လာမယ့် ဧပြီလမှာကျင်းပမယ့် ကြားဖြတ်ရွေးပွဲ မှာဝင်ဖို့မဟုတ်ပေမယ့် ဥပဒေဘောင်အတွင်းမှာ လှုပ်ရှားနိုင်အောင် ရည်ရွယ်ပြီး သျှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံတင်ဖို့ စီစဉ်နေတယ် လို့သိရပါတယ်။
ပါတီမှတ်ပုံတင် ဖို့ကျတော့ တာစူပြီး ကြားဖြတ်ရွေးကောက်ပွဲကိုတော့ ဘာကြောင့် မဝင်ဖို့ဆုံးဖြတ်ပါသလဲ။ ပါတီပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
မေး။ ။ ပါတီမှတ်ပုံတင်ဖို့ ဘယ်အဆင့်ရောက်နေပြီလဲခင်ဗျ။
ပါတီမှတ်ပုံတင်ဖို့ နဲနဲစောင့်ရဦးမယ်။ အားလုံးသဘောတူညီမှုရကြပြီဆိုပေမယ့် လက်မှတ်ထိုးတဲ့ အဆင့်မ ရောက်သေးဘူး။ By- Election ဝင်မှာမဟုတ်တဲ့အတွက် ကျနော်တို့ အလောတကြီးဆောင်ရွက်မှာမဟုတ် ဘူး။
မေး။ ။ By- Election က ဘာကြောင့်မဝင်တာလဲခင်ဗျ။
ဘာကြောင့်မဝင်တာလဲဆိုတော့ နဂိုကတည်းက ကျနော်တို့ရဲ့ ဥက္ကဌနဲ့အတွင်းရေးမှူးကို လွှတ်လိုက် တာက By- Election ဝင်မယ်ဆိုရင်တောင်မှအတော်လေးကို အချိန်က ကသီလင်တ ဖြစ်အောင် ဖန်တီးထားတဲ့အနေအထားဖြစ်နေတယ်။ တဖက်ကလဲ သျှမ်းပြည်မှာ ဝင်လောက်စရာ နေရာတွေ မရှိဘူး။ ပြီးတော့ ဥက္ကဌနဲ့ အတွင်းရေးမှူးရဲ့ ကျန်းမာရေးကလဲ ဆေးစစ်ဖို့အများကြီးလိုအပ်နေ သေးတယ်။ ဒီအခြေအနေအကြောင်းကြောင်းကြောင့် ကျနော်တို့မဝင်ဖြစ်တာပါ။
မေး။ ။ အချိန်ကပ်နေပြီဆိုပေမယ့် SNLD က ကြားဖြတ်ရွေးကောက်ပွဲဝင်ချင်ရင် ဘာကြောင့် ရက်ရွှေ့ဆိုင်း ပေးဖို့ မတောင်းဆိုတာလဲခင်ဗျ။
တောင်းဆိုမယ့်အစီအစဉ်မရှိဘူး။ တောင်းလဲ ရလိမ့်မယ်မထင်ဘူး။ ကျနော်တို့အနေနဲ့ By- Election ကိုလဲ အာရုံမထား ဘူး။ နေရာက သိပ်နည်းနေတယ်။ ကျနော်တို့က ဗမာပြည်တပြည်လုံးကို လွှမ်းခြုံနိုင်တဲ့ပါတီမဟုတ်ဘူးလေ။ သျှမ်းပြည်နဲ့ ကချင်ပြည်လောက်ဘဲအာရုံထားတဲ့ပါတီမျိုး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ - အဲ့ဒီသျှမ်းပြည်နဲ့ ကချင်ပြည်နယ်ကလဲ နေရာက နဲနဲလေးဘဲရှိတယ်။ ဒါတွေကြောင့်လဲပါတာပေါ့နော်။ အဲဒီတောင်းဆိုတယ်မတောင်းဆိုဘူးဆိုတာကလဲ ကျနော်ထင်တယ် တောင်းတိုင်းလဲ ဖြစ်တဲ့အရာမဟုတ်ဘူးလေ။ ဘယ်လောက်ဘဲ တရားမျှတတဲ့တောင်းဆိုမှု သင့်တော်မှန်ကန်တဲ့ တောင်း ဆိုမှုဆိုပေမယ့်လို့ ရစကောင်းတဲ့အရာမဟုတ်ဘူးလေ။ အစဉ်အလာအရ ဒီတိုင်းဘဲနားလည်ထားပါတယ်။
