SSA-S ခေါင်းဆောင်များ မြို့ကြီးသုံးမြို့တွင် စီးပွားရေး လေ့လာမှုပြုလုပ်

SSA-S ခေါင်းဆောင်များ မြို့ကြီးသုံးမြို့တွင် စီးပွားရေး လေ့လာမှုပြုလုပ်
by -
မဇ္စျိမ

အစိုးရနှင့် အပစ်အခတ်ရပ်ဆိုင်းရေး လက်မှတ်ထိုးပြီးနောက် ရှမ်းပြည်တောင်ပိုင်း တပ်မတော် (SSA-S) ခေါင်းဆောင်များမှ ယခုရက်ပိုင်းအတွင်း မြို့ကြီးသုံးမြို့တွင် စီးပွားရေး လေ့လာရေးမှုများ သွားရောက်ပြုလုပ် ခဲ့ကြောင်း SSA-S မှ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။

အစိုးရငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်း၏ ဖိတ်ခေါ်ချက်အရ SSA-S အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ပေါင်ခေး ဦးဆောင်သော ခုနှစ်ဦးအဖွဲ့က ရန်ကုန်နှင့် မန္တလေးမြို့များသို့ သွားရောက်လေ့လာခဲ့ပြီး ဗိုလ်မှူးချုပ် ဆိုင်မိန်း ဦးဆောင်သော သုံးဦးအဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့သို့ သွားရောက်လေ့လာခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ခရီးသွားကြတာ လေ့လာရုံ သက်သက်ပါပဲ။ စီးပွားရေး လုပ်ငန်းမှာ အခြေခံကျတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေ အပြင် ကျောက်မျက်ရတနာ လုပ်ငန်း၊ သတ္တုတူးဖော်ရေး လုပ်ငန်း၊ သစ်လုပ်ငန်းတွေကိုလည်း ခွင့်ပြု ထားတယ်။ သစ်လုပ်ငန်းလုပ်ငန်းမှာ  ပတ်ဝန်းကျင် မထိခိုက်အောင်တော့ ဆက်ပြီး ညှိနှိုင်းရမှာပါ” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။

အဓိကအားဖြင့် လက်ဖက် ကဲ့သို့သော နှစ်ရှည်သီးနှံပင်များကို ယင်းတို့၏ နယ်မြေများတွင် စိုက်ပျိုးသွားရန် စီစဉ် ထားပြီး ကျောက်တူးဖော်ရေးလုပ်ငန်း၊ သစ်ထုတ်လုပ်ရေး လုပ်ငန်းများတွင် ကုမ္ပဏီ ထူထောင်ရန် အတွက် လေ့လာနေဆဲ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

ထို SSA-S ခေါင်းဆောင်များသည် ယခုလ ၁၈ ရက်နေ့မှစ၍ လေ့လာရေးခရီးစဉ် ထွက်သွားခဲ့ရာမှ အင်္ဂါနေ့က ထိုင်း-မြန်မာ နယ်စပ်သို့ ပြန်လည် ရောက်ရှိလာသည်ဟု သိရသည်။

ခရီးစဉ်အတွင်း မြန်မာအစိုးရဘက်မှ SSA-S ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်ကို လာရောက်လည်ပတ်ရန် ကမ်းလှမ်းခဲ့သော်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြီးမြောက်မှု မရှိသေးသည့်အတွက် သွားရောက်ခြင်းမရှိခဲ့ကြောင်း ဗိုလ်မှူးစိုင်းလောင်ဆိုင်းက ပြောသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် နှစ်ဘက်တွေ့ဆုံစဉ် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင် နိုင်ရေးနှင့် ပတ်သက်၍ သတ်မှတ်ထားသော မူဝါဒများနှင့်အညီ ဆောင်ရွက်နိုင်သည့် လိုအပ်သော နည်းပညာနှင့် ကုမ္ပဏီများ ဖွင့်လှစ်နိုင်ရေး စသည့် အကူအညီများအတွက် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများမှ အမြန်ဆုံး ဆောင်ရွက်ပေး ရန် စသည့်ကိစ္စရပ်များကို SSA-S ဘက်မှ တောင်းဆိုခဲ့သည်။

ထိုကဲ့သို့ စီးပွားရေး အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းများနှင့်အတူ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေ သတ်မှတ်ပေးရေး၊ ဆက်ဆံရေးရုံံး ဖွင့်လှစ်ရေး စသည့်အချက် ၁၁ ချက်ကို ပြည်ထောင်စု အစိုးရက မူအားဖြင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

SSA ဘက်မှ တောင်းဆိုမှုများကို မီးရထားဝန်ကြီးဦးအောင်မင်းမှ လိုက်လျောခဲ့သော်လည်း ဌာနချုပ်ရုံးစိုက်ရာ ဟိုမိန်းနှင့် မုန်းထားမြို့နယ်အတွင်းရှိ အစိုးရတပ်အင်အား လျှော့ချပေးရန်အတွက် တောင်းဆိုမှုကို အောက်ခြေ စစ်ဗျူဟာများနှင့်သာ ညှိနှိုင်းရန် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

“အဲဒီမှာ ကျနော်တို့ ဗဟိုဌာနချုပ်အနေနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးလို့ပါ။ ကျနော်တို့က အစိုးရ တပ်အင်အား လျှော့ပေါ့ပေးဖို့ ပြောတော့ အဲဒါတွေကို ဒီဘက်က နယ်မြေ မှူးတွေ၊ နယ်မြေခံ တပ်တွေနဲ့ ဆက်ညှိနှိုင်းဖို့ ပြောလာတယ်”ဟု စိုင်းလောင်စိုင်း က မဇ္စျိမကို ပြောသည်။

“တကယ်လို့ အစိုးရဘက်မှ စစ်အင်အားမလျော့ပေးဘူးဆိုရင် ကျနော်တို့ လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ နှေင့်နည်းသလို ဖြစ်မှာပါ။ ကျနော်တို့ဘက်က နယ်မြေက နည်းနည်း၊ တပ်အင်အားက များများဆိုရင် ဘယ်လို နေထိုင်ကြမလဲ”ဟု ၎င်းက ဆက်ပြောသည်။

လုံခြံုရေးအရ စစ်အင်အားလျော့ပေးရန်တောင်းဆိုမှုအတွက် SSA-S အဖွဲ့မှ ယခု ရက်ပိုင်းအတွင်း ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့် ဆွေးနွေးပွဲပြုလုပ်၍ ဟိုမိန်းမြို့နယ်နှင့် မုန်းထားမြို့နယ်များမှ စစ်ဗျူဟာမှူးနှင့် လာမည့် ဖေဖော်ဝါရီလ အတွင်း ဆက်လက် ဆွေးနွေးသွားမည်ဟု သိရသည်။

Most read this week