လွှတ်တော်တွင်း အခက်အခဲများ၊ တပ်မတော်သား ကိုယ်စားလှယ်များ၏ အခြေအနေ၊ ကြားဖြတ် ရွေးကောက်ပွဲအပြီး လွှတ်တော်တွင်း နေရာယူမှု၊ ပြည်တွင်းငြိမ်းချမ်းရေး စသည်တို့နှင့် ပါတ်သက်၍ NDF တည်ထောင်သူ ခေါင်းဆောင် တဦးဖြစ်သော ဦးခင်မောင်ဆွေကို ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်တွင် မဇ္ဈိမ၏ စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းက တွေ့ဆုံ
မေးမြန်းခဲ့ခြင်း ဖြစ်သည်။
NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ နှင့် မဇ္စျိမ အယ်ဒီတာ ဦးစိန်ဝင်း တွေ့ဆုံမေးမြန်းခြင်း)
မဇ္စျိမသတင်းဌာန ။ ။ ၂၀၁၀ နိုဝင်္ဘာရွေးကောက်ပွဲရလဒ်အရ လွှတ်တော်အရပ်ရပ်ကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင် ခေါ်ယူကျင်းပခဲ့သည်။
နှစ်ကြိမ်တိုင် ခေါ်ယူကျင်းပခဲ့ပြီးဖြစ်သည့် ပြည်ထောင်စုလွှတ်တော်အတွင်းတွင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ကလည်း အတိုက်အခံပါတီတခုအဖြစ် ရပ်တည်လျက်ရှိသည်။
လွှတ်တော်တွင်း အခက်အခဲများ၊ တပ်မတော်သား ကိုယ်စားလှယ်များ၏ အခြေအနေ၊ ကြားဖြတ် ရွေးကောက်ပွဲအပြီး လွှတ်တော်တွင်း နေရာယူမှု၊ ပြည်တွင်းငြိမ်းချမ်းရေး စသည်တို့နှင့် ပါတ်သက်၍ NDF တည်ထောင်သူ ခေါင်းဆောင် တဦးဖြစ်သော ဦးခင်မောင်ဆွေကို ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်တွင် မဇ္ဈိမ၏ စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းက တွေ့ဆုံ
မေးမြန်းခဲ့ခြင်း ဖြစ်သည်။
လက်ရှိ လွှတ်တော်တွင်း နိုင်ငံရေး အနေအထားက သိပ်တိုးတက်မှု မရှိသေးဘူးလို့ မြင်ပါတယ်။ အဲဒီအခြေအနေ
ပြောင်းလဲသွားမယ်လို့ ထင်ပါသလား။
ပြည်သူလူထုရဲ့ အရှိန်အဝါရဲ့ သက်ရောက်မှုဟာ ဘယ်လောက်ထိ သက်ရောက်ပြီလဲဆိုတာ ရွေးကောက်ပွဲ ရလဒ်ပေါ်မှာပဲ မူတည်ပါတယ်။ နောက်တခုက ကျနော် NLD ဟောင်းပါ။ ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အခင်းအကျင်း၊ ၂ဝ၁ဝ ရလဒ် ရွေးကောက်ပွဲအခင်းအကျင်းက မတူနိုင်ပါဘူး။ ခင်ဗျားတို့လည်း ခန့်မှန်းမိပါတယ်။ တိုင်းရင်းသားဒေသတွေမှာတော့ တိုင်းရင်းသားအများစု နိုင်ဖို့ကတော့ ကျိန်းသေပါတယ်။ NLD ရဲ့ နေရာ ၄၈ နေရာ နိုင်မယ်ဆိုတာမျိုးတော့ ကျနော်တော့ မမြင်ပါဘူး။ သို့သော်လည်းပဲ လွှတ်တော်ထဲကိုတော့ဖြင့်ရင် NLD + ဒီမိုကရက်အင်အားစု ကျနော်တို့ အပါအဝင်ပေါ့လေ၊ ကျနော်တို့က နည်းမှာပေါ့ဗျာ၊ နှစ်ယောက်စ သုံးယောက်စ ဖြစ်ရင်ဖြစ်မယ် ကံကောင်းရင် လေး၊ ငါး၊ ဆယ်ဦးစ ပေါ့၊ ဝင်ရောက်သွားလို့ချင်ရင်တော့ လွှတ်တော်ထဲမှာ ပိုပြီးတော့ ထင်သာမြင်သာ ဖြစ်မှုတွေ တက်လာ မယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည် အရှိန်အဝါကြောင့် ဟိုတုန်းက ဥပဒေပြုမှု ကိစ္စတွေမှာ နှေးကွေးနေတဲ့တာတွေ ဟာ ရှောင်လွှဲလို့ မရတဲ့ဥပဒေပြုမှုတွေ အမြန်ဆုံး ပုံမှန်ဆိုတဲ့အနေအထားမျိုး ရောက်သွားအောင် ဖြစ်သွားနိုင်တယ်။ အခုကတော့ Oversight Committees တွေထဲမှာ အတွေ့အကြံုမရှိခဲ့လို့လား၊ သို့မဟုတ် အကြောင်းတခုခုကြောင့် လားဆိုတဲ့ တုန့်ဆိုင်းမှုလေးတွေတော့ မြင်နေရတယ်။ ဥပဒေပြုမှုက Speed က နှေးနေတယ်ပေါ့ နှေးနေတော့ ဒါတွေကို Speed up ဖြစ်ဖို့ကတော့ ဒီမိုကရက်တစ် အင်အားစုတွေများလာလို့ချင်ရင် ပြည်သူ့အတွက် Voice ပေါ့၊ ပါးစပ်ပေါက်တွေ ပိုများလာမှာပေါ့။ ဆိုတော့ ပြောရဲဆိုရဲတော့ ပိုရှိလာမှာပေါ့လေ။ အဲတော့ လွှတ်တော်ရဲ့ အခန်း ကဏ္ဍဟာ အခုထက်တော့ အများကြီး ပိုပီပြင်လာလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။
NDF ဌာနချုပ်ရုံး၌ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ အား ဇန်နဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္စျိမ)
NLD နဲ့ NDF ပါတီနှစ်ခု ပြန်လည်ပေါင်းစည်းရေးလုပ်ဖို့ အနေအထားကကော မကြာခင် အနာဂတ်မှာ
ဖြစ်လာနိုင်ချေရှိလား ခင်ဗျ။
ကျနော်တို့ကတော့ ပါတီကို ဖျက်သွားမယ့် အထိကတော့ သိပ်မမြင်ဘူး။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် တို့ဖက်က ကျနော်တို့က လူဟောင်းတွေ၊ ကျနော့်ကိုဆိုရင် သူရွေးခဲ့တာ။ ကျနော့် တယောက်ထဲပဲ သူရွေးခဲ့တာ။ အလုပ်က ထွက်ပြီးတော့ NLD မှာ ကျနော်ဝင်ခဲ့တာ ပင်စင်တောင် ကျနော် မယူခဲ့ဘူး။ ဒီလို နိုင်ငံရေး သံယောဇဉ်နဲ့ ဖွဲ့စည်းချင်တဲ့စိတ် မှတ်ပုံမတင်ခင်ကတည်းက ခေါ်ပြီပေါ့။ အခုက နိုင်ငံရေး သံယောဇဉ်အရ ကျနော်တို့ကို ပြန်သုံးချင် တဲ့ သဘောထား မမြင်တဲ့အတွက်ကြောင့် မှတ်ပုံတင်တဲ့အခါမှာ ကျနော်တို့ မရှိဘူးပေါ့။ အဲတော့ လက်တွဲမှု အနေအထားကတော့ ကျနော်တို့ဘက်ကတော့ အစဉ်အမြဲကြိုဆိုနေတာပဲ။ လက်တွဲချင်တဲ့ကိစ္စဟာ ပါတီရဲ့ အကျိုး စီးပွား မဟုတ်ပါဘူး။ ဒီမိုကရက်တစ် အင်အားစုတွေက ရှေ့ကို ခြေလှမ်းလှမ်းတဲ့အခါမှာ အင်နဲ့အားနဲ့ လှမ်းနိုင်အောင်နိုင်ငံရေး ရေချိန်မြင့်လာအောင် လက်တွဲချင်တယ်။ ဒါပေမယ့် တွဲတဲ့ကိစ္စကို ဘယ်လိုဖြစ်ရမယ် ဆိုတာတော့ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပဲ ဖြစ်ပါတယ်။
အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောဖြစ်လား။
ပြောပါတယ်။ ကျနော်တို့ မီဒီယာမှာ အခွင့်အခါသာရင် ပြောဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဘက်က တုန့်ပြန်မှု မလာပါဘူး။ မလာတာလည်း သူက သိပ်အလုပ်များတယ်။ နောက် By-election (ကြားဖြတ်ရွေးကောက်ပွဲ) အတွက် သူပြင်ဆင်နေရတယ်။ အဲဒီတော့ ဖြစ်နိုင်ခြေကတော့ကြားဖြတ်ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ သို့မဟုတ် သူတို့ပါတီရဲ့ ဖွဲ့စည်းမှု ပြီးပြတ်လို့ ကော်မရှင်က မှတ်ပုံတင် အသစ်ကျ ပြီဆိုရင်တော့ဖြင့်ရင် သဘောထား ကြေညာချက်တရပ်တော့ ထုတ်ပြန်ကြေညာလိမ့်မယ်ထင်ပါတယ်။ အဲဒီအခါကျရင်တော့ ကျနော်တို့လည်း ဘာဆက်လုပ်ရမယ်ဆိုတာကို ကျနော်တို့လည်း ရွေးချယ်နိုင်ပြီဖြစ်ပါတယ်။
လွှတ်တော်တွင်းနိုင်ငံရေးထဲ ဝင်ကြည့်ပြီးတဲ့အခါကျတော့ ပြုပြင်ပြောင်းလဲမှုအတွက် လွှတ်တော်တွင်းနိုင်ငံရေးမှာ ဘယ်ဟာတွေက အကြီးဆုံး စိန်ခေါ်မှုတွေ ဖြစ်သလဲ။
အခက်အခဲကတော့ ပထမ လွှတ်တော်တုန်းကတော့ ဝန်ကြီးဟောင်းတွေက လာဖြေကြတာကိုး။ သူတို့ ဝန်ကြီးဌာနရဲ့ အကျိုးစီးပွားတွေ၊ သူတို့ ဝန်ကြီးဌာနရဲ့ လုပ်မှုကိုင်မှုတွေကို ကာကွယ်ပြီး ဖြေသွားတာကိုး။ ဒုတိယ လွှတ်တော်မှာ ကျတော့ ဝန်ကြီးဟောင်းတွေက ကော်မတီတွေရဲ့ ဥက္ကဋ္ဌတွေ ပြန်ဖြစ်လာကြတယ်။ အဲဒီတော့ သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေကို ဒါတွေနဲ့ ထိစပ်လာမယ်ဆိုရင်တော့ လူ့သဘာဝပဲလေ။ ကျနော်ပင်လျှင် ကျနော့် အကျိုးစီးပွား ထိခိုက်လာမယ်ဆိုရင် ကျနော် ကာကွယ်မှာပဲ။ ဆိုပါစို့ဗျာ မော်တော်ကား တင်သွင်းတယ်ဆိုပါတော့ အခွန်တွေ တအား စွတ်ကောက်တာ။ ဒါကို ချက်ခြင်း လျှော့ချဖို့ဆိုတာ သူတို့ အကျိုးစီးပွားတွေ ပါနေမှာပေါ့။ အဲဒါကို ချက်ခြင်း လုပ်မပေးချင်ဘူးဆိုတာတော့ လူ့သဘာဝပဲ။ အဲဒီလို ကိုယ်ကျိုးစီးပွားတွေနဲ့ ပတ်သက်နေတဲ့ ကိစ္စတွေကို စီးပွားရေး ဘက်မှာ အချိန်တကန့်တော့ ယူရလိမ့်မယ်လို့ထင်တယ်။ ဒီဟာတွေကို ကျော်လွှားနိုင်မှလည်း စီးပွားရေး ပြုပြင်
ပြောင်းလဲမှုတွေက တကယ့် သမ္မတ လိုလားသလို အရှိန်အဟုန်နဲ့ ပြောင်းသွားလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။
တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍ တချို့တွေက မျှော်လင့်တာရှိတယ်။ သဘောထား
ပြောင်းသွားနိုင်တယ်ပေါ့။ တချို့ကလည်း အမိန့်နာခံမှုနဲပဲ လုပ်ဆောင်မှာပဲဆိုတာ အန်ကယ့် အမြင်ကကော ဘယ်လိုရှိသလဲ။
အဲဒါကတော့ ကျနော်တို့က လွှတ်တော်ရဲ့ သက်တမ်းပေါ့။ လွှတ်တော်သက်တမ်းတွေ ပြောင်းသွားတိုင်း ပြောင်းသွား တိုင်း အခြေအနေသစ်တခုက ပေါ်လာမှာပဲ။ အခုကတော့ လူဟောင်းတွေနဲ့ ဒီမိုကရက်တစ် အင်အားစုတွေဘက်က စပ်ထားတဲ့ အုပ်ချုပ်ပုံ အုပ်ချုပ်နည်း လွှတ်တော် ပုံစံကြီးကိုး။ အချိန်ရွေ့တာနဲ့အမျှ လိုက်ရွေ့သွားမှာပဲလေ။ အဲဒီတော့ ဒီလို လူဟောင်းတွေက လွှတ်တော်ထဲမှာ ဆက်ရှိဖို့ အကြောင်းမရှိ တော့ဘူး။ စစ်တပ်ပင်လျှင် ဟိုတုန်းက စစ်တပ် မဟုတ်တော့ဘူး။ အခြေခံဥပဒေကို Back up လုပ်ရတော့မယ်။ နောက်တခါ စစ်တပ်မှာ စစ်တပ်ဦးစီးတဲ့ နိုင်ငံရေး စီးပွားရေး အုပ်ချုပ်ရေး မဟုတ်တော့တဲ့အခါကျတော့ သူတို့ရဲ့ ပါဝင်မှုတွေဟာ ဒီမိုကရက်တစ် ပုံစံဘက်ကို တဖြည်းဖြည်း ရွေ့သွားမှာပါ။
တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ အန်ကယ်တို့ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တယောက်နဲ့ တယောက် ထိတွေ့ဆက်စပ်မှုရှိရဲ့လား။