မေး။ ။ By- Election ကိုအာရုံမစိုက်ဘူးဆိုတော့ ဘယ်ချိန်ကျမှ အာရုံစိုက်မလဲခင်ဗျ။
ကျနော်တို့က ၂၀၁၅ ပေါ့နော်။ အဲ့ချိန်မှဘဲရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ပါတယ်။ ဒါတောင်မှလဲ By- Election က ဘယ်လောက်ထိ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်သလဲ ဆိုတဲ့အပေါ်လဲမူတည်တယ်။ ကျနော်တို့က လွှတ်တော်ထဲပါရမှ လွှတ်တော်နိုင်ငံရေးအခင်းအကျင်းထဲဝင်ရမှ ဆိုတဲ့အနေအထားမျိုး ယတိပြတ်ဆုံးဖြတ်ထားတာ မရှိဘူး။ တိုင်းရင်းသားပြည်သူတွေအတွက် တဖက်တလမ်းကနေ အကျိုးရှိစေမယ်ဆိုရင်တော့ လွှတ်တော်ထဲ မဝင်ရ တာတောင်မှ ကျနော်တို့က လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်သွားမယ်ဆိုတဲ့အနေအထားပါ။
မေး။ ။ ကချင်ပြည်နဲ့ သျှမ်းပြည်မှာဘဲ အာရုံစိုက်တယ်ဆိုတော့ ခု ကျားဖြူပါတီကလဲရှိနေတယ်။ ပြီးခဲ့တဲ့ ၃-၄ ရက် ကလဲ တိုင်းလျန်ပါတီထောင်ဖို့ မှတ်ပုံတင်ဖို့တောင်းထားတယ်လို့လဲကြားနေတယ်ခင်ဗျ။ နိုင်ငံရေးပါတီတွေများလာရင် သျှမ်းပြည်လူထုကဇဝေဇဝါဖြစ်မယ်။ အင်အားကတောင့်တင်းတော့မှာ ဟုတ်ဘူး။ ဒီအချက်တွေအပေါ်ကော ဘယ်လိုမြင်ပါသလဲ။
တစ်အချက်ကတော့ ပါတီတွေအများကြီးရှိတယ်ဆိုတာက ဒါ ဒီမိုကရေစီရဲ့ အခွင့်အရေးဘဲလေ။ ဒီမိုကရေစီအခွင့်အရေး ဘဲမို့လို့ ဘယ်သူမဆို ပါတီထောင်ပိုင်ခွင့်ရှိပါတယ်။ ထောင်တဲ့အဖွဲ့ကိုလဲဘဲ ကျနော်တို့ ကြိုဆိုပါတယ်။ နှစ်အချက်က လူမျိုးစုနည်းတဲ့နယ်မြေတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူဦးရေတကွဲတပြားဖြစ်မယ်ဆိုတာလဲ လက်ခံပါတယ်။ ကျနော် တို့မှာ နိုင်ငံရေးအပေးအယူလုပ်တတ်သလား မလုပ်တတ်ဘူးလား ။ မဟာမိတ်ဆန်ဆန် ၊ ပရိယာယ်ကြွယ်ကြွယ် နဲ့လုပ် တတ် တယ်မလုပ်တတ် ဘူးဆိုတဲ့အပေါ်မူ တည်ပါတယ်။ ပြည်သူလူထုအနေနဲ့ ဒီမဲကိုထဲ့တဲ့နေရာမှာလဲဘဲ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းကဖြင့် ဘယ်ပါတီကဖြင့် ပြည်သူလူထုအတွက်အမှန်တကယ်အကျိုးပြုတဲ့လုပ်ငန်းတွေ လုပ်နေတယ်ဆို တာ ပြည်သူကနားလည်ပြီးသားပါ။ အဲ့တော့ ပြည်သူကိုအလုပ်အကျွေးပြုတဲ့ပါတီကတော့ ဆန္ဒမဲတွေရသွားမှာပါဘဲ။ ဒါကလဲဘဲ ဒီမိုကရေစီနည်းလမ်းအရ သမာသမတ် ကျတဲ့ ဓမ္မဓိဌာန်ကျတဲ့ အတွေးအခေါ်တရပ်လို့ ကျနော်ယူဆပါတယ်။ ဒါကြောင့်မို့လို့ မဲတွေတကွဲတပြားဖြစ်မယ့်ကိစ္စ စိုးရိမ်စရာမရှိဘူးလို့ မြင်ပါတယ်ခင်ဗျ။
မေး။ ။ ကျားဖြူပါတီဥက္ကရဲ့ ကမ်းလှမ်းချက် လားရှိုးလွှတ်တော်အမတ်နေရာဝင်ပြိုင်ဖို့ ခွန်ထွန်းဦးကိုကမ်းလှမ်းတာ ဘာကြောင့် ပယ်ချ လိုက်တာလဲခင်ဗျ။
အဓိကကတော့ SNDP ဥက္ကဌရဲ့ကမ်းလှမ်းချက်က လာမယ့် By- Election မှာ SNDP ရဲ့ ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံဖို့ ကမ်းလှမ်းတယ်။ ဆိုတော့ SNLD ဥက္ကဌတယောက်အနေနဲ့ SNDP ထဲကို ဝင်သွားဖို့ဆိုတာ မလွယ်ပါဘူး။ ပြီးတော့ ကမ်းလှမ်းချက်မှာ ကျနော်တို့ ကြားသိသလောက်ဆိုရင် ကျနော်တို့ နားလည်သလောက်ဆိုရင် ဥက္ကဌ တယောက် ထဲကိုဘဲ ကမ်းလှမ်းတာခင်ဗျ။ အဲ့တော့ ကျနော်တို့ ကျန်နေတဲ့ စီအီးစီ တဖွဲ့လုံးနဲ့ မြို့နယ်ပါတီဝင်တွေ ကျန်ခဲ့မယ်။ နောက် SNLD ဥက္ကဌဟာ UNA ရဲ့ခေါင်းဆောင်ဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့ခေါင်းဆောင်ဖြစ် တယ် ဆိုတာ UNA တဖွဲ့ လုံးကလဲ ခံယူထားပြီးသား။ တချိန်လုံးကျနော်တို့ SNLD ရဲ့ထီးရိပ်ခိုပြီး နိုင်ငံရေး လုပ်လာခဲ့တာပါလို့ UNA အဖွဲ့ဝင်အားလုံးက တညီတညွတ်တည်းပြောဆိုထားတယ်။ တခါ ဥက္ကဌနဲ့ အတွင်းရေးမှူး ထွက် မလာခင်အထိကို UNA တဖွဲ့လုံးက ဒီခေါင်းဆောင် ၂ ယောက်ကို လွှတ်မပေးဘဲနဲ့ ကျနော်တို့တွေ ပါတီမှတ်ပုံမတင်ပါ ဘူးဆိုပြီးမှ တညီတညွတ်တည်း ရဲဘော်ရဲဘက်စိတ်တွေ ထားခဲ့ကြတာပါ။ အဲဒီတော့ ဒီလိုထွက်လာခါမှ UNA တဖွဲ့လုံးကို ဥပက္ခပြုပြီး ခွန်ထွန်းဦးအနေနဲ့ SNDP ထဲကိုဝင် SNLD ပါတီကိုဆက်လက်မှတ်ပုံမတင်ဘူးဆိုရင် သူတို့ကျန်တဲ့ UNA အဖွဲ့တခုလုံးကိုလဲ မထောက်ထားရာကျပါတယ်။ ဒီအချက်တွေကိုလဲ ထည့်သွင်းစဉ်းစားရတယ်။ နောက် အရေးကြီးဆုံး တခုက SNDP ဥက္ကဌပြောသွားတဲ့စကားတခွန်းက သူတို့ဟာ အစိုးရနဲ့ အတိုက်အခံလုပ်မှာမဟုတ်ဘူး။ အခု လက်ရှိအစိုးရ ချ သွားတဲ့မူဘောင် အတိုင်းဘဲဆက်လက်ပြီးတော့ နိုင်ငံရေးလုပ်သွားမယ်။ အထိအခိုက် အတိမ်းအစောင်းလုံးဝ မခံနိုင် ဘူးလို့ပြောတယ်။ ဒါပေမယ့် အခုလက်ရှိချမှတ်ထားတဲ့ ၂၀၀၈ ဥပဒေနဲ့မူဘောင်ဟာ ကျနော်တို့လိုလားတဲ့ ကျနော်တို့ တောင်းဆိုနေတဲ့ တန်းတူညီရေး ကိုယ်ပိုင်ဌာန်းခွင့်ရရှိရေး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရှိရေး အစရှိတဲ့ အချက်တွေနဲ့ စစ်မှန်သောပြည်ထောင်စုကိုတည်ဆောက်နိုင်ဖို့ဆိုတဲ့ အချက်တွေကို လုံးဝ ဥဿုံ အာမခံချက်မရှိသေးဘူးဆိုတာ ကျနော် တို့ ယူဆတယ်ဗျ။ ကျနော်တို့သွားချင်တာက ပြည်ထောင်စုစစ်စစ်မူနဲ့ တန်းတူညီရေး ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ SNDP ဥက္ကဌပြောသွားတဲ့မူက ကျနော်တို့နဲ့သဟဇာတ သိပ်မဖြစ်တဲ့အနေအထား ဒီအချက် ၃ ချက်အပေါ်မူတည်ပြီးတော့မှ ကျနော်တို့က သူတို့ရဲ့ ကမ်းလှမ်းချက်ကို လက်မခံနိုင်တာဖြစ်ပါတယ်ခင်ဗျ။
မေး။ ။ SNDP ကလဲ လူထုအကျိုးပြုလုပ်ငန်းလုပ်သွားမယ်လို့ ပါတီစထောင်ကတည်းကကြွေးကြော်ထားတယ်။ ခု ၁၉၉၀ က အနိုင်ရခဲ့တဲ့ SNLD ကလဲ လူထုနဲ့ကင်းကွာတာကြာနေပြီဆိုတော့ ပါတီရဲ့နိုင်ငံရေးမူဝါဒကကော ပြောင်းလဲ လား ခင်ဗျ။ တချက်လောက်ရှင်းပြပေးပါလား။
ကျနော်တို့ပါတီရဲ့ နိုင်ငံရေးရည်မှန်းချက်ကတော့ ပြည်သူလူထုကိုအလုပ်အကျွေးပြုဖို့ ပြည်သူလူထုရဲ့လွတ်လပ်မှု ပြည်သူ လူထုရဲ့အခြေခံအခွင့်အရေးတွေရရှိဖို့အတွက် ရင်ဆိုင်တောင်းဆိုပေးဖို့၊ ပြည်သူလူထုအပေါ်မှာ သစ္စာရှိရှိနဲ့ ရပ်တည်သွားဖို့ ဒီအချက်တွေရှိတယ်။အရင်ကတည်းက ချမှတ်ထားတဲ့မူဘောင်အတိုင်းဘဲဆက်သွားမှာဖြစ်တယ်။ နောက်တခါ ပြည်သူလူ ထုကိုကတိပေးထားပြီးသား ကတိကဝတ်တွေကို ကျနော်တို့မဖောက်မဖျက်ဘဲနဲ့ဆက်လက်ပြီး ချီတက်သွားမှာလုပ်ဆောင် သွားမှာဖြစ်တယ်။ အဲဒီပေးထားတဲ့ကတိဆိုတာက ပြည်သူလူထုကိုနစ်နာစေမယ့် မတရားတဲ့ ဥပဒေတွေကိုကျနော်တို့ လက်ခံမှာမဟုတ်ဘူး။ အဲ့တော့ မတရားသဖြင့် ပြဌာန်းထားတဲ့ဥပဒေတွေကို တွန်းလှန်ပြီးတော့မှ ပြည်သူလူထုရဲ့ ကောင်း ရာကောင်းကျိုးဆောင်ရွက်သွားပါမယ်ဆိုတဲ့အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့ အမြဲမပြတ် ထားရှိတယ်။ အဲ့တိုင်းဘဲ ဆက်လက်ချီတက်မှာဖြစ်ပါတယ်။
