ရခိုင်စာပေနှင့် သမိုင်းသုတေသီ ရမ္မာဝတီ အရှင် ပညာစာရနှင့် တွေ့ဆုံမေးမြန်းခန်း

ရခိုင်စာပေနှင့် သမိုင်းသုတေသီ ရမ္မာဝတီ အရှင် ပညာစာရနှင့် တွေ့ဆုံမေးမြန်းခန်း
by -
နိရဥ္စရာ

ထောင် ၈ နှစ်နဲ့ ၃လ ချမှတ်ခံထားရတဲ့ ရခိုင် စာပေ သမိုင်းသုတေသီ အရှင်ပညာစာရဟာ ၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၁၃ ရက်နေ့က သရက်ထောင်ကနေ ပြန်လည် လွှတ်မြောက်လာပါတယ်။ ဆရာတော် အရှှင် ပညာစာရဟာ သရက်ထောင်က လွှတ်လာပြီးတဲ့ နောက် ရန်ကုန်မြို့ သီရိဂန္ဒာရုံ ကျောင်းတိုက်မှာ သီတင်းသုံးနေပါတယ်။ ဆရာတော် ရန်ကုန်ကို ရောက်ရှိနေစဉ် နိရဥ္စရာ သတင်းဌာနက ဆရာတော်နဲ့ ဆက်သွယ်မေးမြန်းခွင့်ရရှိခဲ့ပါတယ်။ ဆရာတော်ကို လျှောက်ထား မေးမြန်းချက်တွေကို အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်။

Panyarsara-monastery
(အရှင်ဘုရား ထောင်ထဲက ထွက်လာပြီး လူထုကိို ပထမဆုံး လက်ဆောင်ပါးချင်တဲ့ စကားက ဘာပါလဲ)

တနိုင်ငံလုံး အတွက်ဖြစ်စေ၊ ကိုယ့်အတွက်ဖြစ်စေ အားလုံး အတွက် ၀မ်းသာရပါတယ်။ ငါကတော့ ငှက်ကို ခြိုင့်ထဲမှာ လှောင်ထားသလို ခံစားရပါတယ်။ ဒီလို လွတ်လာတဲ့အတွက် အများကြီး ၀မ်းသာတယ်။ လွှတ်ပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်တယ်။ တောင်းဆိုတဲ့သူတွေနဲ့ အဖွဲ့အစည်းတွေကိုလည်း အများကြီး ကျေးဇူးတင်တယ်။

(အခု အရှင်ဘုရားက ဖမ်းဆီးစဉ်က လူဝတ် လဲခံထားရတယ်ဆိုတော့ အခု ရဟန်းပြန်ဖြစ်နေပီလား အရှင်ဘုရား။ သိရပါရစေ)

- ငါ့ကို ရဟန်းအဝတ်က အတင်း အဓမ္မ ဆွဲချွတ်လိုက်တယ်။ ဒါပေမယ့် ရဟန်းကို အဲဒီလို ဆွဲချွတ်လို့မရဘူး။ ရဟန်းကို သိက္ခာချမှ ရတယ်။ သိက္ခာချတဲ့အခါမှ သိက္ခာကျတဲ့ အင်္ဂါရပ်တွေ ရှိတယ်။ သိက္ခိပ်ကာလ ပယောဂပုဂ္ဂလ ၀ိဇာတန ဆိုတဲ့ သိက္ခာချတဲ့ အင်္ဂါရပ်တွေရှိတယ်။ အဲဒီ အင်္ဂါရပ်တွေနဲ့ ညီမှသာ သိက္ခာကျတယ်။ အဲဒီအတွက်ကြောင့် ငါ့တို့ ပြင်ကိုထွက်လာတဲ့အခါမှာ သင်္ကန်းပြန်လို့ဝတ်ပြီးရင် သာသနာထဲကို ပြန်ရောက်တယ်။

( ရှေ့အနာဂတ် ရည်မှန်းချက်ကို သိပါရစေ)

- ရှေ့ကို ဆက်လုပ်မယ်ဆိုတာကတော့ ပထမ လုပ်ခဲ့တဲ့ မိဘမဲ့ကလေးတွေ၊ အားကိုးရာမဲ့ ခလေးတွေ မွေးစားတဲ့ လုပ်ငန်းကို ပြန်လို့လုပ်မယ်။ ကလေးတွေကို ပြန်ရအောင် တောင်းဆိုမယ်။ နောက်ပြီးတော့ ဒုက္ခရောက်နေတဲ့၊ အားကိုးရာမဲ့ ဖြစ်နေတဲ့ ကလေးတွေကို ဆက်တိုက်ဆက်တိုက် မွေးစားနိုင်အောင် ကြိုးစားမယ်။ ဟိုး-- အယင်ကထက် စိတ်ရှည်ထားမယ်။ မေတ္တာတရားထားပြီးတော့ ကြိုးစားမယ်လို့ မှတ်ထားတယ်။ စိတ်ကူးထားတယ််။

