မလေးရှားရောက် ရခိုင်များ၏ ARRC ညီလာခံ အောင်မြင်စွာ ပြီးစီး

မလေးရှားရောက် ရခိုင်များ၏ ARRC ညီလာခံ အောင်မြင်စွာ ပြီးစီး
by -
နိရဥ္စရာ

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော ရခိုင် ဒုက္ခသည်များ အရေးကို ဆောင်ရွက်ပေးရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်း ထားသော ရခိုင် ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မီတီ (ARRC) ၏ ညီလာခံမှာ အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

Arakan-Refugee-Rescue-Committee-ARRC
ARRC ၏ အရှည် အခေါ်အဝေါ်မှာ Arakan Refugee Relief Committee ဖြစ်ပြီး ရခိုင်လို ရခိုင် ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မီတီ ဖြစ်သည်။

ညီလာခံကို မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူရှိ WISMABELIA ခန်းမ၌ ယနေ့ ဇန္နဝါရီလ ၂၃ ရက် နေ့ နံနက် ၁၀ နာရီမှာ စတင်ခဲ့သည်။

ညီလာခံကျင်းပရခြင်းနှင့် ပတ်သက်၍ ယခု ကျင်းပပြုလုပ်သည့် ညီလာခံမှ ရွေးချယ် တင်မြှောက် လိုက်သော ဥက္ကဌသစ် ဦးစိုးထွန်းက နိရဥ္စရာသို့ ပြောသည်။

" အခု ပြုလုပ်ခဲ့တဲ့ ညီလာခံက မလေးရှားရှိ ရခိုင်ဒုက္ခသည်ရုံးများ ပေါင်းစည်းထားတာကို အတည်ပြု ဖို့ ကျင်းပတဲ့ ညီလာခံဖြစ် ပါတယ်။ ရည်ရွယ်ချက်ကတော့ခါ တချိန်က ဒုက္ခသည်ရုံးတွေ မလေးရှားမှာ သုံးရုံး ရှိခဲ့တယ်။ အဲဒီရုံးတွေကို လူ ထုတွေရဲ့ ပေါင်းစည်းချင်တဲ့ ဆန္ဒအရ ရုံးပေါင်းစည်းရေး ကော်မီတီက ရုံးတွေကို ပေါင်းစည်းပြီးတဲ့ နောက်ပိုင်းမှာ ယာယီ ညီလာခံတခုကို ကျင်းပခဲ့ပါတယ်။ အဲဒီ ညီလာခံက လူထုတွေရဲ့ ဆန္ဒအရ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်နိုင်အောင် အခု အတည်ပြု ညီလာခံ ကျင်းပရတာ ဖြစ်ပါတယ်။"

ညီလာခံတွင် အဓိကထား လုပ်ဆောင်မည့် ကိစ္စများနှင့် ပတ်သက်၍ ဦးစိုးထွန်းက ယခုကဲ့သို့ ပြောသည်။

" မလေးရှားနိုင်ငံမှာ ရှိနေကြတဲ့ ရခိုင်ဒုက္ခသည်တွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ဒုက္ခသည်တွေ မျှော်လင့်နေ ကြတဲ့ UN နဲ့ တတိယ နိုင်ငံတခုခုကို ခိုလှုံခွင့်ရရှိအောင် ကျွန်တော်တို့အနေနဲ့ တိုးချဲ့လုပ်ကိုင်ဖို့ ဆုံးဖြတ်ချက် ချထားနိုင်ခဲ့ပါတယ်။"

Arakan-Refugee-Rescue-Committee
ARRC မှာ လူမှုအဖွဲ့အစည်းအနေဖြင့် UN အသိအမှတ်ပြုထားသော အဖွဲ့အစည်းတခုဖြစ်သော်လည်း ကိုယ့် လူမျိုးအတွက် နိုင်ငံရေး၊ အမျိုးသားရေး၊ လွတ်မြောက်ရေးကိစ္စရပ်များကိုလည်း ဆက်လက် လုပ်ကိုင်သွားမည် ဟု သူက ပြောသည်။

ညီလာခံတွင် ARRC ဗဟို ကော်မီတီဝင် ၈ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ ဥက္ကဌသစ်အဖြစ် ဦးစိုးထွန်း၊ ဒုဥက္ကဌ ဦးမောင်သိန်းနိုင်၊ အတွင်းရေးမှူးအဖြစ် မောင်သန်းဌေးတို့ကို တင်မြှောက်ခဲ့သည်ဟု သိရသည်။

ညီလာခံမှာ အဆိုပါနေ့ ၆ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

အလားတူ မလေးရှားနိုင်ငံတွင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP (မလေးရှာဌာခွဲ)က ဇန္နဝါရီလ ၂၁ ရက် နေ့က စတုတ္ထအကြိမ်မြောက် သူတို့၏ ညီလာခံတခုကို ကျင်းပခဲ့ရာ ဥက္ကဌအဖြစ် ခိုင်ဟိန်း၊ ဒု ဥက္ကဌ အဖြစ် ခိုင်စိုးရဲသူ၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ခိုင်ဆန်းမြတ်ကျော်တို့ကို ရွေးချယ် တင်မြှောက် ခဲ့သည်ဟု သတင်းရရှိသည်။

Most read this week