မေး။ ။ ဟုတ်ကဲ့ အရင်က အမျိုးသားညီလာထံကိုမထောက်ခံလို့ SNLD ပါတီခေါင်းဆောင်ကြီးတွေတောင် ထောင်ကျ တဲ့အထိ ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ခုထောင်က ထွက်လာတော့ ပါတီမှတ်ပုံပြန်တင်မယ်လို့ ပြောပြန်တယ်။ ဘာကြောင့် မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တာလဲခင်ဗျ။
မှတ်ပုံတင်ဖို့ ဆုံးဖြတ်တယ်ဆိုတာက အခု ကျနော်တို့မှာရွေးချယ်စရာလမ်းမရှိဘူး။ နိုင်ငံရေးလုပ်မယ် လူထုအတွက် အကျိုးရှိရာရှိကြောင်းလုပ်မယ်။ ပြည်ပကလာတဲ့ဧည့်သည်တွေကိုလက်ခံတွေ့ဆုံမယ်။ နောက် ကျနော်တို့ရဲ့ခံယူချက် သဘောထား ပြည်သူလူထုကိုသိစေချင်တဲ့အချက်အလက် ဒါတွေကို ဖွင့်ဟပြောပြချင်တယ်ဆိုရင် အခု ခင်ဗျားတို့နဲ့ဆက် သွယ်နေသလို အွန်လိုင်းမီဒီယာတခုတည်းနဲ့အားကိုးလို့မရတော့ဘူး။ Press Media ဆိုတဲ့ ပုံနှိပ်စာရွက်စာတမ်း ထုတ် ဝေဖြန့်ချီတဲ့အဆင့် ဒီကိစ္စတွေ လုပ်ဖို့လိုအပ်လာတယ်။ ဒီလိုလုပ်ဖို့ဆိုရင် တရားမဝင်ပါတီအနေအထားမျိုးနဲ့ ရပ်တည် လို့မရတော့ဘူး။တချိန်ချိန်မှာ ကျနော်တို့ကိုလာတွေ့တဲ့ ပါတီ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအတွက်တောင်မှဘဲ အန္တရာယ် ရှိလာနိုင်တယ်။ အဲလိုနားလည်ထားတယ်လေ။ ဒါကြောင့်မို့ ကြားဖြတ်ရွေးကောက်ပွဲဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ထိတွေ့ဆက်ဆံဖို့ နိုင်ငံရေးလုပ်ဖို့ကတော့ ကျနော်တို့မှတ်ပုံတင်မှရမယ်ဆိုတဲ့အနေအထားမျိုး။ ဒါကအခြေအနေ ကြောင့် မို့လို့လုပ်တာပေါ့ဗျာ။ အမှန်ကတော့ မှတ်ပုံမတင်ဘဲ လွတ်လွတ်လပ်လပ်လုပ်လို့ရမယ်ဆိုရင် ကျနော်တို့ မှတ်ပုံ တင် စရာအကြောင်းမရှိပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့မှတ်ပုံတင်တယ်ဆိုတာ လိုအပ်ချက်တရပ်ကြောင့်မို့လို့ မှတ်ပုံ တင်ရတာပါ။
မေး။ ။ အဲ့ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုတကယ်လက်လွတ်လိုက်ရမယ့် အခြေအနေဖြစ်နေတယ် ပေါ့နော်။ ဒီအပေါ်မှာကော ဘယ်လိုခံစားရပါသလဲ။
