တရုတ်နယ်စပ်ရွာထဲ မြန်မာအစိုးရတပ်မှ လက်နက်ငယ် ပစ်ခတ်

တရုတ်နယ်စပ်ရွာထဲ မြန်မာအစိုးရတပ်မှ လက်နက်ငယ် ပစ်ခတ်
by -
ကချင်သတင်းဌာန

တရုတ်နှစ်သစ်ကူးအကြို ဇန်နဝါရီ ၂၂ တနင်္ဂနွေနေ့ ညနေပိုင်းတွင် နယ်စပ် တရုတ်နိုင်ငံ လားယိန်းရွာနှင့် ၎င်းတွင် တရားမဝင် ခိုလုံနေသော ကချင်စစ်ပြေးဒုက္ခသည်စခန်းများရှိရာ သို့ မြန်မာအစိုးရတပ်က လက်နက်ငယ်အကြိမ်ပေါင်းများစွာ ချိန်ရွယ်ပစ်ခတ်ခဲ့ကြောင်း ဒုက္ခသည်နှင့် ရွာသားများဆိုသည်။

မြန်မာနယ်စပ် လွယ်ဂျယ်မြို့ တပ်စခန်း နှစ်နေရာမှ မြန်မာစစ်သားများ၏ပစ်ခတ်မှုတွင် တရုတ်ရွာသားများနှင့် ကချင် ဒုက္ခသည်များ ထိခိုက်မှုမရှိသော်လည်း ကျည်ဆန်မှ လွတ်ရန် မြေပြင်ပေါ် ပြားပြားဝပ်နေရသည့် အခြေအနေရှိခဲ့သည်ဟု ရွာသားများဆိုသည်။ ယင်းပစ်ခတ်မှုသည် မြန်မာစံတော်ချိန် ညနေ ရ နာရီခန့်တွင် ဖြစ်ပွားသည်ဟု ပြောသည်။

တရုတ်ပြည်သူများနှင့် စစ်ပြေးဒုက္ခသည်များအား စိုးရိမ်ထိ်တ်လန့်မှုဖြစ်ပေါ်စေသည့် နယ်စပ်မြန်မာစစ်တပ်၏ ပစ်ခတ်မှုအား တရုတ်အာဏာပိုင်များက တစုံတရာ တုန့်ပြန်မှုမရှိသေးဟု လားယိန်းဒေသခံ တစ်ဦး ပြောသည်။

မြန်မာစစ်တပ်နှင့် ၎င်း၏မဟာမိတ် တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) တို့မှ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းထဲသို့ လက်နယ်ငယ်များပစ်ခတ်လေ့ရှိသော်လည်း အလားတူပစ်ခတ်မှုများ တရုတ်နယ်စပ်၌ ပြီးခဲ့သည့်နှစ် KIO ကို ထိုးစစ်ကြီးပြုလုပ်လာသည်အထိ မရှိသလောက်နည်းပါးသည်။

မြန်မာအစိုးရနှင့် KIO တိုက်ပွဲဖြစ်လာ၍ လားယိန်းသို့ ဒုက္ခသည် ထောင်ဂဏန်း ထွက်ပြေးခိုလှုံနေရခြင်း ဖြစ်သည်။ နှစ်ဖက် တွေ့ဆုံမှုများရှိသော်လည်း ငြိမ်းချမ်းရေးသဘောတူနိုင်ခြင်း မရရှိဘဲ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

တရုတ်နိုင်ငံသားတဦးကို တရုတ်နိုင်ငံထဲ မြန်မာအစိုးရတပ်က ရက်ရက်စက်စက် သတ်ဖြတ် ယခုပစ်ခတ်မှုမ တိုင်ခင် ဇန်နဝါရီ ၁၂ ရက်က တရုတ်နို်င်ငံသားတစ်ဦးကို တရုတ်နိုင်ငံထဲ မြန်မာအစိုးရစစ်သားများ ၀င်ရောက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။

သေဆုံးသူ လဖိုင်ဇော်လောန်သည် ဂျိန်းဖော(ကချင်)လူမျိုးဖြစ်၍ ၀မ်းဗိုက်နှင့် ဦးခေါင်း၌ အနီးကပ် ပစ်ခတ်ခံရကာ မျက်နှာတွင်လည်း သေနတ်ဒင်ဖြင့်ထုထောင်းခံရသည် ဟု ဆွေမျိုးများဆိုသည်။

တရုတ်အာဏာပိုင်များကလည်း အခင်းဖြစ်နေရာတွင် သွေးကွက်နှင့် ကျည်ခွံများတွေ့ရှိကြ၍ အသက် ၅၃ နှစ်ရှိ ထိုကချင်အမျိုးသားမှာ မြန်မာဘက် နယ်စပ်ဖြတ်ကျော်ခြင်းမရှိဘဲ တရုတ်နယ်မြေအတွင်း ဖမ်းဆီး သတ်ဖြတ် ခံရခြင်းဖြစ်သည်ဟု ဆက်ဆိုသည်။

အလောင်းကို အသတ်ခံရသည့်နေရာမှ အနည်းငယ်အကွာတွင် တွေ့ရှိ၍ မြန်မာတပ်က သွေးကွက်တွေ့ရှိ ရာတွင် မြေမြုပ်မိုင်းတစ်ခု၊ အလောင်းရှိရာအနီး နောက်ထပ်မြေမြုပ်မိုင်းတစ်ခု တပ်ဆင်သွားကြသည်ဟု မျက်မြင်များဆိုသည်။

သတ်ဖြတ်သည့်တပ်မှာ နယ်စပ် မုဘွမ် (Mu Bum) တောင်တွင် တပ်စွဲထားသော ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင် နယ်မြေခံ ခမရ (၃၂၁) မှ စစ်သားများဖြစ််သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၂၂ ရက်က အသတ်ခံရသူ ဇော်လောန်နေထိုင်သည့် လွယ်လုံးရွာသားများက တရုတ်နိုင်ငံထဲ ခိုးဝင်လာသည့် မြန်မာတပ်သားနှစ်ဦးကို ဖမ်းဆီး၍ တရုတ်အာဏာပိုင်များထံ အပ်နှံလိုက်ရာ ၎င်းအား တုန့်ပြန်သည့်အနေဖြင့် ယခုလို တရုတ်နိုင်ငံသားကို သတ်ဖြတ်လိုက်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများ ယူဆကြသည်။

မုဘွမ်စခန်းမှ မြန်မာစစ်သားများသည် ရိက္ခာပြတ်လပ်မှုကြောင့် တရုတ်နိုင်ငံထဲ ခိုးဝင်ကာ ဒေသခံများ၏ လယ်ကွက်များမှ အစားအစာများ ခိုးယူလေ့ရှိကြောင်း ဒေသခံများပြောသည်။

Most read this week