ကရင်နီအမျိုးသမီး တဦး အဓမ္မ ပြုကျင့်ခံရသည့် ကိစ္စနှင့် ပါတ်သက်၍ တရားခံအား မဖေါ်ထုတ်နိုင်ကြသော်လည်း ကရင်နီ-ကယားပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ စစ်တပ် အရာရှိများ အကြား ဆွေးနွေးမှုများ ရှိသည်ဟု ကယားပြည်နယ်ဝန်ကြီး တဦးက ပြောသည်။
၎င်းက "အစည်းအဝေးတွေမှာတော့ ဆွေးနွေးကြပါတယ်… ဒီလိုကိစ္စတွေမျိုးဆိုတာ သူ့လမ်းနဲ့သူ လူတိုင်းရဲ့ ကိုယ်ကျင့်တရားနဲ့ ဆိုင်ပါတယ်။ အဖွဲ့အစည်းတိုင်း လူတိုင်းတွေမှာ စည်းကမ်း ရှိကြပါတယ်။ ဒီလိုလုပ်တာဟာ စည်းကမ်းကို ဖောက်ဖျက်တာ ကြပါတယ်” ဟု ပြောသည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ရ ရက်နေ့က ကရင်နီပြည် ရှားတောမြို့နယ် ဒေါ၀ယ်ရောကျေးရွာနှင့် ရှမ်း-ကရင်နီနယ်စပ် လမ်းကြား တနေရာတွင် အသက် ၄၀ အရွယ် အမျိုးသမီး တဦးအား အစိုးရ စစ်တပ်မှ အဓမ္မ ပြု့ကျင့်ခဲ့သည်။
ပြုကျင့်သူသည် စစ်တပ် ဖြစ်ပြီး ရှားတောမြို့နယ် ထင်းရူးတောင် အခြေစိုက် ခမရ ၅၇၅ တပ်စခန်းမှ ဖြစ်သည်ကို ပြုကျင့်ခံရသူ အမျိုးသမီးနှင့် ရပ်မိရပ်ဖတို့မှ ယုံကြည်ထားကြပြီး နစ်နာသူအတွက် တရားမျှတမှု ရရှိစေရန် ကယားပြည်နယ် ၀န်ကြီးချုပ်ထံ တိုင်ကြားစာ ပို့ဆောင်ခဲ့ပြီးနောက် ၀န်ကြီးတို့မှ ထိုကိစ္စကိုအပေါ် ဆွေးနွေးလာကြသည်ဟု ဆိုသည်။
“ဒေါ၀ယ်ရောက ဖြစ်ရပ်ကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးထံ တိုင်ကြားပေမဲ့ သူဘာမှ မကူညီပေးနိုင်ဘူး။ တခြားဝန်ကြီးတွေနဲ့ ဒေသခံ အာဏာပိုင်တွေလဲ ဒီကိစ္စကို သိထားကြပါတယ်။ ဒါပေမဲ့ သူတို့ တိတ်တိတ်ပဲ နေတယ်” ဟု အမှုအား စုံစမ်းနေသည့် လွိုင်ကော်မြို့ခံ တဦးက ပြောသည်။
ကယားပြည်နယ် ၀န်ကြီးချုပ်ထံ တိုင်ကြားသည့် စာထဲတွင် ရှားတောမြို့နယ် ထင်းရူးတောင် အခြေစိုက် ခမရ ၅၇၅ တပ်စခန်းအား ရွေ့ပြောင်းပေးရန် ပါရှိပြီး တရားခံအား မဖေါ်ထုတ်နိုင်သည့်အတွက် “ကြီးသည့် အမှုငယ်၊ ငယ်သည့် အမှု ပျောက်ပျက်အောင်” ဆိုပြီး တပ်ပြောင်းရွှေ့ရန် တောင်းဆိုထားချက်အပေါ် ၀န်ကြီးမှ ပယ်ချထားသည်ဟု ဆိုသည်။
ထိုအမှုသည် စစ်တပ်နှင့် ပါတ်သက်နေသည့်အတွက် “ကယားပြည်နယ် အစိုးရ အနေနဲ့ ဘာအာဏာ သက်ရောက်မှုမှ မရှိဘူးလို့ ပြောလို့ ရပါတယ်” ဟု လွိုင်ကော်မြို့ခံ တဦးက ပြောသည်။
ရှားတောမြို့နယ်တွင် အစိုးရတပ်နှင့် ကရင်နီတပ်တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်နေတတ်ပြီး လူမှုအခြေခံ အဖွဲ့အစည်းများ၊ အဲန်ဂျီအို အဖွဲ့များနှင့် မီဒီယာ အဖွဲ့များမှ လွတ်လပ်စွာ သွားလာ၍ မရသော နေရာ ဖြစ်သည်။
ဒီဇင်ဘာလ ၅ ရက်နေ့က ရှားတောမြို့နယ် မယ်စတယ် ဒေသတွင် ကရင်နီတပ်မတော်နှင့် အစိုးရ စစ်တပ်တို့အကြား ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရ စစ်တပ်မှ ၄ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသည်ဟု ကရင်နီတပ်ဘက်က ဆိုသည်။