သျှမ်းပြည်မြောက်ပိုင်း လားရှိုးနှင့်သိန္နီကြားရှိ စစ်ဆေးရေးအထူးတင်းကြပ်၍ လာဘ်စားသည်ဟု နာမည်ကြီးသော ရေပူဂိတ် (နမ့်အွန်ဂိတ်) အား ပိတ်ပစ်ရန် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက သျှမ်းပြည်မြောက်ပိုင်း ခရီးစဉ်အပြီး နေပြည်တော်မှ ညွှန်ကြားလိုက်ကြောင်း ဒေသတွင်းသတင်းရပ် ကွက်ကဆိုပါသည်။
“ရေပူဂိတ်ပိတ်ဖို့ နေပြည်တော်က ညွှန်ကြားလာလို့ ဒီလ ရ ရက်ကစပြီး ပိတ်လိုက်ပြီ။ ဂိတ်ပိတ်လိုက်လို့ ကုန်သည် တွေ ခရီးသည်တွေစိတ်ချမ်းသာနေကြတယ်။ အချိန်ကုန်သက်သာ၊ လွတ်လွတ်လပ်လပ်သွားလာနိုင်ပြီလေ” ဟု လားရှိုးဒေသခံတစ်ဦးက ပြောပါသည်။
ဒီဇင်ဘာ ၁၃-၁၄ ရက် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သိန္နီသို့ ရောက်ရှိစဉ် ဒေသခံလူထုက ရေပူဂိတ်နှင့် ပတ်သက်၍ တိုင်ကြားစာအများအပြားပေးပို့ကြသောကြောင့် ယခုကဲ့သို့ရေပူဂိတ်ရုတ်သိမ်းရန် ညွှန်ကြားလာခြင်းဖြစ် နိုင်ကြောင်း ၎င်းကဆက်ပြောပါသည်။
“ရေပူဂိတ်မှာ အရမ်းစစ်တယ်။ မြို့ခံ ရွာခံတွေတောင်မှ မှတ်ပုံတင်ပြခိုင်း တယ်။ ဟိုမေးဒီမေး ဟိုစစ်ဒီစစ်။ ရွာသား တွေက ဗမာစကားမတတ်တော့ ဒုက္ခတွေ့။ ကုန်လဲတင် ခရီးသည်လဲတင်တဲ့ ကားတွေဆို စစ်ဆေးခံဖို့ ၁ နာရီ ၂ နာရီလောက် စောင့်ရတယ်။ အချိန်လဲကုန် လူလဲပန်း လိုရာခရီးလဲ မရောက်နိုင်ဘူး။”
ရေပူဂိတ်၌ လဝက၊ အကောက်ခွန်၊ သစ်တော၊ မူးယစ်၊ ‘စ’သုံးလုံးအစရှိ ဌာနပေါင်းစုံထားရှိရာ အချိန်ယူအစစ်ဆေးခံရသည့် အပြင် အခွန်လည်း အဆမတန် ပေး်ဆောင်ရသည်ဟုဆို၏။
“ရေပူဂိတ်ပိတ်တာ ကုန်သည်တွေ၊ ကားသမားတွေ၊ ဒေသခံတွေ ဝမ်းသာကြတာမှန်ပေမဲ့ ဂိတ်မှာအမှီအခိုပြုပြီး မှုန့်ပဲ သရေစာရောင်းတဲ့ အောက်ပြည်ကလာတဲ့ ဝန်ထမ်းသား/သမီးတွေ အခက်အခဲဖြစ်တာပေါ့” ဟု ဂိတ်အနီးနေထိုင်သူ တစ်ဦးက ပြောပါသည်။
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်၌ မန္တလေးအထွက် ၁၆ မိုင်ဂိတ်၊ မူဆယ်အဝင် ၁၀၅ မိုင်ဂိတ် နှစ်ခုသာကျန် ရှိတော့ကြောင်း၊ သန္နီရေပူဂိတ်ပိတ်လိုက်သောကြောင့် အဆိုပါကျန်ရှိသည့် စစ်ဆေးရေးဂိတ်နှစ်ခုတွင် အထူးကြပ်မတ် စစ်ဆေးနေကြောင်း မူဆယ်ကားဆရာတစ်ဦးကလည်း ပြောပါသည်။
သိန္နီရေပူဂိတ်သည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က လားရှိုးအထွက်အေတီဂိတ် ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်မှ သိန္နီမြို့ ရေပူစမ်းကျေးရွာသို့ ပြောင်းရွှေ့ချထားသည့်ဂိတ်ဖြစ်သည်။