ယမန်နေ့ညက မိုးသည်းသည်းမဲဲမဲ ရွာချထားသောကြောင့် သစ်ရွက်၊ သစ်ခက်ပေါ်တွင် တင်ကျန်ရစ်သော မိုးစက်များက ငွေရောင်လက်လက်နှင့် ယနေ့နံနက်ခင်း ဖြာကျလာသော နေရောင်ခြည်တို့ကို ဆည်းလို့ကြိုလိုက်ပါသည်။
ငှက်ကလေးများကလည်း တကျီကျီအော်မြည်လျက် ဤနံနက်ခင်း၏ အလှကို တေးသီချင်းဖြင့် ဖော်ကျူးလိုက်ပြန်တော့ ယနေ့သည် ယခင်နေ့များကထက် ပိုမိုလှပသွားခဲ့ပါသည်။
အဘယ်မှာ မလှဘဲနေမည်နည်း။ ကျောင်းပိတ်ရက်မို့ ရွာပြန်လည်ခွင့် ရသည့်ရက်လည်းဖြစ်နေသည်။ ကျနော့စိတ်တို့သည် အိမ်ခြေ ၃၀ ကျော်လောက်ရှိသည့် ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းက ထီးသဲကူးဆိုတဲ့ရွာလေးမှာ ရောက်ရှိနေပြီလေ။
တရွာလုံးက တောင်ယာ လုပ်းငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ရွာဘေးပတ်ပတ်လည် တွင်လည်း ဒေါခူလီ၊ လောပလျားလဲ၊ ဒေါပိုရှေး စသည့် ကျေးရွာများနှင့်လည်း ထိစပ်နေသည်။
ကျနော်သည် ရွာပြန်ရလျှင် အလွန်ဝါသနာ ထုံလှသော တောပြစ်ထွက်ကစားခွင့်ကို ရတော့မည်။ ရွာမှာတုန်းကဆိုလျှင် သူငယ်ချင်းတသိုက်နှင့် တောလည်နေကျဖြစ်သည်။ ကျနော်သည် ''ဖရူဆို'' မြို့ရှိ အဒေါ်တို့အိမ်တွင် ကပ်နေ၍ ကျောင်းတက်နေခြင်းဖြစ်သည်။
အိမ်တွင်အဆင်မပြေသောကြောင့် မိဘများက ငြူငြူငြင်ငြင်နှင့် သိပ်သဘောတွေ့လှသည်မဟုတ်။ ဇွတ်အတင်း ပူဆာ၍သာ ကျောင်းနေရသည်။ တနှစ်တနှစ် ကျောင်းစရိတ်ကလည်း မသက်သာလှ။ စာအုပ်ဖိုးနှင့်အခြား ဘာကြေးညာကြေးတွေကလည်း နည်းလှသည်မဟုတ်။
ကျနော်တွင် ချုပ်ရိုးရာအပြည့်နှင့် ဖားဥစွဲနေပြီဖြစ်သော အကျင်္ ီနှင့် အဖြူရိပ်ရောင်သန်းနေပြီဖြစ်သည့် ပါးလွှလွှပုဆိုးနှစ်ထည်သာရှိသည်။ ပညာတတ် ဖြစ်ချင်ဇောနှင့်သာ ဇွတ်ကြိတ်မှိတ် ကျောင်းတက်နေရခြင်းဖြစ်သည်။
ကျနော်နှင့် ဘဝတူကျောင်းသားကျောင်းသူများလည်း ဒုနှင့်ဒေး။ အချို့ဆိုလျှင် ပိုက်ဆံမတတ်နိုင်သောကြောင့် တပိုင်းတစနှင့်ပင် ကျောင်းထွက်လိုက်ရသည်။
စက်ကြံု(ထော်လော်ဂျီစက်) မမှီမှာစိုးသောကြောင့် မနက်စာကိုပင် ကပျာကယာပင်စားကာ စက်သွားစောင့်နေလိုက်သည်။ ရောက်ရောက်ခြင်းပင် စက်တစီးထိုးဆိုက်လာသောကြောင့် ထိုစက်နှင့်ပင် လမ်းကြံုလိုက်စီးသွားလိုက်သည်။
ကျနော်တို့ရွာနှင့် ဖရူဆိုသည် (၁၅) မိုင်သာသာလောက် ဝေးသည်။ လမ်းကလည်း ဆိုးလှသည်။ တလမ်းလုံးချိုင့်ခွက်အပြည့်နှင့် ရှေ့တိုးနောက်ဆုတ် စကောထဲဇီးဖြူလှိမ့်သလိုမျိုး ပင်ပန်းလှသည်။
ဒီလိုနှင့် ညနေစောင်းလောက်တွင် ရွာသို့ရောက်လာသည်။ သူငယ်ချင်းများကလည်း ကျနော်ပြန်ရောက် သောကြောင့် လာလည်ကြပြီး မနက်ဖြန်တွင် တောလည်မည့်အကြောင်းနှင့် အလ္လာပသလ္လာပ ပြော၍ပြန်သွား ကြလေသည်။
