ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းပြီ

ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းပြီ
by -
နိရဥ္စရာ

အိန္ဒိယ- မြန်မာနယ်စပ်တွင် အခြေစိုက်သော ရခိုင်ပြည် လွှတ်မြောက်ရေးပါတီကို ဦးသိန်းစိန် အစိုးရမှ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။

ALA-soldier
ပါတီ ပြောရေးဆိုခွင့်ရှိသူ တွဲဘက် အထွေထွေ အတွင်းရေး (၂) ခိုင်သုခက ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမူ အပေါ် နိရဥ္စရာသို့ ယခုလို အတည်ပြု ပြောကြားသည်။

" ဟုတ်ပါတယ်။ သူတို့က ဒီလ ၂၃ ရက်နေ့က စာရေးပြီး ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ ဒုဥက္ကဌ ဦးသိန်းဇော်က စာရေးပြီး ကမ်းလှမ်းတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီ ဥက္ကဌကြီးဆီကို လိပ်မူတပ်ပြီး အကြောင်း ကြားလာတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ကမ်းလှမ်းမူ အပေါ် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီအနေနှင့် ကြိုဆိုကြောင်း ပြောကြားသည်။

" အခုလို ကမ်းလှမ်းလာမူ အပေါ်မှာ ကျွန်တော်တို့ဘက်ကတော့ ကြိုဆိုပါတယ်။ များမကြာမှီ ကျွန်တော်တို့ဘက်ကလည်း အဲဒီကမ်းလှမ်းလာမူ အပေါ်မှာ တုန့်ပြန်သွားမှာ ဖြစ်ပါတယ်"ဟု ပြောသည်။

အဆိုပါ ငြိမ်းချမ်းရေး ကမ်းလှမ်းသည့်စာအား ထိုင်း-မြန်မာနယ်စပ် တွင် အခြေစိုက်သော ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်မှ တဆင့် ကမ်းလှမ်းလာခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ငြိမ်းချမ်ရေး ဆွေးနွေးရန် ကမ်းလှမ်းလာမူ အပေါ် သဘောထား အမြင်ကို မေးကြည့်ရာ သူက ယခုလို ဆက််ပြောသည်။

" အခု လောလောဆယ်တော့ ဘယ်လို ဖြစ်လာမယ်ဆိုတာ ပြောလို့ မရသေးဘူး။ ဆွေးနွေးတဲ့ အခါမှ သိရမှာပါ။ ကျွန်တော်တို့ဘက်က သဘောထား၊ သူတို့ဘက်က သဘောထားတွေကို သိပြီးမှ ဘယ်လို ရှေ့ဆက်် ဆောင်ရွက်မယ်ဆိုတာ ပြောနိုင်မှာပါ။ အခုလောလောဆယ်တော့ ပြောဖို့ခက်ပါတယ်" ဟု သူက ပြောသည်။

ရခိုင်ပြည် လွှတ်မြောက်ရေးပါတီ၏လက်အောက်တွင် ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော် ရှိပြီး ရခိုင်ပြည်သူများ အကျိုးစီးပွားအတွက် လက်နက်ကိုင်တော်လှန်ရေးဖြင့် ဗမာ အစိုးရအအား ဆယ်စုနှစ်နှင့် ချီပြီး ဆင်နွဲနေသော ပါတီ တရပ်ဖြစ်သည်။

ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီနှင့် ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်ကို ၁၉၇၃-၇၄ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး ကော်မူးရာတွင် ဗိုလ်ခိုင်မိုးလင်းက ဦးဆောင်ပြီး တည်ထောင်ခဲ့သည်။ ပါတီ ဥက္ကဌ ခိုင်မိုးလင်းသည် ကရင်ပြည်နယ်မှ ၁၉၇၆ တွင် ကရင်နီ၊ ရှမ််းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်များကို ဖြတ်ပြီး ရဲဘော် ၁၂၀ နှင့် အတူ ရခိုင်သို့ ချီတက်စဉ် ၁၉၇၇ ခုနှစ် ဧပြီနှင့် မေလတွင် ဗမာစစ်တပ်နှင့် တိုက်ပွဲပေါင်း ရာကျော်ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် တိုက်ပွဲမှ မလွှတ်မြောက်နိုင်သဖြင့် ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ပါလာသော ပစ္စတိုဖြင့် မိမိကိုယ်ကို မိမိ လုပ်ကြံကာ သူရဲကောင်းပီသစွာ အသက်ပေးဆပ် သွားခဲ့သည်။

Most read this week