မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှု နောက်ထပ် ရှိစေတော့မှာ မဟုတ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ၅၉ ကြိမ်မြောက် ကုလသမဂ္ဂ ကလေးအခွင့်အရေး စာချုပ်ကော်မတီ CRC အစည်းအဝေး၌ မြန်မာအစိုးရ ကိုယ်စားလှယ် ဦးမောင်ဝေ က ပြောဆိုလိုက်သည်။
ဦးသိန်းစိန် အစိုုးရလက်ထက် ပထမဆုံး တက်ရောက်လာသည့် အစိုးရ ကိုယ်စားလှယ်များက ၎င်းတို့ စစ်တပ်အတွင်း ကလေးစစ်သား အသုံးပြုမှုရှိကြောင်း ဝန်ခံခဲ့သလို ယင်းအသုံးပြုမှုမျိုး နောက်ထပ် ရှိစေတော့မည် မဟုတ်ကြောင်း CRC ကော်မတီရှေ့မှောက်တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းအစည်းအဝေးကို မြန်မာနိုင်ငံ အလှည့်ကျနေ့အဖြစ် ကြာသာပတေးနေ့က ပြုလုပ်ခဲ့ကြပြီး အစိုးရဘက်မှ သံအမတ်ကြီး ဦးမောင်ဝေ ဦးဆောင်သော အဖွဲ့ဝင် ၁၆ ဦး တက်ရောက်ခဲ့ပြီး ယှဉ်ပြိုင်အဖြစ် ကလေးအခွင့်အရေးနှင့် လူ့အခွင့်အရေး လုပ်ဆောင်နေသော အဖွဲ့ ၂၁ ဖွဲ့ စုပေါင်းထားသည့် Child Rights Forum Burma ကိုယ်စား ဦးအောင်မျိုးမင်း တက်ရောက်ခဲ့သည်။
မြန်မာအစိုးရအနေဖြင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်း အစိုးရကိုယ်စားလှယ်များက ပြောဆို (ဓါတ်ပုံ HURFOM)
“ကလေးစစ်သားအကြောင်း ဆိုလို့ရှိရင် အရင်တုန်းက လုံးဝ ငြင်းတယ်။ အခုအချိန်ကျ သူတို့က ဘာပြောလဲဆိုတော့ ကလေးစစ်သားတွေကို အရင်တုန်းက ‘တချို့လူတွေရဲ့ မှားယွင်းမှုကြောင့်’ စစ်တပ်ထဲ ရောက်ခဲ့ပါတယ်။ ခုဆိုလို့ရှိရင် ဒါတွေသိတဲ့အတွက် ပြင်လိုက်ပါပြီ။ နောက်ထပ် ကလေးစစ်သားတွေ လုံးဝ မရှိစေရပါဘူးလို့ သူတို့ပြောသွားတယ်” ဟု ဦးအောင်မျိုးမင်း က မဇ္စျိမကို ပြောသည်။
မြန်မာအစိုးရအနေဖြင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်းနှင့် လက်ရှိ အသုံးပြုနေ သည့် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် နိုင်ငံတော်၏ ဘတ်ဂျက် ၁ ရာခိုင်နှုန်းသာ အသုံးပြုနေမှုကို ၂ ဆတိုး အသုံးပြုသွားမည် ဖြစ်ကြောင်း အစိုးရကိုယ်စားလှယ်များက တင်ပြသွားသည်ဟု သိရသည်။