နေ့တစ်နေ့၏ အာရုဏ်ဦး ခပ်စောစောအချိန်တွင် ဓား၊ ရေဘူး စသည့်လိုအပ်သည့် ပစ္စည်းများကိုယူလျှက် တောထဲသို့ ထွက်လာကြလေသည်။
မနက်လင်းအားကြီးချိန်မို့ မြူခိုးတွေက တောင်တန်းကြီးတွေကို ရစ်သိုင်းလျှက်နေမင်းကြီးက တောင်တန်း အောက်တွင် ငုပ်လျှိုးပျောက်ကွယ်နေဆဲဖြစ်သည်။
ကျနော်တို့့အားလုံးသည် ထိုသဘာဝ အလှပများကို ကြည့်ရှုခံစားရင်း တဖြည်းဖြည်း တောသို့တိုးဝင်လာကြရာ တနေရာသို့အရောက် "ဟေ့ကောင်တွေရပ်စမ်း" ရုတ်တရက်မို့ အားလုံးကြောင်အမ်းအမ်းဖြင့် ကြက်သေ သေနေကြသည်၊။
လှည့်ကြည့်လိုက်တော့ စစ်ယူနီဖောင်း အပြည့်နှင့် နအဖ စစ်သားတွေ ကျနော်တို့ အားလုံးကို သေနတ်နှင့်ထိုးချိန်ပြီး ၀ိုင်းထားလိုက်ကြသည်။
ထို့နောက် အသားညိုညိုနှင့် ဗိုလ်ကြီးဖြစ်ပုံရသော သူက ၀ါးစားတော့မတတ်ကြည့်ကာ "မင်းတို့ဘယ်သွားမလဲ၊ မင်းတို့ ဘကြီး(သူူပုန်)နဲ့ သွားဆက်သွယ်မှာမဟုတ်လား"
ကျနော်တို့လည်း ကြောက်ကြောက်လန့်လန့်နှင့် စကားကိုပင် ပီအောင်မပြောနိုင် "ကျနော်...ကျနော်တို့ ဟို တောလည်တာပါ" ထိုသူက "မလိမ်နဲ့နော်။ လိမ်ရင် ပစ်သတ်လိုက်မယ်'' ဆိုသဖြင့် အားလုံးကြက်သီးမွှေးညှင်းပင် ထကုန်သည်။
ကျနော်တို့တစ်ရွာလုံးသည် နအဖ စစ်သားများကို ကြောက်နေကြရသည်။ သူတို့က ရွာထဲဝင်လာပြီဆိုလျှင် လိုချင်တာယူကြသည်။ လူကိုလည်းမထင်ရင်မထင်သလို ရန်ရှာသွားသေးသည်။
ထို့ကြောင့်တရွာလုံးက ဗမာစစ်သားဆိုလျှင် ဝေးဝေးကရှောင်ကြသည်။
ယခုတော့ ထိုလူများနှင့် ထိပ််တိုက်လာတိုးနေချေပြီကော။ ထိုဗိုလ်ကြီးက ဆက်၍ ''မင်းတို့ အားလုံးငါတို့နဲ့လိုက်ပြီး ပစ္စည်းတွေသယ်ပေးရမယ်'' လို့ပြောပါသည်။
ကျနော်တို့ ဘယ်လိုမှ မတတ်နိုင်တော့။ သူတို့သယ်ခိုင်းသောပစ္စည်းများကို သယ်လိုက်ရသည်။ ပစ္စည်းများကလည်း လက်နက်ခဲယမ်းတွေသာဖြစ်သဖြင့် လေးလွန်းလှသည်။ ဘယ်ကိုသွားလို့ သွားမှန်းမသိ။
သူတို့ခေါ်ဆောင်ရာသို့သာ လိုက်နေသဖြင့် ခြေကုန်လက်ပန်းကျလာသည်။ သူငယ်ချင်းများကို ဝှေ့ကြည့်လိုက်သောအခါ ချွေးတွေတရွှဲရွှဲနှင့် ဘယ်လိုမှမသွားနိုင်ကြတော့။ ထို့ကြောင့် ကျနော်ကအရဲစွန့်ပြီး…
''ဗိုလ်ကြီး ကျနော်တို့ဘယ်လိုမှ ဆက်မလျှောက်နိုင်တော့ဘူး ခဏလောက်နားလို့ရမလား'' စကားပင်မဆုံးလိုက်… ''ဖြောင်း''ဆိုသော ထိုလူ၏ပြင်းထန်သောကန်ချက်ကြောင့် ခွေကနဲလဲကျသွားသည်။
ပင်ပန်းသည့်ဒဏ်လည်းပါတာမို့ တော်တော်နှင့်ပြန်မထနိုင်။ ''မင်းတို့ဒါလောက်တောင် မသွားနိုင်ကြဘူးလားတယ် ငါလုပ်လိုက်ရ'' ဆို၍လက်ကိုရွယ်ပြီး နောက်မှ စိတ်လျှော့လိုက်သည့်ဟန်ဖြင့် ''နားလို့မရဘူးဆက်သွားမယ်'' ဤမျှအကြင်နာတရား ခေါင်းပါးသော လူကမ္ဘာပေါ်တွင်ရှိပါဦးမည်လော…။