( အခု မဂ္ဂင်ကျောင်းကို ချိတ်ပိတ်ထားရာကနေ ပြန်လို့ ဖွင့်ရတဲ့ အနေအထားတွေရှိပါတယ်။ အရှင်ဘုရား သီတင်းသုံးခဲ့တဲ့ ဗုဒ္ဓဝိဟာရ မဟာမုနိကျောင်းကိုကော ပြန်ဖွင့်လို့ရနိုင်တဲ့ အနေအထား ရှိနိုင်ပါသလား။ အမြင်လေးကို နည်းနည်းရှင်းပြပေးပါ)

- ရမယ်လို့တော့ ထင်ပါတယ်။ ရပါလိမ့်မယ်။ အဲဒီကျောင်းကို ပထမတော့ သူတို့ သိမ်းလိုက်တယ်။ နောက်တော့ သံဃာ့နာယက ကိုအပ်လိုက်တယ်။ ဆရာတော်ကြီးတွေက ထိန်းသိမ်းထားတယ်။ ဆရာတော်ကို ပြန်လာလို့ ရတယ်လို့ ပြောထားတွေ ရှိတယ်။ အလုပ်လုပ်ရမယ်လို့တော့ ပြောသွားတယ်။ ဒါကြောင့် အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။

(အရှင်ဘုရားကို ဖမ်းတုန်းက ရခိုင်နဲ့ ပတ်သက်တဲ့ ရှေးဟောင်း အမွေအနှစ် ပစ္စည်းတွေကို ယူဆောင် သွားတယ်လို့ ကြားရပါတယ်။ အဲဒါတွေကို ပြန်ရနိုင်တဲ့ အနေအထား ရှိပါသလား။ အရှင်ဘုရားကကော တောင်းဆိုဖို့ အနေအထား ရှိပါသလား)

- တောင်းဆိုမယ်။ ရအောင်လုပ်မယ်။ ဒါပေမယ့် ဘယ်လောက်ပြန်ပေးမယ်။ ဘယ်လောက် ဖျက်ဆီးသွားတယ်။ ဘယ်လောက် ယူသွားတယ်ဆိုတာကိုတော့ စာရင်းမရသေးဘူး။ ပြန်သွားတဲ့အခါမှ ကျောင်းမှာ ပြန်ကြည့်ရမယ်။ ကျောင်းမှာ ဘယ်လောက်ကျန်သေးတယ်။ ဘယ်လောက် ပျက်စီးသွားတယ်။ ဘယ်လောက်ယူသွားတယ်။ အဲဒါကို သိအောင်လုပ်ရမယ်။ ပြီးမှ သူတို့ဆီမှ ရှိတဲ့ဟာတွေကို ပြန်လို့ ရအောင် တောင်းဆိုရမယ်။ အကြမ်းအားဖြင့် သိတာက ရခိုင်ငွေသားဒင်္ဂါးတွေ၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်က ဒင်္ဂါးတွေ ၁၃ ပြား ပါသွားတယ်။ နောက် အင်္ဂလိပ်ခေတ်က ဗြိတိသျှခေတ်က သွန်းလုပ်ခဲ့တဲ့ ဒင်္ဂါး နှစ်ပြား ပါသွားတယ်။ ယဉ်ကျေးမှုနဲ့ မဆက်စပ်တဲ့ ဒီခေတ်က ပိုက်ဆံတွေလည်း ပါသွားတယ်။ နောက် ဘာတွေဘာတွေ ပါသွားတယ်ဆိုတာ မသိရသေးဘူး။ ကျောင်းကို ရောက်တဲ့အခါမှ ဘာရှိတယ်။ ဘာမရှိဘူး ဆိုတာကို သိရမယ်။

(အရှင်ဘုရားအပေါ် ဖမ်းဆီးပြီး လူဝတ်လဲလိုက်တဲ့အပေါ် တရားဥပဒေနဲ့ ညီတယ်လို့ အရှင်ဘုရား မြင်ပါသလား။ ပြည်သူတွေ သိအောင် ရှင်းပြပေးပါဘုရား။ )

