သီီမင်းထက် ဆွဲတင်ကပ်အတွက် ငွေ ၂၀၀၀ စီအတင်းကောက်

သီီမင်းထက် ဆွဲတင်ကပ်အတွက် ငွေ ၂၀၀၀ စီအတင်းကောက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် တာဝန်ကျခဲ့သော နစက အမှတ် (၁) နယ်မြေမှူး ဗိုလ်မှူး သီမင်းထက်သည် သူတာဝန်မှ တခြားနေရာသို့ မပြောင်းမှီ တရက်အလိုတွင် အောင်သပြေ ရွာသားများ အား အတင်း ဆွဲတင်ကပ် ရိုက်ခိုင်းပြီး မိသားစု တစ်ခုစီမှ ငွေ ၂၀၀၀ ကျပ်စီ ကောက်ယူသွား ခဲ့သည်ဟု ရွာသားများက ပြောသည်။

" ဆွဲတင်ကပ် " ဆိုသည်မှာ မောင်တောမြို့နယ်အတွင်း နေထိုင်သူများကို နှစ်စဉ် တစ်ဦးချင်း ဓါတ်ပုံရိုက်ပြီး သက်ဆိုင်ရာ နစက တပ်ဖွဲ့မှ မှတ်တမ်းတင်ထားခြင်းကို ခေါ်ဆိုခြင်း ဖြစ်ကြောင်း သိရသည်။

" သူက ဇန္နဝါရီလ ၂၀ ရက်နေ့မှာ နယ်မြေ (၁) ကနေ နယ်မြေ (၅) ကိုပြောင်းရပါတယ်။အဲသလို မပြောင်းမှီ တစ်ရက်အလိုမှာ ကျွန်တော်တို့ရွာသားတွေကို ဆွဲတင်ကပ် လုပ်ရမယ်ဆိုပြီး အတင်းခေါ်ပြီး ဓါတ်ပုံရိုက်ပါတယ်။ ပီးရင် အိမ်တစ်အိမ်က ၂၀၀၀ ကျပ်စီကောက်ပါတယ်။ နောက်တစ်နေ့မှာ နယ်မြေ (၅) ငခူရကို အဲဒီ ဗိုလ်မှူး ပြောင်းသွားပါတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

အောင်သပြေကျေးရွာတွင် ရခိုင်မိသားစုပေါင်း ၁၂၀ ခန့်နေထိုင်ပြီး အဆိုပါ ဆွဲတင်ကပ်ကို အကြောင်းပြပြီး ငွေ ကျပ် ၂၄၀၀၀၀ ခန့်ကို ကောက်ယူသွားကြောင်း သူက ပြောသည်။

" အဲဒီ နယ်မြေမှူး သီမင်းထက်က ကျွန်တော်တို့ရွာသားတွေကို ဇန္နဝါရီလ ရ ရက်နေ့က တစ်ကြိမ် ဆွဲတင်ကပ် အတွက် ဓါတ်ပုံတွေရိုက်ဖို့ အထက်တန်းကျောင်းကို ခေါ်ခဲ့ပါတယ်။ အဲဒီတုန်းက မိသားစု တစ်စုကို ကျပ် ၃၀၀၀ ပေးရမယ်ဆိုတဲ့ အတွက် ရွာသားအတော်များများက မပေးနိုင်တဲ့ အတွက် ပြန်လာခဲ့ကြပါတယ်။ မိသားစု ၂၀ လောက်ဘဲ ဓါတ်ပုံ ရိုက်ခဲ့ပါတယ်။ အဲသလိုနဲ့ ဒီလ ၁၉ ရက်နေ့မှာ တစ်ကြိမ် ရွာကလူတွေကို နယ်မြေရုံးကို အတင်းခေါ်ပြီး ဓါတ်ပုံရိုက်ပါတယ်။ မိသားစု တစ်စုဆီက မပေး မနေရ ကျပ် ၂၀၀၀ စီ ကောက်သွားပါတယ်" ဟု သူက ဆက်ပြောသည်။

နစက နယ်မြေမှူး သီမင်းထက် တောင်းသော ငွေ ၂၀၀၀ ကို မပေးနိုင်၍ ဓါတ်ပုံရိုက်ရန် ငြင်းဆန်သူ ရွာသားများကို လဝက ဦးစီးမှူးကို ကိုယ်တိုင်ရွာထဲသို့ ၀င်ရောက် ခေါ်ယူခိုင်းပြီး ဓါတ်ပုံရိုက်ရန် ငြင်းဆန်သူများကို ခြိမ်းခြောက်ခြင်း၊ ဆဲဆိုကြိမ်းမောင်းမူများ ပြုလုပ်ခဲ့ကြောင်း ရွာသားများက ပြောသည်။

" အဲဒီ လဝက မြို့နယ်မှူးဆိုသူက ကျွန်တော်တို့ရွာသားတွေကို အမေပေး၊ နှမပေးဆိုပြီး ကလော်တုတ် ပါတယ်။ ဓါတ်ပုံ ရိုက်ပြီး ဆွဲတင်ကပ် မလုပ်ရင် မှတ်ပုံတင်တွေကို သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဒါကြောင့် ရွာသားတိုင်း နယ်မြေမှူးရုံးကို သွားပြီး ဓါတ်ပုံ အရိုက်ခံကြရပြီး ငွေ ၂၀၀၀ ကိုလည်း ရိုက်ပြီးတာ နဲ့ ပေးရပါတယ်" ဟု တခြား ကျေးရွာသား တစ်ဦးကလည်း ပြောသည်။

ယခု ဆွဲတင်ကပ် အတွက် ဓါတ်ပုံရိုက်ခ ငွေ ၂၀၀၀ ကျပ်မှာ သူတို့၏ ကိုယ်ကျိုးအတွက် ဖြစ်ပြီး ယခင် နစက နယ်မြေမှူး လက်ထက်တွင် တစ်စုံတစ်ရာ မပေးဆောင်ခဲ့ရကြောင်း ရွာသားများက ပြောသည်။

" မွတ်ဆလင် မိသားစုတွေကတော့ နှစ်စဉ် ပေးရတယ်ထင်ပါတယ်။ ကျွန်တော်တို့ ရွာက ရွာသားတွေ တနှစ်မှ မပေးရဘူး။ ပီးရင် ကျွန််တော်တို့က နိုင်ငံသားကဒ် အစစ်မှန်တွေကို ကိုင်ဆောင် ထားတဲ့ သူတွေ ဖြစ်ပါတယ်။ ဒီနှစ်မှာ အစိုးရသစ်တက်လာတော့ အခြေအနေပိုကောင်းမယ်လို့ ထင်ထားတာ အခုတော့ အရင်က မပေးရတဲ့ ပိုက်ဆံကိုတောင် အတင်း ကောက်နေတော့ လူတွေ ထင်ထားတာနဲ့ လက်တွေ့က တစ်ခြားစီီ ဖြစ်နေပါတယ်" ဟု လူငယ် ကျောင်းဆရာ တစ်ဦးက ပြောသည်။

ဆွဲတင်ကပ် အတွက် ဓါတ်ပုံကို မိသားစု အလိုက် နှစ်စဉ် ပြုလုပ်ရပြီး လူများကို ဓါတ်ပုံကို ရိုက်ရန် အတင်း ခုံပေါ်ကို ဆွွဲတင်ပြီး ရရှိလာသော ဓါတ်ပုံကို စာရွက်တွင် ကပ်သဖြင့် အဆိုပါ လုပ်ငန်းကို ဒေသခံများက ဆွဲတင်ကပ် ဟု ခေါ်ခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week