထဲကို သူတို့ပိုင်ဆိုင်တဲ့ လယ်တွေကို အမြန်ဆုံးရရှိအောင် လုပ်ပေးပါဆိုပြီး ကျွန်တော် ပြည်သူ့လွှတ်တော် ဥက္ကဌ လက်ထဲကို တင်ပြထားပါတယ်" ဟု ပြောသည်။

Most read this week