"အခုမှ နိုင်ငံရေး လုပ်ခွင့်ရတာ" လို့ ဒေါ်ဖြူဖြူသင်း ပြော

"အခုမှ နိုင်ငံရေး လုပ်ခွင့်ရတာ" လို့ ဒေါ်ဖြူဖြူသင်း ပြော
by -
မဇ္ဈိမ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာ ၄၈ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄၄ ဦးကို ထုတ်ပြန်ပြီးဖြစ်ရာ ထိုအထဲတွင် အမျိုးသမီး ၁၂ ဦး ပါဝင်သည်။

HIV ပိုး ကူးစက်ခံထားရသူများကို အကူအညီပေးနေသူ ဒေါ်ဖြူဖြူသင်းလည်း မင်္ဂလာတောင်ညွန့် မြို့နယ်မှ NLD ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

NLD သည် စတင် တည်ထောင်စဉ်ကတည်းက အာဏာပိုင်တို့၏ ဖိနှိပ်မှုအမျိုးမျိုးကိုခံခဲ့ရပြီး ယခုအချိန်တွင်
နိုင်ငံရေးလုပ်ခွင့် ရရှိလာပြီဖြစ်ခြင်းကြောင့် နိုင်ငံရေးလောကတွင်းသို့ ဝင်ရောက်ကာ ပြည်သူများ၏ လိုအပ်ချက် များကို တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးရန် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်ဟု မဇ္ဈိမ၏ အမေးကို ဖြေကြားသည်။

အသက် ၄ဝ ခန့်ရှိ မဖြူဖြူသင်းသည် ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာ အဓိကဖြင့် ဘွဲ့ရခဲ့သူဖြစ်သည်။

ဒေါ်ဖြူဖြူသင်းနှင့် ပတ်သက်၍ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "ဖြူဖြူက တကယ်ပဲ ပြည်သူ့အကျိုး ထမ်းဆောင်ချင်တဲ့စိတ် ရှိရုံမကဘူး၊ ထမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိတယ် ဆိုတာကို သက်သေနဲ့ကို ပြနိုင်လို့ ကျမတို့ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။" ဟု အင်္ဂါနေ့ မင်္ဂလာတောင်ညွန့်မြို့နယ် NLD ရုံးဖွင့်ပွဲတွင် ပြောဆို သွားသည်။

မဖြူဖြူသင်းကို ရွေးကောက်ပွဲဝင်ဖြစ်ပုံ၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြင်ဆင်ထားမှုများ စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က မေးမြန်းထားခြင်း ဖြစ်သည်။
phyuphyuthin
မင်္ဂလာတောင်ညွန့်မြို့နယ် NLD ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းနှင့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို အတူတွေ့ရစဉ် (ဓါတ်ပုံ မဇ္စျိမ)

အခုဆိုရင် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် NLD က အတည်ပြုလိုက်ပြီဆိုတော့
အောင်နိုင်ရေး အတွက် ဘာတွေ လုပ်နေပါသလဲ။

"အခုကတော့ ပြင်ထားတာကတော့ နှစ်ပိုင်းရှိတယ်။ မြို့နယ်အလိုက် တိုင်းအလိုက် ပြင်ဆင်ထားကြပါတယ်။ အစည်းအဝေးတွေ လုပ်ကြတယ်ပေါ့။ အခုလောလောဆယ်တော့ မြို့နယ်အောင်နိုင်ရေး ရုံးခန်းတွေ ဖွင့်နိုင်ဖို့
ပြင်ဆင်နေတယ်။ မြို့နယ် အောင်နိုင်ရေးအတွက် ကျမတို့ ဖွဲ့စည်းထားတာ ရှိပါတယ်။ သူတို့နဲ့ ပူးပေါင်းပြီးတော့ရွေးကောက်ပွဲအောင်နိုင်ဖို့ ဝင်လုပ်သွားမှာပါ။"

ဝင်ပြိုင်ရမယ့် မင်္ဂလာတောင်ညွန့်မြို့နယ်မှာကော စည်းရုံးရေး ဘာတွေ လုပ်နေပြီလဲ။

"ကျမတို့ အောင်နိုင်ရေးအတွက် အရှိန်အဟုန်ပြင်းပြင်းနဲ့ကို လုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ အဓိက ကတော့ မင်္ဂလာတောင်ညွန့်မြို့နယ် အတွက်ကို မြို့နယ်စည်းနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ပါမယ်။ လက်ရှိအခြေအနေမှာတော့ မင်္ဂလာတောင်ညွန့်မြို့နယ်က NLD လူငယ်တွေကလည်း သက်ဆိုင်ရာ ရပ်ကွက်တွေကို ဆင်းပြီးတော့ ပြည်သူတွေ နဲ့ နီးနီးစပ်စပ်ဖြစ်အောင် လုပ်နေပါပြီ။"

ကိုယ်တိုင်ကကော ကိုယ့်မဲဆန္ဒနယ်အတွက် စည်းရုံးရေးမဆင်းသေးဘူးလား။

"မြို့နယ်အောင်နိုင်ရေးက လိုအပ်ချက်တွေကို ကျမတို့ လုပ်ရမယ့် အလုပ်တွေ၊ သူတို့လုပ်ရမယ့်အလုပ်တွေ ခွဲဝေရဦးမယ်ပေါ့။"