- မတရားလို့ မြင်တဲ့အတွက်ကြောင့် တရားဆုံးဖြတ်တဲ့အခါမှာ သဘောတူလား၊ သဘောမကျဘူးလားလို့ မေးတဲ့အခါမှာ လုံးဝသဘောမတူဘူး။ လုပ်ကြံဖန်တီးမှုတွေ များတဲ့အတွက်ကြောင့် လုံးဝသဘောမတူတဲ့ အတွက် လက်မှတ်လည်း မထိုးခဲ့ဘူး။

- ( မတရား ထောင်ချခံလိုက်ရတဲ့ ပုဂ္ဂိုလ် တဦးအနေနဲ့ မြန်မာ နိုင်ငံ တရားရေး မဏ္ဍိုင်နဲ့ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ)

- မြန်မာနိုင်ငံရဲ့ ရဲလုပ်ငန်းကို ပထမဆုံး ပြောချင်တယ်။ မြန်မာနိုင်ငံရဲ့ ရဲလုပ်ငန်းကို စနစ်တကျ ပုံစံပြောင်းပြီး လူထုအတွက် အကျိုးရှိတဲ့ ရဲတပ်ဖွဲ့ ဖြစ်အောင် ပြုပြင်ပြောင်းလဲသင့်တယ်။ ရဲလုပ်ငန်းတွေဟာ တခါတလေ အမှုမရှိရင် ရှိအောင် လုပ်တာ၊ အမှု မဖြစ်ရင် အမူဖြစ်အောင် တည်ဆောက်တဲ့ ပုံစံမျိုးတွေ ရှိနေတဲ့ အတွက်ကြောင့် အမှုတွေဟာ မတရားတာတွေ ရှိနေသလို ဖေါင်းပွနေတာတွေလည်း ရှိတယ်။ ခုလို လုပ်တဲ့ အတွက် တရားဥပဒေ မစိုးမိုးဘူး။ တချို့လူတွေက တရား ဥပဒေ စိုးမိုး တယ်ဆိုတာ ပြည်သူတွေ လိုက်နာမှုကိုဘဲ ထင်နေကြတယ်။ ဒါဟာ မဟုတ်ဘူး။ တရား ဥပဒေဘက်တော်သားတွေကိုယ်တိုင်က တရားဥပဒေကို လိုက်နာဖို့လိုတယ်။ အခု မြန်မာနိုင်ငံမှာ တာဝန်ရှိတဲ့ လူတွေက တရားဥပဒေ အတိုင်း မလိုက်နာဘဲ လုပ်ချင်သလို လုပ်ပြီး ဖြစ်ချင်သလိုဖြစ်နေကြတယ်။ လုပ်ချင်သလိုလုပ်နေတာဟာ ဘာကို ပြသလဲဆိုရင်် တရားဥပဒေ စိုးမိုးမှုမရှိတာကို ပြနေတဲ့ အချက် ဖြစ်တယ်။ ဒါကြောင့် ဥပဒေစိုးမိုးအောင် ပြည်သူတွေကဘဲ ဥပဒေကို လိုက်နာဖို့ မဟုတ်ဘဲ ဥပဒေ ဘက်တော်သားတွေကလည်း ဥပဒေကို လိုက်နာဖို့လိုတယ်။ အဲဒီအထဲမှာ ရဲလုပ်ငန်းတွေကိုလည်း ပြန်လို့ ပြုပြင် သင့်တယ်။ ကမ္ဘာ့အကောင်းဆုံး ရဲတွေရဲ့ ပုံစံကို ယူပြီးတော့ မြန်မာနိုင်ငံမှာ ရဲအဖွဲ့ကို အသစ်ပုံစံနဲ့ ပြုစု ပျိုးထောင် ရမယ်လို့ မြင်ပါတယ်။

(တရားရေး လုပ်ငန်းခွင်ကော အရှင်ဘုရား…….)

အမှုတွေကို ဆုံးဖြတ်တဲ့ တရားရေးလုပ်ငန်းတွေလည်း အခြေအနေ မကောင်းတာတွေ ရာခိုင်နှုန်း အပြည့်လို့ မပြောရဲပေမယ့် ရ၅ ရာခိုင်နှုန်းလောက်တော့ မကောင်းဘူး။ အဲဒါတွေကို ပြန်လည် ပြုပြင်ဖို့လိုတယ်။ ပြီးမှ တရား ဥပဒေစိုးမိုးပြီးတော့ အကောင်းဖြစ်မယ်။ အဲဒီလို မကောင်းတဲ့ အတွက်ကြောင့် ဦးဇင်းကို ဆုံးဖြတ်တဲ့အခါမှာလည်း မမှန်တာတွေ အများကြီး ပါသွားတယ်။

Most read this week