"ကျနော်တို့ ပြည်သူမှာ စွမ်းအားရှိပါတယ်"

"ကျနော်တို့ ပြည်သူမှာ စွမ်းအားရှိပါတယ်"
by -
နိရဥ္စရာ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်

ဘူးသီီးတောင်ထောင်ထဲမှ ဇန္နဝါရီလ ၁၃ ရက်နေ့ က လွှတ်လာတဲ့ ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်ကို စစ်တွေ မာစီးဒီး Marcedes ဟိုတည်မှာ တည်းခိုနေစဉ် မေးမြန်းခွင့်ရခဲ့ပါတယ်။ ကိုဌေးကြွယ်ကို ဒီမိုကရေစီလိုလားနေတဲ့ မြန်မာပြည်သူတွေကို ဘာပြောချင်ပါသလဲလို့ စမေးကြည့်တော့

……….
ကိုဌေးကြွယ်
" ကျနော်တို့ ပြည်သူတွေက လွတ်လပ်မှုကို မြတ်နိုးပြီးတော့ တရားမျှတမှုကို လိုလားတဲ့ လူမျိုးပါ။ ကျနော်တို့ ပြည်သူတွေဟာ ကိုယ့်ရဲ့ စွမ်းအားရှိတယ်ဆိုတာကို ကိုယ်ယုံကြည်ဖို့ပါပဲ။ ပြီးတော့ ကျနော်တို့ ညီညွတ်ဖို့ လိုတယ်။ ကျနော်တို့ စည်းလုံးဖို့၊ ပြီးတော့ မှန်တာကို ကျနော်တို့ လုပ်ရဲတယ်၊ ပြောရဲတယ် ဆိုတဲ့ အသိကို ကျနော်တို့ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားဖို့ပါပဲ။ ကျနော်တို့ ပြည်သူမှာ စွမ်းအားရှိပါတယ်။ "

အခု ထောင်ထဲက လွှတ်လာတော့ ခံစားရတဲ့ ခံစားမူကို ပြောပြလို့ ရမလား။

" အထူးတထွေ ခံစားရတာတော့ မရှိပါဘူး။ ကျနော်တို့လည်း ဟိုတုန်းတည်းက ၁၀နှစ်ကျော်လောက် နေခဲ့ရတာပဲလေ။ ပြီးတော့ ဒီတခေါက်ဆိုလို့ရှိရင် ၄နှစ်ကျော်လောက်ပဲရှိတာကို။ ဒါပေမယ့် ဒီလို အားလုံး စုံစုံလင်လင်နဲ့ လွတ်တယ်ဆိုတော့ ဒါဟာကောင်းတဲ့ အလားအလာတခုလို့ ကျနော်မြင်ပါတယ်။ "

အစိုးရက ထိပ်တန်း နိုင်ငံရေး အကျဉ်းသားတွေကို ခုလို လွှတ်ပေးလိုက်တဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

" ဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ ပြဿနာ ဖြစ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ကို အခက်ခဲ ဖြစ်နေတဲ့ အခက်ခဲတခုကို သူတို့ ဖြေရှင်းတယ်လို့ပဲ ကျနော်တို့မြင်ပါတယ်။ ပြီးတော့ ဒါဟာလည်း တကယ်ကို လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်တခုဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတကာနဲ့ ဆက်ဆံနိုင်ဖို့အတွက် လည်း နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးဟာ အလွန်ကို လိုအပ်နေပါတယ်။ ပြည်တွင်း နိုင်ငံရေးမှာလည်း မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းမယ်ဆိုလို့ရှိရင် ဒီအဆင့်ကို ကျော်လို့ကို မရပါဘူး။ အခုတော့ ကျော်လွှားနိုင်ပြီလို့ ထင်ပါတယ်။ ဒါပေမယ့် တချို့တွေ ကျန်နေသေးတယ်ဗျ။ "

မြန်မာနိုင်ငံရေး အခြေအနေ ဒီထက် ပိုကောင်းအောင် ဘယ်လို လုပ်ရင် ရမယ်လို့ မြင်ပါသလဲ။

" ကျနော်တို့ ၈၈ကျောင်းသားတွေ အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ကျနော်တို့ လုပ်ဆောင်နေတဲ့သူတွေပဲလေ။ မြန်မာနိုင်ငံရဲ့ တကယ့် ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆိုလို့ရှိရင် လိုအပ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကို ကျနော် တို့ ဆက်လက် လုပ်ဆောင်သွားမှာပါ။ ဒီအချက်တခုကိုတော့ ကျနော်တို့အားလုံး ဝိုင်းပြီးတော့ ပြောင်းကြမှာပါ။ "

ကိုဌေးကြွယ်တို့ ရန်ကုန် ဘယ်နေ့ ပြန်မလဲ။

" ကျနော်တို့ မနက်ဖြန် ( ဇန္နဝါရီ ၁၄ ရက်နေ့) ပြန်ကြမှာ ဖြစ််ပါတယ်။ "

Most read this week