မင်္ဂလာတောင်ညွန့်မှာ ဦးသုဝေတို့လို နိုင်ငံရေးသမားကြီး၊ နောက် ကြ့ံခိုင်ရေးပါတီ၊ တစည တို့လို အင်အားကြီးတွေ ပါဝင်ပြိုင်မယ်ဆိုတော့ ကိုယ့်ပြိုင်ဘက်တွေကိုနိုင်ဖို့ အလားအလားကိုကော ဘယ်လိုမှန်းလဲ။

"ကျမတို့မှာ အင်အားတွေ အများကြီးရှိတယ်။ မြို့နယ်အဆင့် ရပ်ကွက်အဆင့် အားလုံး ထိုးဖေါက်ပြီး လုပ်နေတာဖြစ်တယ်။ နောက်ပြီးတော့ ပြည်သူလူထု အားလုံးကလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လိုက်ပါဖို့ ပြည်သူတွေ လည်း အသင့်ရှိတယ်လို့ တွေ့ရတယ်။ ကျမတို့ ဒီလိုဝင်ပြိုင်တယ်ဆိုကတည်းက အောင်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားမှာဖြစ်တဲ့အတွက် အောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။"

ဒီနေ့ပဲ မင်္ဂလာတောင်ညွန့်ရုံးခန်း ဖွင့်တယ်ပေါ့။ အဲဒီ ကိုယ့်မဲဆန္ဒနယ်က လူတွေကကော ကိုယ့်အပေါ်မှာ စိတ်ဝင်တစားရှိကြလား။

"မင်္ဂလာတောင်ညွန့်ကလည်း ဒီမိုကရေစီအရေးအတွက်ကို တော်တော်လေး အားတက်သရော ဖြစ်နေတာကို
မြင်ရတော့ တော်တော်လေး အားတက်တယ်။ အဲဒီတော့ သိပ်ပြီးတော့ စိုးရိမ်စရာမတွေ့ဘူး။ အရင်လူဟောင်းတွေ ကလည်း ပူးပေါင်းကူညီတာတွေ့ရတော့ အတော်လေး ဝမ်းသာဖို့ကောင်းတယ်။ အဲဒီတော့ ကျမတို့ သွားနေတဲ့ လမ်းကြောင်းကို ညီညီညွတ်ညွတ်နဲ့ သွားနိုင်လိမ့်မယ်လို့ မြင်တယ်။"

အခုလို ရွေးကောက်ပွဲဝင်ပြိုင်တာကြောင့် ပြည်သူအတွက် ဘာလုပ်ပေးနိုင်မယ်လို့ ယူဆသလဲ။

“ ကျမတို့ နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူလူထုရဲ့ အခက်အခဲကို တတ်နိုင်တဲ့နည်းနဲ့ ဖြေရှင်းပေးချင်တာပါ။
နိုင်ငံရေးဆိုတာလည်း နိုင်ငံထဲမှာရှိတဲ့ အရေးမှန်သမျှကို လုပ်ကိုင်ချင်တာပါ။ ကျမတို့ ဒီမှာလည်း ၁၉၉၀ ကနေ ဒီနေ့အထိ ပါတီနဲ့ တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ၂၀၀၂ လူထုအကျိုးပြု HIV လုပ်ငန်းတွေကို ကျမတို့ တတ်နိုင်သလောက် အင်အားနဲ့ ကျမ တတ်နိုင်သလောက် လုပ်ဆောင်ခဲ့တယ်။ ရှေ့ဆက်ပြီးတော့ လုပ်ခွင့်ရမယ် လုပ်နိုင်မယ်ဆိုရင်တော့ ကျမတို့နိုင်ငံမှာ အများကြီးပါ။"

NLD ဟာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီ ဒါမှမဟုတ် အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်လား။

"ကျမတို့ အခက်အခဲတွေကို အကုန်လုံးလုပ်ပေးမယ်၊ လုပ်ပေးနိုင်မယ်လို့တော့ ပြောလို့မရဘူးပေါ့။ နိုင်ငံရေးကို အခုမှ ကျမတို့က စလုပ်ရတဲ့သဘောပဲ။ ၁၉၉ဝ ကနေ ခုအထိ ကျမတို့ နိုင်ငံရေး လုပ်ရတယ်လို့ မရှိဘူး။ ဒီမိုကရေစီ အင်အားစုတွေ အကုန်လုံးက အမျိုးမျိုး ဖိနှိပ်ခံခဲ့ရတယ်။ နိုင်ငံရေး လုပ်ရတယ်လို့ မရှိဘူး။ အကုန်လုံးက အဖမ်းဆီးခံ ကြားထဲက လုပ်ခဲ့ရတာ။ ကျမအမြင်ကတော့ အခုမှ စပြီးတော့ နိုင်ငံရေးစပြီးတော့ လုပ်ခွင့်ရပြီပေါ့။ အခုမှ စလုပ်ရမှာဆိုတော့ ကျမတို့ဘက်ကလည်း ကျမတို့ တတ်နိုင်သလောက် ပြည်သူတွေနဲ့ မပြတ်ထိတွေ့မယ်။ လိုအပ်ချက်တွေကိုလည်း တတ်နိုင်သလောက် ဖြေရှင်းပေးမယ်။ စွမ်းအားရှိသလောက် လုပ်ပေးသွားဖို့ကိုတော့ စဉ်းစားထားပါတယ်။"

Most read this week