သာဓု ပရိယတ္တိ ကျောင်းတိုက်၏ တိုက်ကြပ် ရွှေညဝါ ဆရာတော် ဦးပညာသီဟသည် အဆိုပါ ကျောင်းတိုက်မှ တလအတွင်း ထွက်ခွာမည့်အကြောင်း ကြာသာပတေးနေ့တွင် ကတိပြုလက်မှတ်ရေးထိုးပေးလိုက်ရပြီ ဖြစ်သည်။
ရန်ကုန်တိုင်း သံဃနာယက အဖွဲ့ရုံး၌ မဟန ကိုယ်တော်များနှင့် ဌာနဆိုင်ရာများ ရှေ့မှောက် လက်မှတ် ရေးထိုးခဲ့သည့် ဝန်ခံကတိတွင် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ နောက်ဆုံးထား ထွက်ခွာရမည်ဟု ဖေါ်ပြထားသည်။
ရွှေညဝါ ဆရာတော်က "သူတို့က ထွက်ပေးဖို့ လိုချင်တယ်ဆိုတော့ အဲဒီအတွက် လက်မှတ်ထိုးပေးလိုက် တယ်လေ။ တခြားနေရာတော့ သွားဖို့ လောလောဆယ်တော့ အစီအစဉ်မရှိသေးဘူး။ ခုမှ ခေါင်းအေးအေးနဲ့ ထိုင်စဉ်းစားတုန်း ရှိသေးတယ်" ဟု မဇ္ဈိမကို မိန့်သည်။
ဆရာတော်သည် ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်သော အသုံးအနှုန်းများကို တရားပွဲများအတွင်း ထည့်သွင်း ဟောပြော သည်ဟူသည့် အကြောင်းပြချက်ဖြင့် ၂ဝ၁ဝ ဖေဖေါ်ဝါရီလမှစ၍ တရားပွဲ တနှစ်ပိတ်ခံခဲ့ရသည်။
ထို့အပြင် ၂ဝ၁၁ ခုနှစ် စက်တင်္ဘာလ အတွင်းက မန္တလေးတိုင်း NLD ရုံးတွင် တရားဟောသည်ဟု စွပ်စွဲချက်ဖြင့် ကြည့်မြင်တိုင်ရှိ သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားရန်နှင့် ကျောင်းတိုက်တွင်း မည်သည့် သင်တန်းမှ မပြုလုပ်ရန် မဟန မှ ဒီဇင်ဘာလ ၁၂ ရက်နေ့က စာပေးပို့ ညွှန်ကြားခဲ့သည်။
ထိုညွှန်ကြားစာကြောင့် ရွှေညဝါ ဆရာတော်မှ မဟနသို့ အသနားခံစာ ပြန်လည် တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရပြီး ယခုကဲ့သို့ ကျောင်းတိုက်မှ ထွက်ခွာရန် ကတိပြုလက်မှတ် ရေးထိုးပေးခဲ့ရခြင်း ဖြစ်သည်။
သာဓုကျောင်းတိုက်တွင် ဓမ္မာစရိယနှင့် အဘိဓမ္မာ ဘာသာရေး သင်တန်းများကိုလည်း ပို့ချပေးနေသည်။ အဆိုပါကျောင်းတိုက်အတွင်း နိုင်ငံတော် သံဃာ့မဟာ နာယက၏ ခွင့်ပြုချက် မရဘဲ သာဓုပရိယတ္တိ ကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ် ဆောင်ရွက်ခြင်းမပြုရဟု ဒီဇင်ဘာလအတွင်း ထုတ်ပြန်သည့် မဟန၏ ညွှန်ကြားချက် တွင်လည်း ဖေါ်ပြပါရှိသည်။
ဆရာတော် ဦးပညာသီဟမှာ ၂၀၀၈ ခုနှစ်အတွင်း တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ခံ ဧရာဝတီတိုင်း ဒေသများသို့ ကြွရောက်၍ ကယ်ဆယ်ရေး ပစ္စည်း လှူဒါန်းခြင်း၊ သောက်ရေသန့် ရရှိရေးနှင့် အခြားသော ကူညီရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ မရှင်းလင်းရသေးသည့် ရုပ်အလောင်းများကို ကိုယ်တိုင် သဂြုႋဟ်ပေးခြင်းနှင့် တရားဟောခြင်းများကိုဆောင်ရွက်ပေးခဲ့သည့် ဆရာတော်လည်း ဖြစ်သည်။
ဆရာတော်က သူ၏ ဒါယကာ၊ ဒါယိကာမများကို "အမြဲတမ်း နှလုံးစိတ်ဝမ်း အေးချမ်းပါစေ စည်းကမ်းရှိရှိနဲ့ စည်းစည်းလုံးလုံး နေနိုင်ကြပါစေ" ဟု ဆန္ဒပြုခဲ့သည်။