ရှိပါတယ်။ သူတို့ တဝိုင်းတည်းထိုင် လက်ဘက်ရည်သောက်တာတို့၊ ထမင်းစားတာတို့ ရှိပါတယ်။ ကျနော်တို့ သိရ သလောက်တော့ စစ်တပ်ကိုယ်စားလှယ်တွေက ဘာမှ သိပ်ထိရောက်တဲ့ အဆိုတွေ မေးခွန်းတွေ မေးတာ မရှိသေး ဘူး။ ထောက်ခံတာပဲ ကျနော်တို့ ကြားရတယ်။ အဲဒီတော့ သူတို့ဟာ ဒို့တာဝန် အရေးသုံးပါးကို မထိစပ်သရွေ့ သူတို့ရဲ့ လှုပ်ရှားမှုဟာ ထင်သာမြင်သာ ရှိလာမှာ မထင်ဘူး။ သူတို့ဟာ လိုင်းသတ်ထားတဲ့ အဆင့်ပဲ ရှိသေးတာကိုး။ ၂၅ ရာခိုင်နှုန်းကို ယူထားပြီးတော့ ဒီမှာရပ်နေတဲ့ သူတွေပေါ့။ သူတို့က တိုင်းပြည်အကျိုးစီးပွားနဲ့ အရေးသုံးပါးကို ထိပြီဆိုရင်တော့ သူတို့ အခန်းကဏ္ဍက တက်လာမှာပေါ့။
အကျိုးစီးပွားဆိုလို့၊ အခုတလော စွပ်စွဲသံတွေကြားလာရတဲ့ဟာက ပါတီကြီးတခုက၊ အထူးသဖြင့် ကြံ့ခိုင်ရေး ပါတီက ပါတီငယ်လေးတွေကို အရပ်စကားပြောရရင် လိုက်ဝယ်တယ်ပေါ့။ အဲဒီလိုမျိုး အန်ကယ်တို့ ပါတီမှာကော ဖြစ်ခဲ့ဖူးတာ ရှိသလား။
ဝယ်တာမရှိပါဘူး။ လောလောဆယ်မှာတော့ ကျနော်တို့ရဲ့ မိခင်ပါတီက နယ်တွေမှာ ကျနော်တို့က NLD ဟောင်းတွေ ကိုး၊ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်လူ မရှိတဲ့အခါမှာ ဝင်ပြိုင်ပေးပါလား ဘာညာ အဲဒီလိုမျိုး ခေါ်တာတွေတော့ ရှိပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက လာဆွယ်တာတွေ ရှိတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးက မြန်မာပြည်မှာ ဘဏ္ဍာရေးအရ အတောင့်တင်းဆုံး ဖြစ်တယ်။ သူ့နဲ့ ယှဉ်ပြိုင်ဖို့ ၂ဝ၁၅ မှာလည်း အန္တရာယ်ရှိတယ်လို့ မယူဆဘူးလား။
ပြည်သူကို ကျနော်တို့ သိပ်လျှော့တွက်လို့ မရဘူးလေ။ ဒီထက်ပိုပြီးတော့ အားကိုးဖွယ်ရာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် က လွှတ်တော်လိုင်းထဲကို ဝင်လာပြီ။ နိုင်ငံရေး ရေစီးထဲမှာ ရှိလာပြီ။ အဲဒီနှစ်ခုနဲ့ ပတ်သက်ပြီးတော့ သိပ်အန္တရာယ် ရှိတယ်လို့ ကျနော် မမြင်ပါဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲမှာလည်း ဘောင်းဘီချွတ်ထားတဲ့ ပုဂ္ဂိုလ်တွေအပြင် သာမန် ဝန်ထမ်း တွေထဲက ဝင်လာတဲ့ MP တွေလည်း ရှိတာကိုး။ မန်နေဂျာတွေလည်း ရှိတယ်၊ ဆရာဝန်တွေလည်း ရှိတယ်။ သူတို့ တွေက ဒီမိုကရေစီ လိုလားတဲ့ ပုဂ္ဂိုလ်တွေပဲ။ အချိန်ရွေ့သွားတာနဲ့အမျှ စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှုဟာ တဖြည်းဖြည်းနဲ့ လျော့လျော့ သွားမယ်ဆိုရင် အနေအထားသစ်တခုကို ကူးပြောင်းသွားမှာပါ။ ဒါဟာ ထုံးစံပဲလေ။ ကျနော်တို့ တောင်ကိုရီးယားမှာ သော်လည်းကောင်း၊ ပီးရူးမှာ ဖြစ်ခဲ့တဲ့ဟာတွေ။ တချိန်တုန်းက စစ်တပ် အုပ်ချုပ်ရေး
အောက်မှာ တချိန်လုံး နေခဲ့ရပြီးတော့ နောင် ၁၄ နှစ်ကြာလာတဲ့အခါမှာ အတိုက်အခံနိုင်လာတဲ့အခါမှာ စစ်တပ်ရေးဆွဲတဲ့ အခြေခံဥပဒေနဲ့ ဥပဒေနဲ့ပဲ နိုင်ပြီးတဲ့အခါမှာ ပြင်ခွင့်ရသွားတာပဲ။ အဲဒီတော့ ကျနော်တို့ ပြင်ဖို့ကတော့ One Decade မကတော့ စောင့်ရမယ်။
သူတို့ (အဲဒီနိုင်ငံတွေ)မှာ စီးပွားရေးပြုပြင်ပြောင်းလဲမှု အခြေအနေက အောင်မြင်သွားခဲ့ပြီ။ ကျနော်တို့က အဲဒီအနေအထားထိ One Decade အတွင်း ရောက်ပါ့မလား။
အဲဒါက ဘယ်မှာ သွားမူတည်သလဲဆိုတော့ ငြိမ်းချမ်းရေးနဲ့ မူတည်ပါတယ်။ အခွန်ကောက်ခံရရှိမှုက ၁ ထြီလီယံ၊ စစ်တပ်အသုံးစရိတ်က ၁.၃ ထြီလီယံလောက် သုံးနေတယ်။ ပြီးခဲ့တဲ့နှစ်တွေကပေါ့။ သုံးနေတော့ ငြိမ်းချမ်းရေး ရသွားလို့ရှိရင် ဒီဟာတွေက လျော့ကျသွားမှာ ဖြစ်ပါတယ်။ လျော့ကျသွားတော့ ကျနော်တို့က အစိုးရက ပေးနေတဲ့ ဝန်ဆောင်မှုတွေ ပညာရေးတို့ ကျန်းမာရေးတို့မှာလည်း မြင့်တက်လာလိမ့်မယ်ပေါ့။ ထိုနည်းတူစွာပဲ အခွင့်အလမ်းတွေ က ပွင့်လာလိမ့်မယ်။ တိုင်းရင်းသားနယ်မြေတွေမှာလည်း စီးပွားရေး အခွင့်အလမ်းတွေက ပွင့်လမ်းလာမယ်။ အဲဒီ အနေအထား ရောက်လာလို့ရှိရင် ဦးသိန်းစိန် သမ္မတ သက်တမ်း မကုန်ခင်လေးမှာ စီးပွားရေး အပြောင်းအလဲကို ကျနော်တို့ ဆုပ်မိကိုင်မိ အနေအထားတခု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။
နိုင်ငံမှာ လာဘ်စားမှုတွေ တအားများနေတယ်။ အဲဒါတွေကို ဘယ်လို ဖြိုချနိုင်မလဲ။
အဲဒါတွေက ထမင်းမဝလို့ လာဘ်စားမှုတွေက ထိပ်ကနေပြီးတော့ အောက်အထိ ရှိနေခဲ့တာကိုး။ ထိပ်ကလူကြီး လေးငါးဆယ်ယောက် ပြင်တာနဲ့ အောက်မှာ သက်ရောက်မှု မရှိဘူးလေ။ အဲဒီတော့ အောက်က ပြင်နိုင်အောင် စီးပွားရေး တဘက်က တက်လာတဲ့အခါမှာ၊ Inflation Rate ကိုလည်း ထိန်းနိုင်မည်ဆိုလို့ ရှိရင် ဝန်ထမ်းတွေကို လောက်လောက်လားလား လစာပေးနိုင်တဲ့အခါမှာ ခြစားမှုဆိုတာ အတိုင်းအတာတခုအထိ လျော့ကျသွားမှာပါ။
ငြိမ်းချမ်းရေးကလည်း ပြည်တွင်းအတိုက်အခံနဲ့ တိုင်းရင်းသားပေါ့ တိုင်းရင်းသားမှာက အခု လောလောဆယ် ငြိမ်းချမ်းရေး ယူထားတာက မင်းမပစ်နဲ့၊ ငါမပစ်နဲ့ အနေအထားပဲရှိသေးတယ်။ အဲဒီဟာ အောင်မြင်ပါ့မလား။