ရွှေထီးဆောင်းခဲ့ရတယ်ဆိုတာကို ကျနော်တို့ တမ်းတမ်းတတ ပြောနေစရာမလိုပါဘူး။ သမိုင်းမှာ ကျန်ခဲ့တာပေါ့ဗျာ။ ပြည်သူလူထုကရွေးချယ်ပေးခဲ့ပြီးပြီ။ဒါကြောင့်မို့လို့ စောစောက မေးခွန်းနဲ့ဆက်စပ်ပြီးဖြေမယ်ဆိုရင် SNLD ပါတီဟာ ပြည်သူလူထုရဲ့ရွေးကောက်တင်မြှောက်ခြင်းကိုခံခဲ့ရပြီးပြီ။ဒါပေမယ့် ပြည်သူလူထုရဲ့အကျိုးအတွက်တိတိပပ ဆောင် ရွက်ပေးနိုင်ခဲ့ခြင်းမရှိဘူး။ ဆောင်ရွက်ခွင့်မရခဲ့ဘူး။ တကယ်လို့ဆောင်ရွက်ခွင့်ရခဲ့မယ် ဆိုရင် မှတ်ပုံဆက်လက် တင်ခြင်း မပြုဘဲနဲ့လဲ ကျနော်တို့ ဆောင်ရွက်သွားမှာဘဲ ဥပဒေရဲ့ကန့်သတ်မှုမရှိရင်ပေါ့နော်။ ဒါကြောင့်မို့လို့ ၁၉၉၀ ပြည့်ရွေး ကောက်ပွဲရလဒ်ကို ပြန်လည်တမ်းတနေတာမဟုတ်ပေမယ့်လို့ ကျနော်တို့ဟာ ပြည်သူလူထုရဲ့ရွေး ကောက်တင်မြှောက် ခြင်း ခံ ထားရတဲ့ သျှမ်းပြည်ထဲမှာ အကြီးဆုံးပါတီတခုဆိုတာကိုယ့်ကိုယ်ကိုအမြဲတမ်း ခံယူထားတယ် နားလည် ထားတယ်။ ဒါဂုဏ်ယူဝင့်ကြွားခြင်းမဟုတ်ဘူး။ တာဝန်ယူမှုအပိုင်းကိုပြောတာပါ။ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ ကျနော်တို့ပါတီကြီးဟာ ပြည်သူလူထုကောင်းရာကောင်းကျိုးအတွက်ဆောင်ရွက်လိုတယ်။ အဲလိုဆောင်ရွက် လို့ရှိရင် မှတ်ပုံတင်မှသာလျင်ဆောင်ရွက်နိုင်မယ်ဆိုတဲ့အနေအထားရောက်တဲ့အတွက်ကြောင့်မို့လို့ မှတ်ပုံတင် ရခြင်းဖြစ် ပါတယ်။
မေး။ ။ SNLD မှတ်ပုံတင်မယ့်ကိစ္စ UNA တွေက ဘယ်လို ပြောကြသလဲခင်ဗျ။ အကုန်လုံးပူးတွဲမှတ်ပုံတင်ကြမှာ လား ခင်ဗျ။
တသီးတခြားစီ အရင်တင်မှာပါ။ နောက်မှ Aim an Object ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တူတဲ့ မည်သည့်ပါတီ အဖွဲ့ အစည်းနဲ့မဆို မဟာမိတ် ပြုသွားဖို့ရှိပါတယ်။ သျှမ်းပါတီနဲ့ဘဲဖြစ်ဖြစ် ချင်းပါတီနဲ့ဘဲဖြစ်ဖြစ် တခြားဘယ်ပါတီနဲ့ဘဲဖြစ်ဖြစ် ဒီမိုကရေစီရရာရကြောင်း စစ်မှန်တဲ့ပြည်ထောင်စုတည်ဆောက်ဖို့အတွက် ကြိုးပမ်း ဖို့အတွက် လူထုကိုအကျိုးပြုမယ့် ဘယ်ပါတီ ဘယ်အဖွဲ့အစည်းမဆို ကျနော်တို့က မဟာမိတ်ပြုသွားဖို့ ပူးပေါင်းဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်။
