ရွှေလီမြို့တွေ့ဆုံပွဲပြီးနောက် မြန်မာအစိုးရက ကချင်ထိုးစစ် အရှိန်တိုးနိုင်

ရွှေလီမြို့တွေ့ဆုံပွဲပြီးနောက် မြန်မာအစိုးရက ကချင်ထိုးစစ် အရှိန်တိုးနိုင်
by -
ကချင်သတင်းဌာန

ပြီးခဲ့သည့်အပတ် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးအပြီး သဘောတူညီမှုအချို့ရခဲ့သော်လည်း အစိုးရထိုးစစ် ပိုပြီးပြင်းထန်လာနိုင်ကြောင်း စစ်ရေးသုံးသပ် သူများက ဆိုသည်။

လွန်ခဲ့သည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားသောတိုက်ပွဲများတွင် အစိုးရတပ်က KIO အောက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)အား စစ်အင်အား အမြောက်အများနှင့် လက်နက်ကြီးများကို အဓိကထားပြီး တိုက်ခိုက်ခဲ့သည်ဟု ကချင်ပြည်နယ် KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာမှ အရာရှိများပြောပါသည်။

ယခု ဖြစ်လာမည့် ထိုးစစ်တွင် အစိုးရတပ်မှ စစ်တိုက်လေယာဉ်များနှင့် တင့်ကားများ အသုံးပြုလာနိုင်ဖွယ် ရှိသည်ဟု မြန်မာ-တရုတ်နယ်စပ်မှ စစ်ရေးလေ့လာသူများပြောသည်။

တချိန်ထဲမှာ ယခု လဆန်းကတည်းက တရုတ်နယ်စပ်အနီး KIA ဗဟိုဌာနချုပ် လိုင်ဇာနှင့် အမာခံစခန်းများ အနီးတွင်လည်း ၁၀၅ မမ၊ ၁၂၀ မမ၊ ၁၅၅ မမ အမြှောက်များ စသည့် လက်နက်ကြိိီးများ ပြန်လည်နေရာ ရွှေ့ပြောင်းချထားနေပြီး ရှေ့တန်းနယ်မြေများတွင် စစ်သားသစ်များကို ပြောင်းလဲနေရာချထားနေသည် ဟုလည်း KIA ရှေ့တန်းသတင်းရပ်ကွက်များ ဆိုသည်။

၁၉၉၄ ခုနှစ်နှင့် မတူဘဲ ယခုအချိန်မှာ မြန်မာအစိုးရနှင့် KIO ကြား အပစ်အခတ်ရပ်ဆိုင်းနိုင်ရန် အဓိက သဘောထားကွဲလွဲမှုတွေ ရှိနေပါသည်။  အဓိက အကြောင်းရင်းသည် မြန်မာအစိုးရက ယခင်အတိုင်း ”အပစ်ခတ်ရပ်ဆိုင်းရေးကို ပထမပြုလုပ်ပြီး ၎င်းနောက် တဆင့်ပြီး တဆင့် နိုင်ငံရေးဆွေးနွေးရေး” အစီအစဉ်ဖြစ်သည်။  သို့သော် ၎င်းအစီအစဉ်ဟောင်းအား KIO က လက်မခံဘဲ “နိုင်ငံရေးပြဿနာကို အရင်ဆုံးဖြေရှင်းပြီးမှ အပစ်ခတ်ရပ်ဆိုင်းရေးကို နောက်ဆုံးမှပြုလုပ်ရန်” အစိုးရသို့ နက်နက်နဲနဲ တင်ပြထားခြင်း ဖြစ်သည်။

ယခုအချိန် မြန်မာအစိုးရ စစ်အင်အားအမြောက်အများကို ရှမ်းပြည်မြောက်ပိုင်းတွင် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ကူမင်းသို့ ရွှေသဘာဝဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းသွယ်တန်းမည့်လမ်းကြောင်း KIA တပ်ရင်း ၈ နယ်မြေနှင့် ကချင်ပြည်နယ်တွင် KIA ဗဟိုဌာနချုပ် လိုင်ဇာပတ်ဝန်းကျင်၊ မန်မော် (ဗန်းမော်)-လွယ်ဂျယ်လမ်း၊ မြစ်ကြီးနား-ကန်ပိုင်တီလမ်း၊ ဖားကန့်ကျောက်စိမ်းမှော်နှင့် ဟူးကောင်းချိုင့်ဝှမ်းဒေသများတွင် အဓိက ချထားပါသည်။

Most read this week