ကချင်ထိုးစစ်တွင် မြန်မာအစိုးရစစ်သား အကျအဆုံးများ ဟု KIA ဆို

ကချင်ထိုးစစ်တွင် မြန်မာအစိုးရစစ်သား အကျအဆုံးများ ဟု KIA ဆို
by -
ကချင်သတင်းဌာန

မြန်မာအစိုးရတပ်က ၂၀၁၁ ဇွန်လမှစတင်၍ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကိုထိုးစစ်ဆင်လာသည့် ရ လတာကာလတွင် သေဆုံးဒဏ်ရာရမှု အမြောက်အများရှိခဲ့သည်ဟု KIA စစ်အရာရှိများပြောသည်။

 ရှမ်းပြည်မြောက်ပိုင်း မုံကိုးတွင် ဒီဇင်ဘာ ရ ရက်က အဖမ်းခံရသော အရပ်ဝတ်နဲ့ မြန်မာစစ်သားများကို ဒီဇင်ဘာ ၁၃ ရက်က KIA မှ ပြန်လွတ်ပေးခဲ့တယ်။
KIA မှ မြန်မာအစိုးရတပ် အချင်းချင်းဆက်သွယ်မှုရရှိသော ကြားဖြတ်ကြေးနန်းအရ သေဆုံးဒဏ်ရာရမှု သတင်းကို သိရခြင်းဖြစ်သည်။

သို့သော်မြန်မာအစိုးရက ၎င်း၏စစ်သားကျဆုံး/ ဒဏ်ရာရစာရင်းကို အစိုးရပိုင်သတင်းစာများမှ တဆင့် ရ လကြာသည့်တိုင် ထုတ်ပြန်ကြေညာခြင်းမရှိပါ။

KIA ကမူ အစိုးရစစ်သား ထိခိုက်သေဆုံး/ ဒဏ်ရာရသူပေါင်း ထောင်ဂဏန်းရှိသည်ဟုဆိုသည်။

လိုင်ဇာ အလဲန်ဘွမ် KIA စစ်ဌာနချုပ်ရုံး အရာရှိများက KIA တပ်သား ၁၀၀ ခန့် ၎င်း၏ခံစစ်များတွင် ကျဆုံးသည်ဟု ကချင်သတင်းဌာနသို့ပြောသည်။

ဝေးလံခေါင်ဖျာသည့် ဒေသများတွင်တိုက်ပွဲဖြစ်ပွားခြင်းနှင့်အတူ မြန်မာ့တပ်မတော်က လူသိရှင်ကြား ထုတ်ဖော်ခြင်း မရှိ လျှို့ဝှက်ထားသည့်အတွက် မြန်မာအစိုးရစစ်သားများ သေကြေဒဏ်ရာရမှု စာရင်းကိုသီးခြား အတည်ပြုရန် ခက်ခဲသည်။

အစိုးရတပ်အရာရှိများက တပ်သားသစ်များကို မိုင်းကွင်း သို့မဟုတ် အခြားအန္တရာယ်များသည့် နေရာများသို့စေလွှတ်တတ်သည်ဟု မြန်မာစစ်အစိုးရတပ် စစ်ပြေးတဦးပြောသည်။

ထို့အပြင် ရှေ့တန်းစစ်မြေပြင်တွင် ဆေးဝါးကုသပေးခြင်းအလွန်အမင်း ချို့တဲ့သဖြင့် ကုသ၍ ရနိုင်သည့် ဒဏ်ရာများဖြင့် သေဆုံးသွားတတ်သည်ဟုလည်း အစိုးရတပ်စစ်ပြေးများဆိုသည်။

တပ်သားအချင်းချင်း ကျင်းတိမ်တိမ်ဖြင့်သာ မြုပ်နှံထားသော အစိုးရစစ်သားအလောင်း မြေစာပုံများကို မကြာခဏ မြင်တွေ့ရသည်ဟု ရှေ့တန်းမှ KIA တပ်သားများပြောသည်။

မြန်မာစစ်တပ်၏ စစ်သားအကျအဆုံးစာရင်း လျှို့ဝှက်ထားခြင်းကြောင့် ရှေ့တန်းစစ်မြေပြင်မှ စစ်သားများသေဆုံးသတင်းကို ၎င်းတို့မိသားစုဝင်များထံ စစ်တပ်က အနည်းအကျဉ်းသာ ကြားသိစေသည်ဟု အစိုးရတပ် အတွင်းသတင်းများက ဆိုသည်။

ထို့အပြင် မိဘများ မသိဘဲ အတင်းအဓမ္မ ကလေးစစ်သားစုဆောင်းမှုများလည်း ရှိနေပါသည်။

KIA ထက်မြန်မာအစိုးရတပ်က လက်နက်နှင့်လူအင်အားများသော်လည်း KIA နယ်မြေများကို သိမ်းပိုက်ရန်ခက်ခဲနေသည်။ အဓိကအကြောင်းရင်းမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တောတောင်ထူထပ်သည့် ပထဝီအနေအထားနှင့် စိတ်ဓာတ်ရေးရာ ခိုင်မာသောခံယူချက်ဖြင့် စစ်ရေးခုခံနေရသည့် KIA စစ်သားများသည် အထက်အမိန့်အရ စစ်တိုက်နေရသော အစိုးရစစ်သားများအပေါ် စစ်ရေးအရ အသာစီးရနေခြင်းဖြစ်သည်။

Most read this week