မွန်ပြည်နယ်တွင် ရာဘာစျေး ပြန်လည် ဦးမော့လာ

မွန်ပြည်နယ်တွင် ရာဘာစျေး ပြန်လည် ဦးမော့လာ
by -
ကေအိုင်စီ

မြန်မာနိုင်ငံတွင် ရာဘာကို အဓိက စီးပွားရေးလုပ်ငန်းတခုအဖြစ် လုပ်ကိုင်စားသောက်နေကြသည့် မွန်ပြည်နယ်၌ ယခုရက် ပိုင်းအတွင်း ရာဘာစျေးနှုန်း ပြန်လည်ဦးမော့လာကြောင်း ရာဘာခြံပိုင်ရှင်များက ပြောသည်။

Rubber

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ရာဘာစျေးမှာ ကျပ် ၁၀၀၀အောက်ကို ကျဆင်းသွားခဲ့ပြီး လက်ရှိအချိန်တွင် အရည်အ သွေးကောင်းဟု သတ်မှတ်ထားသည့် ရာဘာအပါး တစ်ပေါင်လျှင် ၁,၂၀၀ကျပ်ထိ မြင့်တက်သွားခြင်း ဖြစ်သည်။

“ရာဘာတပေါင် ၁၀၀၀ကျပ် အောက်ကျနေတာ နှစ်လနီးပါးရှိနေပြီး။ ဒီရက်ပိုင်းမှာပဲ စျေးက ပြန်တက်လာတယ်။ ဒီ့ထက် တက် ဦးမယ်တော့ ထင်တယ်။ မြို့ပေါ်က အဝယ်ဒိုင်အကြီးတွေလည်း သူတို့လိုလာရင် စျေးလည်း ထပ်ကောင်းလာမှာပဲ။”ဟု မုဒုံမြို့ ပေါ်ရှိ ရာဘာရောင်းဝယ်နေသူတစ်ဦးက ပြောသည်။

ရာဘာစျေးကျချိန်တွင် ရာဘာလုပ်ကိုင်နေသူတို့က ရာဘာစျေးမကောင်းသည့်အတွက် ရာဘာကို သိုလှောင်ထားကြပြီး ယခု စျေးပြန်လည် ဦးမော့လာသည့်အချိန်တွင် ၎င်းသိုလှောင်ရာဘာများကို ပြန်လည် ထုတ်ရောင်းနေကြကြောင်း ရာဘာစိုက်ပျိုးသူ များက ပြောသည်။

ယခုအချိန်သည် ရာဘာရွက်ကြွေချိန်ဖြစ်၍ ရာဘာစေးကို ထုတ်ယူခြင်းမရှိကြဘဲ ယခုရက်ပိုင်းကျမှသာ ရာဘာစျေးပြန်တက် လာခြင်းဖြစ်ပြီး ယမန်နှစ်ထက် ပိုစျေးတက်လာနိုင်ဖွယ်ရှိသည်ဟုလည်း မုဒုံမြို့နယ်မှ ရာဘာခြံပိုင်ရှင် မိချိုက ပြောသည်။

မွန်ပြည်နယ်တွင် ရာဘာကို အဓိက အသက်မွေးဝမ်းကျောင်း စီးပွားရေးလုပ်ငန်းတခုအဖြင့် လုပ်ကိုင်စားသောက်နေကြသည့် အတွက် ရာဘာစျေးကျချိန်တွင် စီးပွားရေး ထိခိုက်ရပြီး စျေးတက်လာသည့်အပေါ် ကျေနပ်ဝမ်းသာကြောင်း ခြံပိုင်ရှင် ဦးအောင် က ပြောသည်။

၎င်းက “ကျနော်တို့က ခြံပဲလုပ်တာလေ။ ရာဘာနဲ့ပဲ ထမင်းစားနေကြတာ။ ရာဘာစျေး မကောင်းတဲ့အချိန်ဆို အရမ်း အခက်အ ခဲ ဖြစ်တယ်။ အထူးသဖြင့် ငှားထားတဲ့ ရာဘာအစေးခြစ်သမားတွေအတွက် လုပ်ခပေးဖို့၊ နောက်ပြီးတော့ ကိုယ့်အိမ်က စားရေး သောက်ရေး အများကြီး အခက်အခဲဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ရာဘာစျေး ပြန်ကောင်းလာတာ ဝမ်းသာတယ်ဗျာ။”ဟု ဆိုသည်။

မွန်ပြည်နယ်သည် တနိုင်ငံလုံးရှိ ရာဘာစိုက်ပျိုးမြေ ဧက၏ ၃၇ ဒဿမ ၆ရာခိုင်နှုန်းဖြင့် ရာဘာအများဆုံး စိုက်ပျိုးသည့် ပြည် နယ် ဖြစ်သည်။ ၁၉၈၈ခုနှစ်မှစ၍ ၂၂နှစ်တာကာလအတွင်း ထိုဒေသတွင် ရာဘာစိုက်ပျိုးမြေဧက ၅ဆကျော် တိုးလာကြောင်း ယမန်နှစ်ကုန်ပိုင်းက ဖော်ပြခဲ့သည့် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ၌ ဆိုထားသည်။

မွန်ပြည်နယ်မှ ထွက်ရှိသည့် ရာဘာကို မြန်မာပြည်အထက်ပိုင်း အထူးသဖြင့် ရန်ကုန်နှင့် မန္တလေးမြို့သို့ တင်ပို့ပြီး ထိုမှတဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေရောင်းချကာ စင်ကာပူနှင့် ဂျပန်နိုင်ငံသို့လည်း တင်ပို့နေသည်။

ပြီးခဲ့သည့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ရာဘာတန်ချိန် ထောင်ပေါင်း ၉၁ ဒဿမ ၃၅တန် တင်ပို့နိုင်ခဲ့ပြီး ယခု ၂၀၁၁-၂၀၁၂ဘဏ္ဍာရေးနှစ်တွင် တန်ချိန် တစ်သိန်းတင်ပို့ရန် လျာထားမှု ရှိသည်ဟု သိရသည်။

Most read this week