ဖားကန့်တွင် ပြည်သူများကို မြန်မာအစိုးရတပ်က ပစ်သတ်နေဆဲ

ဖားကန့်တွင် ပြည်သူများကို မြန်မာအစိုးရတပ်က ပစ်သတ်နေဆဲ
by -
ကချင်သတင်းဌာန

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်အနောက်ဘက် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် မြန်မာအစိုးရတပ် က လက်နက်မဲ့ ပြည်သူများကို ဆက်လက်ပစ်သတ်နေဆဲဖြစ်ကြောင်း ဒေသခံများပြော သည်။

ဇန်နဝါရီ ၁၁ နေ့က ဖားကန့်လမ်းတွင် ခလရ ၅၈ မှ မြန်မာအစိုးရစစ်သားများ ပစ်သတ်ခဲ့တဲ့ ကျောင်းဆရာမ ယိန်းဝမ်။

ဖားကန့်မြို့နယ် လောင်ခန်(Lawng Hkang)နှင့် ဆိုင်းရာ(Seng Ra)ရွာသစ်ကြားတွင် ဇန်နဝါရီလ ၁၅ ရက် နံနက် ၉ နာရီ၌် မြန်မာအစိုးရတပ်၏ ပစ်ခတ်မှုကြောင့် လက်နက်မဲ့ပြည်သူနှစ်ဦးသေဆုံး၍ အခြားလေးဦး ဒဏ်ရာရရှိသည်ဟုု ဒေသခံမျက်မြင်များဆိုသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ထောင်ထားသည်ဟုထင်ရသော မိုင်းပေါက်ကွဲရာ မြန်မာအစိုးရ စစ်သားများထိခိုက်ဒဏ်ရရရှိသွားသည်ကို တုန့်ပြန်သောအားဖြင့် ထိုသို့ ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု ရွာသားပြောပါသည်။

ဗုံးသံ ကြားရပြီးနောက် အစိုးရစစ်ကြောင်း ရွာထဲဝင်လာစဉ် ရွာသားများ ကြောက်ရွံ့ထွက်ပြေးနေကြသည်ကို စစ်သားများ နောက်မှ လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်များပြောသည်။

သေဆုံးသူနှစ်ဦးမှာ အောက်ပြည်အောက်ရွာမှ ဗမာအမျိုးသားဖြစ်သည်ဟု ၎င်းတို့နှင့်နီးစပ်သူများပြောသည်။

ပစ်ခတ်သည့်တပ်မှာ အနောက်မြောက်ပို်င်းတိုင်းစစ်ဌာနချုပ် (နမခ)လက်အောက်ခံ ကသာအခြေစို်က် ခမရ အမှတ် (၃၀၉) မှ စစ်သားများဖြစ်သည်ဟု အသက်ဘေးမှလွတ်မြောက်ခဲ့သည့် ရွာသားများ ပြောသည်။

ဒဏ်ရာရရှိသူများအား သက်ဆိုင်ရာဆေးရုံသို့ ပို့ဆောင်ကုသနေသည်ဟုဆိုသည်။

ဒဏ်ရာအပြင်းထန်ဆုံးမှာ ၀မ်းဗိုက်တွင်သေနတ်မှန်သူ ကချင်အမျိုးသား အာထင် ဆိုသူဖြစ်ပြီး အခြား ကချင်အမျိုးသမီး ဂျန်မော်ဘန်မွန်းမှာ လက်ယာလက်မောင်းတွင် သေနတ်မှန်ထားသည်ဟု ၎င်းတို့၏မိတ်ဆွေများပြောသည်။

ထို့အပြင် ဗမာအမျိုးသားတစ်ဦး ခြေကျင်းဝတ်တွင် သေနတ်ဒဏ်ရာရရှိပြီး နောက် ဗမာအမျိုးသမီးတစ်ဦးက ဘယ်ခြေထောက်တွင် ဒဏ်ရာရရှိသည်ဟုဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်၌ ဖားကန့်မြို့နယ်တွင် ကိုယ်ဝန်ဆောင်ကချင်ကျောင်းဆရာမ မန်ရှန်ယိန်းဝမ် (Mangshang Ying Wang) နှင့် သူ၏ယောက်မ ဂေါ့လု ဆိုင်းခေါန် (Gawlu Seng Hkawn) တို့သည်လည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)အောက် ၀ို်င်းမော်နယ်မြေခံ ခလရ အမှတ် (၅၈) မှစစ်သားများ ပစ်ခတ်ခြင်းခံရသေးသည်။

၎င်းတို့နှစ်ဦးအား ကားမိုင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဆရာမမှာ သေနတ်ဒဏ်ရာကြောင့် သေဆုံးသွား၍ ၄ လသား သန္ဓေသားမိန်းကလေးမှာလည်း ပါ၀င်သွားသည်။ ယောက်မဖြစ်သူ ဂေ့ါလုဆိုင်းခေါန်မှာ ဒဏ်ရာမှ သက်သာလာခဲ့သည်။

ကြောက်ရွံ့စေရန်အတွက် လက်နက်မဲ့ပြည်သူများကို ပစ်ခတ်လေ့ရှိသည့် မြန်မာစစ်တပ်ကြောင့် ဖားကန့်ဒေသခံများကြား စိုးရိမ်ထိတ်လန့်မှုကြီးမားနေသည်ဟု ဒေသခံကျောက်တူးသမားများ ပြောသည်။

ပြည်သူ့အိုးအိမ်နှင့် ကျွဲနွားတိရစ္ဆာန်များကို မြန်မာအစိုးရတပ် လုယက်
လက်နက်မဲ့ပြည်သူများကို ပစ်ခတ်သည့်အပြင် ဒေသခံများ၏ ဥစ္စာပစ္စည်းများနှင့် ကျွဲနွားတိရစ္ဆာန်များကိုလည်း ခိုးယူလုယက်ကြသည်ဟု ဒေါသထွက်နေကြသည့် ဖားကန့်ဒေသခံများပြောသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က ခလရ ၅၈ မှ ဗိုလ်မှူးအောင်ကိုလတ် ဦးစီးသည့်တပ်က ပုဂ္ဂလိကငါးမွေးမြူရေးကန်မှ ငါးများကို လုယက်ဖမ်းဆီးခဲ့သည်ဟု ဒေသခံများပြောသည်။

ဦးထန်လျန်၏ ထိုငါးကန်သည် ဖားကန့်လမ်း တံတားညီနောင်အနီး ခရိုင်ယန်ကျေးရွာတွင် တည်ရှိသည်ဟု ဆိုသည်။  ထို့ပြင် ဗိုလ်မှူးအောင်ကိုလတ်တပ်ကပဲ ခရိုင်ယန်ကျေးရွာသားများ၏ အိုးအိမ်များမှ ပစ္စည်းဥစ္စာများ လုယက်ယူငင်ကြသည်ဟု ရွာသားများပြောသည်။

ဇွန်လမှစတင်၍ တိုက်ပွဲများဖြစ်ပွားလာပြီးနောက် ဖားကန့်ဒေသတွင် စီးပွားရှာသူများသည် မြန်မာစစ်တပ်နှင့် KIO နှစ်ဖက်အဖွဲ့အစည်းများသို့ အခွန်ပေးဆောင်နေရသည််။

Most read this week