ထွက်ရှိသည့် သယံဇာတများမှ ရရှိသော ဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းကို စစ်ရေးတွင် အသုံးပြုပြီး ကလေးများအတွက် လိုအပ်သည့် ပညာရေးနှင့် ကျန်းမာရေးတွင် ၁ ရာခိုင်နှုန်းသာ အသုံးပြုခြင်းနှင့် ပတ်သက်၍ CRC ကော်မတီဝင်များက
မေးခွန်းထုတ်ခဲ့ကြရာ မြန်မာအစိုးရ ကိုယ်စားလှယ်များ အကြပ်ရိုက်သွားစေခဲ့သည်။
“ကော်မတီဝင်တယောက်က ထောက်ပြတာက ‘ဒီလိုဝင်နေတဲ့ ပိုက်ဆံတွေ အများကြီး ဝင်နေတာ တွေ့ရတယ်။ အဲဒီပိုက်ဆံတွေ ဘယ်နေရာရောက်ကုန်လဲ’ မေးတော့ ကိုယ်စားလှယ်တွေထဲက လူတယောက်က ‘တိုင်းပြည်ရဲ့ ဖွ့ံဖြိုးတိုးတက်တဲ့နေရာမှာ သုံးပါတယ်တဲ့။ လမ်းပန်းဆက်သွယ်ရေး နေရာတွေမှာ သုံးရတဲ့အတွက် အဲဒီနေရာတွေ ကို ရောက်သွားပါတယ်’ လို့ပဲ ဖြေသွားတယ်” ဟု ဦးအောင်မျိုးမင်းကပြောသည်။
Child Rights Forum Burma ၏ ယှဉ်ပြိုင် အစီရင်ခံစာတွင် ကလေးစစ်သား အသုံးပြုနေမှု အပါအဝင် ကလေးများ၏ ကျန်းမာရေး၊ ပညာရေးချို့တဲ့နေမှု၊ နယ်စပ်ဒေသတွင် ကလေးငယ်များ ကူးသန်းရောင်းဝယ် ခံနေရမှု၊ အမျိုးသမီး ကလေးငယ်များအပေါ် အဓမ္မပြုကျင့်ခံနေရမှု၊ တိုင်းရင်းသားဒေသများမှ ကလေးငယ်များ ခွဲခြားဆက်ဆံခံနေရမှု၊ လက်နက်ကိုင် ပဋိပက္ခများအကြား ကလေးများ သတ်ဖြတ်ခံ နေရမှုများကို တင်ပြခဲ့ကြောင်း ဦးအောင်မျိုးမင်းကပြောသည်။
“အစိုးရသစ်ပဲဖြစ်ဖြစ် စစ်အစိုးရပဲဖြစ်ဖြစ် ကျနော်တို့ ပြောချင်တာကတော့ ကလေးအခွင့်အရေးပဲ။ ဘယ်အစိုးရပဲဖြစ်ဖြစ် ကလေး အခွင့်အရေးနဲ့ ပတ်သက်လို့ လေးစားဖို့ပဲ ဖြစ်တယ်။ နောက်ထပ် ဒီမိုကရေစီ အစိုးရ တက်လာလို့ ရှိရင်လည်း ကလေးအတွက်ကိုတော့ ကျနော်တို့လုပ်ရမှာဖြစ်တယ်” ဟု ပြောသည်။
မြန်မာအစိုးရအနေဖြင့် ကလေးများအခွင့်အရေးနှင့်ပတ်သက်၍ တိုးမြင့်လုပ်ဆောင်ပါမည့်အကြောင်း ကတိကဝတ်များပေးဆိုခြင်းမှာ စာရွက်ပေါ်တွင်သာ ရှိခဲ့ပြီး လက်တွေ့ဖေါ်ဆောင်မှုတွင်များစွာ အားနည်းနေကြာင်းကိုလည်း CRCကော်မတီ အဖွဲ့ဝင်များက ထောက်ပြပြောဆိုသည်။
နှစ်ဖက်တင်ပြလာချက်များကို စီစစ်ကာ မြန်မာအစိုးရ၏ ကလေးအခွင့်အရေး လုပ်ဆောင်မှုအပေါ် ကျေနပ်အားရ သည့် အချက်များ၊ လိုအပ်ချက်များ၊ အကြံပေးချက်များကို မကြာမီ ရက်ပိုင်းအတွင်း ကုလသမဂ္ဂ ကလေးအခွင့်ရေး ဆိုင်ရာ ကော်မီတီက ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။