တောင်တန်းများစိမ်းညို့နေသည်။ အလေ့ကျပေါက်နေသော တောပန်းများသည်လည်း လှချင်တိုင်းလှ နေကြသည်။ ကျနော်တို့သည် ထိုသဘာဝအလှအပများကို မခံစားနိုင်ကြပါ။ ကျေးငှက်ကလေးများကလည်း တကျီကျီ အော်မြည်လျှက်တေးဆိုနေတာလား။ ဒါမှမဟုတ် ကျနော်တို့ကိုသနား၍ ငိုကြွေးနေတာလား မခွဲခြားတတ်တော့။
သူတို့ကျွေးသောထမင်းများသည်လည်း မလောက်မငှ။ ဟင်းတွေကလည်း ညှီစို့စို့ နှင့်မှိုတက်နေသော ငရုတ်သီးနှင့်သာစားရသည်။ ညဆိုလည်းအိပ်လို့မရ။ သူတို့ပေးသော မိုးကာသေးသေးလေးနှင့် စောင်ပါးနှစ်ထည်သာရှိသည်။ ခြင်များကလည်းတဝီဝီနှင့် လောကငရဲသို့ရောက်နေသလိုပင် ခံစားနေရသည်။
ဒီအတိုင်းဆက်သွားနေလျှင်မဖြစ်တော့။ စွန့်စားမှဖြစ်တော့မည်။ ထို့ကြောင့် အားလုံးကိုဒီညသန်းခေါင်ယံတွင် ထွက်ပြေးကြရန် တိုးတိုးတိတ်တိတ် တိုင်ပင်ကြသည်။
''လမိုက်ည''… ထိုညတွင် လ မသာသဖြင့် တလောကလုံး မှောင်အတိဖုံးနေသည်။ ငှက်ဆိုးထိုးသံမှတစ်ပါး အားလုံးတိတ်ဆိတ်နေသည်။ ကျနော်တို့အားလုံးလည်းမအိပ်ပဲ သတိဝိရိယနှင့်စောင့်ကြည့်နေကြသည်။
ဒီလိုနှင့် အချိန်များတရွေ့ရွေ့ကုန်ဆုံးလာရာ ည (၁၁) နာရီရောက်ရှိလာသဖြင ထွက်ပြေးဖို့ အချိန်တန်ပြီမို့ သူငယ်ချင်းများကို အချက်ပြလိုက်သည်။ အရင်ဆုံး စိုးရယ်နှင့် လိရယ်က ကင်းစောင့်သော စစ်သားကို ''ဆရာ ကျနော်တို့ ဗိုက်နာလို့ အလေးခဏသွားလို့ရမလား''
''အေ..အေ သွားမြန်မြန်ပြန်လာ'' ဆိုသဖြင့် အလေးသွားဟန်ပြုပြီး ချိန်းထားသောနေရာတွင် သွားစောင့်နေ လိုက်သည်။
တအောင့်ကြာသောအခါ ကျနော်နှင့် မီရယ် လည်းထိုနည်းတူစွာပြုလုပ်၍ ရိပ်မိမည်စိုးသောကြောင့် အခြားလမ်းမှ ပတ်သွားလေသည်။ ရှေ့တွင်အသင့်စောင့်သော သူငယ်ချင်းများနှင့် တွေ့သောအခါ တုံ့ဆိုင်းမနေဘဲ ထွက်ပြေးပါလေတော့သည်။
အမှောင်ထဲတွင် ပြေးနေရသဖြင့်ဘာမှမမြင်။ လဲလိုက်ထလိုက်နှင့် ဒူးများပင်ပွန်းပဲ့ကုန်ပါသည်။ ကျနော်တို့ ညလုံးပေါက်ထွက်ပြေးလာကြသဖြင့် မိုးပင်လင်းသွားပါသည်။
ဗိုက်ကလည်းဆာလှသဖြင့် တောထဲတွင်ပေါက်နေသော ငှက်ပျောပင်မှ ငှက်ပျောသီးကို ခူးစားကြပါသည်။ ကျနော်တို့လည်း စစ်သားများ လိုက်လာမည်စိုးသောကြောင့် ကြာကြာပင်မနားရဲဘဲ ဆက်၍ပြေးလာကြရာ နေ့လည်လောက်တွင် ရွာသို့ပြန်ရောက်လာကြပါသည်။
ကျနော့်ဘဝတစ်သက်သာတွင် ထိုမျှလောက်နာကြည်းစရာကောင်းသော ကိစ္စများကိုဘယ်တော့မှမေ့နိုင် တော့မည်မဟုတ်ပါ။
ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် မတ်လ ရ ရက်နေ့တွင် ဘရားဖြူထီးပွင့်ကန်လမ်းတွင် တပ်စွဲထားသော နအဖတပ်ရင်းမှ ကျောင်းသားလူငယ်တစုအား ဖမ်းဆီးခဲ့သောဖြစ်ရပ်မှန်ကို ရေးသားတင်ပြထားခြင်းဖြစ်သည်။