လူကုန်ကူးမှု စွပ်စွဲချက်ဖြင့် ဘူးသီးတောင်မြို့တွင် အမျိုးသမီး တစ်ဦး ဖမ်းဆီးခံရ

လူကုန်ကူးမှု စွပ်စွဲချက်ဖြင့် ဘူးသီးတောင်မြို့တွင် အမျိုးသမီး တစ်ဦး ဖမ်းဆီးခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် လူကုန်ကူးမှုဖြင့် စွပ်စွဲချက်ဖြင့် အမျိုးသမီး တစ်ဦးကို ရဲက ဖမ်းဆီး လိုက်သည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးမှာ ဒေါ်ခင်မျိုးဝင်း ဖြစ်ပြီး လူကုန်ကူးမူ တိုက်ဖျက်ရေး အဖွဲ့မှ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

" ဒီလ ၈ ရက်နေ့က ဖမ်းတာပါ။ သူပို့လိုက်တဲ့ ကောင်မ လေးတွေက ဘူးသီးတောင်ကို ပြန်ရောက်လာပြီး သူတို့ ရောင်းစားခံရတယ်လို့ တိုင်တဲ့အတွက် ဖမ်းတာ။ သူဒီလို လုပ်စားနေ တာ ကြာနေပြီလို့ မြို့မှာသတင်းတွေ ပျံ့နေတယ်" ဟု ဘူးသီးတောင် ဒေသခံ တစ်ဦးက ပြောသည်။

သူမ အဖမ်းခံရပုံနှင့် ပတ်သတ်ပြီး တခြား ဘူးသီးတောင်မြို့ခံတဦးကလည်း ယခုကဲ့သို့ ပြောသည်။

" ဒီလ ၈ ရက်နေ့က ဖမ်းတာပါ။ လူကုန်ကူးမှု နှိမ်နှင်းတားဆီးရေး အဖွဲ့က ဖမ်းတာ ဖြစ်ပါတယ်။ ဘူးသီးတောင်က ကောင်မလေးတွေကို သူက ထိုင်းဘက်ကို အလုပ် ရမယ်ဆိုပြီး ပို့ပေးတယ်။ ထိုင်းဘက် ကို ရောက်တော့ ကောင်မလေးတွေက ပြည်တံဆာ ခန်းတွေမှာ အရောင်းခံရတယ်လို့ ပြောတယ်။ သူပို့လိုက်တဲ့ ကောင်မလေးတွေ ပြန်ရောက်ပြီး တိုင်တဲ့အတွက် ခရိုင်တပ်ဖွဲ့က သွားဖမ်းတာ ဖြစ်ပါတယ်" ဟု ပြောသည်။

သူမကို အခုအခါ လူကုန်ကူးမှုပုဒ်မ (၂၄) နှင့် (၃၂) ဖြင့်တရားစွဲဆိုပြီး ဘူးသီးတောင်ထောင်တွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

" ဒီပုဒ်မ ၂ခုရဲ့ သဘောသဘာဝက ဆိုရင် ပုဒ်မ ၂၄ ဆိုတာက သွေးဆောင်ဖြားယောင်းမှုပေါ့၊ ၃၂ ဆိုတာက ငွေရယူမှု အတွက် လူကို ကုန်ပစ္စည်းတခုလို ရောင်းစားတဲ့အမှုပေါ့။ အဲဒီအမှု ၂ ခုနဲ့ စွဲထားပါတယ် " ဟု အစိုးရ ရှေ့နေ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် စီးပွားရေး အထူး ကျပ်တည်းပြီး အလုပ်အကိုင် ရှားပါးမူကြောင့် နေရပ်ရင်းကို စွန့်ခွာပြီး ထိုင်း၊ မလေးရှား အပါအဝင် မြန်မာနိုင်ငံက စီးပွားရေး ကောင်းရာ ဒေသများသို့ လူငယ်များ ထွက်ခွာသွားနေကြရာ အဆိုပါ အခွင့်အရေးကို ယူပြီး တချို့ ၀ိသမ လောဘသားများက ငယ်ရွယ်သော မိန်းခလေးများကိုပါ ဖြားယောင်း ခေါ်ယူပြီး ပြည့်တံဆာ ခန်းများတွင် ရောင်းစားမူများ ရှိနေကြောင်း သိရသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း ၁၅ နှစ်အရွယ် အမျိုးသမီးငယ်များ အပါအဝင် အမျိုးသားအမျိုး သမီး ၁၈ ဦးကို ထိုင်းနယ်စပ်သို့ ရွှေပြည်သစ် ခရီသည်တင်ကားဖြင့် ခေါ်ဆောင် သွားသည့် အမျိုးသမီးတဦးကို မြောက်ဦးမြို့ ညောင်ပင် စျေးဂိတ်တွင် ရဲက ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။

Most read this week