ဗကသ မဟန်နီဦးနှင့် အင်တာဗျူး

ဗကသ မဟန်နီဦးနှင့် အင်တာဗျူး
by -
မဇ္စျိမ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ကျောင်းသူ အသက် ၂၅ နှစ်အရွယ်ရှိ မဟန်နီဦး ရှမ်းပြည်နယ် လားရှိုးအကျဉ်းထောင်မှ သောကြာနေ့က လွတ်မြောက်လာခဲ့သည်။ စနေနေ့တွင် ရန်ကုန်မြို့သို့ ပြန်မည် ဖြစ်သည်။

မဂ္ဂင်ကျောင်းဆရာတော် ဦးဣန္ဒက၊ မြင်းခြံ ဆရာတော် ဦးနန္ဒဝံသ၊ ကိုမင်းဇေယျ၊ ကိုငွေစိုးလင်း၊ ကိုမင်းဟန်၊ ကိုမြင့်နိုင်၊ ကိုဇာနည်အောင်၊ ကိုဉာဏ်လင်းထွဋ်၊ မဟန်နီဦးတို့ အပါအဝင် ၁၀ ဦး လွှတ်မြောက်လာခြင်း ဖြစ်သည်။

လွတ်မြောက်လာသည့် မဟန်နီဦးအား မဇ္စျိမ သတင်းထောက် ဖနိဒါ က ဆက်သွယ် မေးမြန်းထားသည်။

ဘယ်အချိန်လောက်မှာ အပြင်ကို လွတ်လာတာလဲ။

ကျမတို့ ၈ ခွဲ ၉ နာရီလောက်က ထွက်လာပါတယ်။

လွတ်လာမယ်ဆိုတာ ဘယ်အချိန်လောက်က သိလိုက်တာလဲ။

ဒီမနက်ကျမှ အမျိုးသမီး အဆောင်မှူးက အထုတ်အပိုးပြင်ထားဖို့ လာပြောပြန်တာပါ။

ဘာလက်မှတ်ထိုးခဲ့ရလဲ။

ဘာလက်မှတ်မှ မထိုးခဲ့ရပါဘူး။

ထောင်ဒဏ်အားလုံး ဘယ်နှစ်နှစ်ကျပြီးမှ ပြန်လွတ်လာတာလဲ။

ကျမက အသင်းအဖွဲ့ ပုဒ်မ ၆၊ ၁၄၃၊ ၁၄၅၊ ၅ဝ၅(၂) တွေနဲ့ ထောင်ဒဏ် ၉ နှစ်ခွဲ ကျပါတယ်။ ၄ နှစ်နဲ့ ၃ လနေခဲ့ရပါ တယ်။

ထောင်ဘယ်နှစ်ခုပြောင်းခဲ့ရလဲ။

ကျမ အင်းစိန်ထောင်ကနေ ဒီလားရှိုးထောင်ကို ပြောင်းခဲ့တယ်။ မန္တလေးထောင်မှာ ခနတဖြုတ်ဘဲ နေရတယ်။

လားရှိုးထောင်မှာ အေးတယ်ဆိုတော့ အမျိုးသမီးတဦးအနေနဲ့ ဘယ်လို နေထိုင်ခဲ့ရတယ်ဆိုတာ
ပြောပြပါလား။

စာရေးသောက်ရေးကတော့ အဆင်ပြေပါတယ်။ အခက်အခဲ အနေနဲ့တော့ အများကြီး မရှိခဲ့ပါဘူး။ ကျမက တယောက်တည်းအတွက် မဟုတ်ဘူး။ အမျိုးသမီး အကျဉ်းထောင် အားလုံး အတွက်ပါ ကျမပြောချင်တယ်။
ထောင်ထဲမှာ အမျိုးသမီးဝန်ထမ်းတဦး အော်ဟစ်ဆဲဆိုတာတွေ အရမ်းလုပ်တယ်။ ကြမ်းတမ်းရိုင်းဆိုင်းစွာ
ပြောဆိုတယ်။ သူက ဒေါ်သန်းသန်းဇင်ပါ။ ကိုယ်ထိလက်ရောက်တော့ မလုပ်ဘူး။ တော်တော်ကို ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်း တမ်းတမ်းပြောတယ်ရှင့်။

ကျန်းမာရေး အခြေအနေ သိပါရစေရှင်။

ကျန်းမာရေးက အစာအိမ်ရောဂါဖြစ်လို့ ဆေးသောက်နေရပါတယ်ရှင်။ အစားအသောက်က အိမ်ကဝေးတော့ တလစာအတွက် အဆင်မပြေတော့ အစာရှောင်ရတာဆိုတော့ အခက်အခဲတွေ ရှိတာပေါ့။

ခုလိုလွှတ်မြောက်လာတော့ ဘယ်လိုခံစားရလဲ။

ဝမ်းသာပါတယ်။ အားလုံးစုံစုံလင်လင် လွတ်ရတဲ့အတွက် ဝမ်းသာတာပါ။

နိုင်ငံရေး ရပ်တည်ချက်က ဘယ်လိုရှိလဲ။ ဘာထပ်ဖြည့်ပြောချင်လဲ။

ကျမက ဗကသအနေနဲ့ ရပ်တည်နေမှာပါ။ ဗကသကျောင်းသူအနေနဲ့ ကျောင်းသားတွေအတွက် လုပ်သင့် လုပ်ထိုက်တာ ဆက်လုပ်သွားမှာပါ။ အားလုံးကို ကျေးဇူးတင်တယ်။ သူတို့လည်းဘဲ ကျမတို့နဲ့အတူ ရပ်တည်ချက် ရှိနေစေချင်ပါတယ်လို့ ကျမပြောချင်ပါတယ်။