ရခိုင်ကျောင်းသားနှင့် လူငယ်များထဲမှ ကိုထွန်းလင်းကျော်အပါအဝင် ၆ဦးလွတ်မြောက်

ရခိုင်ကျောင်းသားနှင့် လူငယ်များထဲမှ ကိုထွန်းလင်းကျော်အပါအဝင် ၆ဦးလွတ်မြောက်
by -
နိရဥ္စရာ

၂၀၀၉ ခုနှစ်တွင် မတရားဖမ်းဆီးခံခဲ့ရသော ရခိုင်ကျောင်းသားနှင့် လူငယ်များထဲမှ ၆ဦးမှာ ယနေ့ လွတ်ငြိမ်းချမ်း သာခွင့်နှင့် လွတ်မြောက်လာကြောင်း သိရသည်။

Released-political-prisoner
" သူတို့ထဲက ၆ဦးလွတ်မြောက်တယ်လို့ သိရပါတယ်။ နာမည်တွေတော့ ကျနော်လည်း အတိအကျ မသိသေးပါဘူး။ ကိုထွန်းလင်းကျော်နဲ့ ကိုကျော်ဝင်း လွတ်တာကတော့ သေချာပါတယ်။ " ဟု ကိုထွန်းလင်းကျော်၏ မိသားစုဝင် တဦးက နိရဥ္စရာသို့ပြောသည်။

အဆိုပါ ကျောင်းသားနှင့် လူငယ် ၁၁ဦးကို ၂၀၁၀ခုနှစ်တွင် အင်းစိန်ထောင်တွင် တည်ရှိသော အနောက်ပိုင်းတိုင်း တရားရုံးမှ ထောင်ဒဏ် ၃နှစ်မှ ၉နှစ်ထိ အသီးသီး ချမှတ်ခဲ့သည်။ ၎င်းတို့ထဲမှ ဘူးသီးတောင်မှ မောင်နိုင်စိုးကို ပထမ လွှတ်ပေးခဲ့ပြီး ၎င်းနောက်ပိုင်း ကိုခိုင်ကျော်မိုးနှင့် ကိုဇော်ထွန်းနိုင်တို့ ၂ယောက်မှာ ၂၀၁၁ခုနှစ် နိုဝင်္ဘာလ ၁၈ရက်နေ့တွင် လွတ်ရက်စေ့သဖြင့် လွတ်မြောက်လာခဲ့ကြသည်။

ကိုနိုင်စိုး(ခေါ်)မဲလုံးကို အသင်းအဖွဲ့ဥပဒေပုဒ်မ ရ ဖြင့် ၃နှစ်၊ ဖေါက်ခွဲရေး ပစ္စည်း လက်ဝယ်ထားရှိ မှုဖြင့် ၅နှစ် စုစုပေါင်း ၈နှစ်နှင့် ကိုရဲထက်စိုးအား အသင်းအဖွဲ့ဥပဒေပုဒ်မ ရ ဖြင့် ၃နှစ်၊ ဖေါက်ခွဲရေးပစ္စည်း လက်ဝယ်ထားရှိမှုဖြင့် ၅ နှစ်၊ ဂြိုလ်တု ဆက်သွယ်ရေး ဖုန်းတလုံး ဖမ်းဆီး ရမိခြင်းဖြင့် ၁နှစ် စုစုပေါင်း ၉နှစ် ချမှတ်ခဲ့သည်။

Released-political-prisoners
ကိုထွန်းလင်းကျော်၊ ကိုခိုင်ကျော်မိုး အပါအဝင် ၆ဦးကို အသင်းအဖွဲ့ဥပဒေပုဒ်မဖြင့် ၃နှစ်၊ နယ်စပ်တရားမဝင် ဖြတ်ကျော်မှုဖြင့် ၃နှစ် စုစုပေါင်း ၆နှစ် ချမှတ်လိုက်သည်။ ကျန်လူငယ်များကို သုံးနှစ်စီ အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရခိုင်လူငယ် ၁၁ဦးမှာ ကိုခိုင်ကျော်မိုး၊ ကိုထွန်းလင်းကျော်၊ ကိုနိုင်စိုး(ခေါ်) မဲလုံး၊ ကိုကျော်စံသိန်း၊ ကိုဇော်ထွန်းနိုင်၊ ကိုအောင်မိုးဇော်၊ ကိုကျော်ဝင်း၊ ကိုမောင်နိုင်စိုး၊ ကိုအောင်နိုင်၊ ကိုရဲထက်စိုးနှင့် နောက်တဦး တို့ဖြစ်ကြပြီး သူတို့မှာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်းမြို့နယ်များမှဖြစ်ကြသည်။

အဆိုပါ ၁၁ဦးထဲမှ ၂ဦးမှာ ထောင်ထဲတွင် ကျန်ရှိနေသေးကြောင်း သိရသည်။

ယခု နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်မူတွင် သရက်ထောင်တွင် အကျဉ်းကျခံနေရသော ရခိုင်ဆရာတော် အရှင်ပညာစာရ မပါ၀င်ကြောင်း သိရသည်။

Most read this week