အဲဒီအဆင့်က မတက်ဘူးဆိုရင်တော့ မအောင်မြင်ပါဘူး။ မင်းမပစ်နဲ့ ငါမပစ်နဲ့ စီးပွားရေး အခွင့်အလမ်းတွေ ပေးမယ် ကွာ။ ယူကြဆိုရင်တော့ စစ်ပဒေသရာဇ်တွပဲ မွေးဖွားတာ ဖြစ်မှာပေါ့။ အခုဟာက အဲဒီ Pattern မဟုတ်တော့ဘူးလေ။ အဲဒီလိုမျိုး အခြေအနေတွေ မဟုတ်တော့ဘူး။ ကျနော်တို့က လူတွေကိုပေး မှာမဟုတ်ဘူး။ ပြည်နယ်တွေကို ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုတဲ့ စကားတွေရလာပြီ။ ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းနဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းမယ် ဆိုတဲ့ အဆင့်အထိ ကျနော်တို့ ရောက်လာပြီ။ ရောက်လာတော့ ငြိမ်းချမ်းရေးဟာ သူ့ Process ပြီးဆုံးတဲ့အခါမှာ ရပေါက်ရလမ်းဟာ များတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။
အကောင်းမျှော်လင့်သလား အန်ကယ်က။
အစိုးရပိုင်းကလည်း သုံးနှစ်အတွင်းမှာ ရမယ်လို့ ကတိပေးထားပြီးပြီ။ အဲဒီတော့ ကျနော်တို့ဒါကို စောင့်ကြည့်ရမှာဖြစ်တယ်။ အရင် ဦးနေဝင်း လက်ထက်မှာတို့၊ ၅၅ ခုနှစ် ခေါ်တာတို့၊ ၆၃ ခုနှစ် ငြိမ်းချမ်းရေးတို့နဲ့တော့ မတူဘူးလေ။ ဒီဟာက turning point ပဲဗျ။ ရှင်းရှင်းပြောရရင်တော့ ဒီဟာက military regime's last resort ပဲ။ နောက်ဆုံး ဆုပ်ကိုင်ရမယ့် အခြေအနေပဲ။ ဒါမှ ငြိမ်းချမ်းရေး ရအောင်မလုပ်နိုင်ဘူးဆိုရင် သမိုင်းမှာ အမဲစက်ကြီးကျန်ခဲ့မှာပဲ။ သူတို့လည်း သိတယ်။ ငြိမ်းချမ်းရေးမရရင် စီးပွားရေးတိုးတက်ဖို့ အခွင့်မလမ်း နည်းသွားမယ်။ ညီညွတ်ရေးမရှိရင် ငြိမ်းချမ်းရေး မရှိနိုင်ဘူး။ ပြည်ထောင်စု ပုံစံ စစ်စစ်မှန်မှန်မပေါ်ရင် ငြိမ်းချမ်းရေး မရနိုင်ဘူး။ အဲဒီတော့ နံပါတ်(၁)က ငြိမ်းချမ်းရေး ရအောင် လုပ်ရမှာပေါ့။ နံပတ် (၂) က နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပြီးတော့ အခြေခံဥပဒေ ပြင်ပစ်ရမယ် ဆိုတာတော့ ပြည်နယ်နဲ့ ပြည်ထောင်စု အစိုးရကြားမှာရှိနေတဲ့ အာဏာခွဲဝေမှုပုံစံပေါ့။ ဒါတွေကို Power sharing ပြတ်အောင် ဖြတ်ရမယ်လေ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း ပေးရမယ်။ အဲဒါဟာ ငြိမ်းချမ်းရေးရှိမှ သူတို့ပေးရဲမယ်လေ။ ဒါမရှိရင် သူတို့ မပေးရဲဘူး။ ဒါကိုပေးရင် တရားခံဖြစ်သွားမှာပေါ့။ ခွဲထွက်သွားမှာပေါ့။ အဲဒါကြောင့် ငြိမ်းချမ်းရေးက နံပတ် (၁) ဖြစ်တယ်။ နိုင်ငံရေးအရ တသားတည်းဖြစ်ဖို့ရယ်၊ စီးပွားရေး ပွင့်လမ်းလာဖို့ရယ်၊ လူမှုစီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး တိုးတက်ဖို့ဆိုတာ ငြိမ်းချမ်းရေးမှာ သွားတည်နေတယ်။ အခုန ပြောသလိုပေါ့ဗျာ၊ ၁ ထြီလီယံမက သုံးနေတဲ့ စစ်အသုံးစရိတ်ကို လျော့ချလိုက်မယ်ဆိုရင် ကျနော်တို့အတွက် အခွင့်အလမ်းတွေ အများကြီး ဖြစ်လာမှာပါ။
လောလောဆယ်တော့ စိန်ခေါ်မှုတွေပေါ့ဗျာ။ ဟိုအခါကျရင်တော့ ဒါဟာ အခွင့်အလမ်းတွေ ဖြစ်သွားပြီပေါ့။ ငြိမ်းချမ်းရေးနဲ့ ဆက်နွှယ်ပြီးတော့ပေါ့။ အကောင်းမြင်တာ မဟုတ်သော်လည်းဘဲ ကျနော်တို့က အဲဒီအတိုင်းပဲ ရှုမြင်ပါတယ်။ ဟိုဟာတွေနဲ့ ပြန်ချိန်ထိုးမယ်ဆိုရင် ဟိုကာလ ငြိမ်းချမ်းရေးနဲ့ ဒီကာလ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ဒီကာလ ငြိမ်းချမ်းရေးက ပိုသာနေတယ်ဆိုတာ ငြင်းလို့မရဘူး။
တိုင်းရင်းသား ပဋိပက္ခ ဖြစ်ရတဲ့အကြောင်းရင်းက လေးသိန်း အင်အားရှိတဲ့ တပ်ကြီးရဲ့ အခန်းကဏ္ဍက ငြိမ်းချမ်းရေး ရသွားအောင် မဖြေရှင်းချင်ဘူးဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေတယ်။ အဲဒီတော့ ကျနော်တို့ပြောတဲ့ ငြိမ်းချမ်းရေးက လက်တွေ့ဖြစ်ဖို့ နည်းမသွားဘူးလား။
သူတို့ရဲ့ အခြေခံဥပဒေမှာတော့ သတ်မှတ်ထားတာတော့ နယ်ခြားစောင့် လုပ်ဖို့အတွက် ဦးဆောင်ရမှာပေါ့ဗျာ။
နှစ်သောင်းရှိရင် သုံးထောင်ပဲ ပေးတယ်။ အဲဒါမျိုးကျတော့ သူတို့ကလည်း လက်မခံနိုင်ဘူး။ ဒါကတော့ သဘာဝကျ တယ်လေ။ အဲဒီတော့ အပစ်အခတ် ရပ်စဲရုံနဲ့လည်း မပြီးနိုင်ဘူး။ နိုင်ငံရေးအရ လိုလားချက်တွေပေါ့ဗျာ ၄၇ အခြေခံ ဥပဒေမှာ ပြည်ထောင်စုပုံသဏ္ဍာန် မပေါ်ခဲ့ဘူး။ တိုင်းရင်းသားတွေကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရခဲ့ဘူး။ ရ၄ မှာ လည်း ပိုတောင်ဆိုးသေးတယ်။ အခုအခါမှာ ရွေးကောက်ပွဲလည်း ပေါ်လာတဲ့ အစိုးရရဲ့ လုပ်ဆောင်မှုဟာ ပိုပြီးတော့ ထင်ရှားမြင်သာတဲ့ နိုင်ငံရေးအရ ဖြေရှင်းမှုကို ရောက်လာပြီဆိုတော့ ငြိမ်းချမ်းရေးကို သွားဖို့လမ်းကတော့ ပိုပြီးတော့ သာနေပြီပေါ့ဗျာ။