ကျန်တဲ့ UNA အဖွဲ့ဝင်အားလုံးကလဲဘဲ အဲလိုဘဲ သဘောကိုက်ညီကြမယ်လို့ ကျနော်တို့နားလည်ထား ပါတယ်။
မေး။ ။ မှတ်ပုံတင်ဖို့ ဘယ်နေ့ရက်လောက်ကျမယ်လို့ ခန့်မှန်းနိုင်ပါမလဲ။
နောက်လထဲမှာဖြစ်မယ်လို့ထင်ပါတယ်။
မေး။ ။ ဘာများဖြည့်စွက်ပြောလိုပါသလဲခင်ဗျ။
ဟုတ်ကဲ့ ကျနော်တို့ မှတ်ပုံတင်တယ်ဆိုတာက ဘယ်ပါတီက ဘယ်လိုဖြစ်နေလို့ ဆိုတဲ့အကြောင်းကြောင့် တင်တာ မဟုတ် ပါဘူး။ ကျနော်တို့သျှမ်းပြည်သူလူထုကိုဝေဝါးသွားစေလိုတဲ့ရည်ရွယ်ချက်မရှိဘူး။ ခုရှုပ်မှနောင်ရှင်းဆိုသလိုမျိုး ကျနော်တို့ ရဲ့ ရည်ရွယ်ချက်က ဒါဖြစ်တယ်။ လုပ်ငန်းဆောင်တာ မဟာဗျူဟာက ဒါဖြစ်တယ်ဆိုပြီးချပြမယ်။ နောင်တချိန်မှာ ကျနော် တို့ နဲ့ရည်ရွယ်ချက်ချင်းတူညီနဲ့ ပြည်သူလူထုကိုအကျိုးပြုမယ့် ဘယ်ပုဂ္ဂိုလ်အဖွဲ့အစည်း ဘယ်ပါတီမဆို ကျနော်တို့နဲ့ ပူး ပေါင်းဖို့ မဟာမိတ်ပြုဖို့ အပေးအယူလုပ်ဖို့ ကျနော်တို့ ရည်ရွယ်ထားပြီးသားပါ။ ဆိုလိုတာတော့ ကွဲပြားစေလိုလို့ ဒီလိုလုပ် တာမဟုတ်ဘူး။ သူဘာလဲ ငါဘာလဲဆိုတာ ကွဲကွဲပြားပြားသိစေအောင် အခုခွဲခြား ပြထားပြီးမှ နောင်တချိန်မှာ ပူးပေါင်း လို့ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါတီထောင်တာပါလို့ ဒါလေးတချက်ကိုတော့ ဖြည့်စွက်ပြောကြားလိုပါတယ်။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ သျှမ်းပြည်နယ်မှာ အနိုင်ရပါတီဖြစ်ပြီး တပြည်လုံးမှာ ဒုတိယ မဲအများဆုံးအနိုင်ရခဲ့တဲ့ပါတီဖြစ်ပါတယ်။ ပါတီခေါင်းဆောင် ခွန်ထွန်းဦး၊ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်နဲ့ အလုပ်အမှုဆောင်စိုင်းလှအောင်ကို ၂၀၀၅ ခုနှစ်က နိုင်ငံတော်ပုန်ကန်မှု၊ ပြည်ထောင်စုမှခွဲထွက်လိုမှု အပါအဝင် အခြားအမှုပေါင်းများစွာနဲ့ စွပ်စွဲပြီး နအဖ စစ်အစိုးရကဖမ်းဆီးခဲ့ပါတယ်။ ထောင်ဒဏ် နှစ်ရှည်ချမှတ်ပြီး နယ်ဝေး ထောင်တွေကို ပို့ဆောင်ချုပ်နှောင်ခဲ့ပါတယ်။ သိန်းစိန်အစိုးရရဲ့ ၂၀၁၂ ဂျန္နဝါရီလ ၁၂ ရက်နေ့ လွတ်ငြိမ်း ချမ်းသာခွင့်ကြောင့် ထောင်ဒဏ်ကနေ လွတ်မြောက်လာခဲ့ကြပါတယ်။