အပစ်ခတ် ရပ်စဲရေးအတွက် ဦးသိန်းစိန် အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့ နှစ်ဘက် ပဏာမ သဘောတူ လက်မှတ် ရေးထိုးပြီးဖြစ်သော်လည်း လက်တွေ့ အကောင်ထည်ဖေါ် ဆောင်ရွက်နိုင်ရန် အတွက် အသေးစိတ် ဆွေးနွေးစရာများ ကျန်ရှိနေသေးကြောင်း KNU က ပြောသည်။
ဇန်နဝါရီ ၁၂ နေ့က ဘားအံမြို့၌ နှစ်ဘက် တွေ့ဆုံရာတွင် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရအဖွဲ့ဝင် ကိုယ်စားလှယ်များက ဗိုလ်ချုပ်မူတူးဆေးဖိုး ဦးဆောင်သည့် KNU ကိုယ်စားလှယ်အဖွဲ့မှ အပစ်အခတ် ရပ်စဲရေး အတွက် အဆိုပြုသည့် အချက် ၁၁ ချက်ကို မူအားဖြင့် သဘောတူခဲ့ပြီး ဖြစ်သော်လည်း ယင်းအချက်များကို လက်တွေ့ အကောင်ထည်ဖေါ်နိုင်ရန်အတွက် ထပ်မံဆွေးနွေးရန် လိုသေးကြောင်း KNU က ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့ နှစ်ဘက် ပဏာမ သဘောတူ လက်မှတ် ရေးထိုးပြီးဖြစ်သော်လည်း လက်တွေ့ အကောင်ထည်ဖေါ် ဆောင်ရွက် နိုင်ရန် အတွက် အသေးစိတ် ဆွေးနွေးစရာများ ကျန်ရှိနေသေးကြောင်း KNU က ပြော (ဓါတ်ပုံ မဇ္စျိမ)
“ကျနော်တို့ နယ်မြေမှာ ကျူးကျော်ချထားတဲ့ တပ်တွေ ဘယ်လိုခွာမလဲဆိုတာရယ်။ အပစ်ရပ်ပြီး နောက်ပိုင်းမှာ
ပြည်နယ်အတွင်းမှာ ဖွ့ံဖြိုးရေး လုပ်ငန်းတွေ လုပ်ဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်အောင်လည်း ရှင်းရှင်း လင်းလင်းဖြစ်ဖို့ လိုတယ်လေ။ ဒါတွေ လက်တွေ့ အကောင်အထည်ဖေါ်ဖို့အတွက် ထပ်ဆွေးနွေးရမှာပေါ့” ဟု KNU ဒုဥက္ကဋ္ဌ စောဒေးဗစ်သာကပေါက မဇ္စျိမကို ပြောသည်။
နှစ်ပေါင်း ၆ဝ ကျော် တိုက်ပွဲများကြောင့် နာလံမထူနိုင်ခဲ့သည့် ဒေသတွင်းနေရာများ ပြန်လည် ထူထောင်ရေး ကဏ္ဍအသီးသီးကို လုပ်ဆောင်နိုင်ရန် အစိုးရအဖွဲ့များနှင့် နောက်တဆင့် ဆွေးနွေးမှုတွင် ထည့်သွင်းသွားမှာ
ဖြစ်သည့်အတွက် မကြာမီ ရက်ပိုင်းအတွင်း KNU ခေါင်းဆောင်များအချင်းချင်း အကြိုညှိနှိုင်း ဆွေးနွေးမှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
KNU ကိုယ်စားလှယ်အဖွဲ့သည် ဘားအံမှ တဆင့် နေပြည်တော်သို့သွားရောက်ခဲ့ပြီး ဒုသမ္မတ စိုင်းမောက်ခမ်းနှင့်
တွေ့ဆုံခဲ့သလို အပြန်လမ်းတွင် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်း နှင့်လည်း တွေ့ဆုံခဲ့ကြကာ တနင်္ဂနွေနေ့က
နေရပ်ရင်းသို့ ပြန်ရောက်ခဲ့ကြပြီ ဖြစ်သည်။
အစိုးရသစ်အနေဖြင့် KNU နှင့် အပစ်ခက်ရပ်စဲရေး လက်မှတ်ထိုးရာတွင် အစိုးရဘက်မှ လိုလားမှု အမှန်တကယ် ပင် ရှိခဲ့ကြောင်းနှင့် ရှေ့ဆက် ဆွေးနွေးရန်ကြန်ရှိနေသေးသော နိုင်ငံရေး ကိစ္စများတွင်လည်း အဆင်ပြေချောမွေ့ မည့် အလားအလာများကို အစိုးရဘက်၌ တွေ့ရှိရကြောင်းအပစ်ခက်ရပ်စဲရေးတွင် ပါဝင်ခဲ့သော ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တဦးက မဇ္စျိမကို ပြောသည်။
ထို့အတူ မကြာမီရက်များအတွင်း မွန်ပြည်သစ်ပါတီ NMSP ၊ ကရင်နီတိုးတက်ရေးပါတီ KNPP ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO တို့နှင့်လည်း အပစ်ရပ်ရေး ဆွေးနွေးသွားရန် ပြင်ဆင်ထားကြောင်း သိရသည်။