ပြည်ပ ကချင်အမျိုးသားများ ခွဲထွက်ရေးမူ တောင်းဆို

ပြည်ပ ကချင်အမျိုးသားများ ခွဲထွက်ရေးမူ တောင်းဆို
by -
ကချင်သတင်းဌာန

ဗမာတိုင်းရင်းများချုပ်ကိုင်သော မြန်မာအစိုးရက “စစ်မှန်သော ဖက်ဒရယ် (Federal) ပြည်ထောင်စုမူကို လက်မခံလျှင် သီးခြား ကချင်ခွဲထွက်ရေးလမ်းစဉ်ကို နက်နက်နဲနဲလိုလားကြောင်း” ထိုင်းနိုင်ငံတွင်ရောက်ရှိ နေသော ကချင်အမျိုးသားများက ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ တွင် ဆန္ဒထုတ်ပြန်ခဲ့သည်။

ကချင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဒူဝါ ဘောမ်ဝွမ် လရော် မှ ကချင်နိုင်ငံရေး ဆွေးနွေးနေပုံ။
ဇန်နဝါရီလ ၃ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပသည့် ကချင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှ ယင်းကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ကချင်အမျိုးသားအစည်းအရုံး (KNO)၊ ကချင်ကျောင်းသားနှင့် လူငယ်သမဂ္ဂ (AKSYU)၊ ကချင်အမျိုးသမီးအစည်းအရုံးထိုုင်းနိုင်ငံ (KWAT)၊ PKDS (Pan Kachin Development Society) နှင့် ဘာသာရေးအဖွဲ့မှ ခေါင်းဆောင်များအပြင် တက္ကသိုလ် ကျောင်းသားများနှင့် KIA စစ်သားဟောင်းများ အားလုံးစုစုပေါင်း လူ (၇၈) ဦး တက်ရောက်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ စတင်ခဲ့သည့် ၁၉၄၇ ပင်လုံစာချုပ်အတိုင်း စစ်မှန်သောပြည်ထောင်စု ဖော်ဆောင်ရန် မြန်မာအစိုးရအဆက်ဆက်က ပျက်ကွက်နေခြင်းကို ကြေညာချက်တွင် ပြင်းပြင်းထန်ထန် ရှုတ်ချထားသည်။

ထိုစာချုပ်တွင် ဗမာမဟုတ်သည့်တိုင်းရင်းသားများကို ၎င်းတို့ဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ပေးထားသည်။

မြန်မာအစိုးရအဆက်ဆက်က ပင်လုံစာချုပ်ကို လျစ်လျူရှူ
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက်ပိုင်း လွတ်လပ်ရေးရပြီးနောက် ၎င်းအားဆက်ခံသည့် ဦးနုအစိုးရမှာ ပင်လုံစာချုပ်အတိုင်း အကောင်အထည်ဖော်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ၁၉၆၀ အောက်တိုဘာတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကိုစတင်ဖွဲ့စည်းခဲ့သည်။
အထူးသဖြင့် ၁၉၆၀ ရွေးကောက်ပွဲတွင် ဗုဒ္ဓဘာသာကို နိုုင်ငံတော်ဘာသာအဖြစ်ကြေညာမည်ဟု ဆိုသည့် ဦးနု၏ ရွေးကောက်ပွဲကတိသည် ခရစ်ယာန်လူများစုဖြစ်သည့် ကချင်အမျိုးသားများအပေါ် စိတ်ဆိုး ဒေါသ ဖြစ်စေခဲ့သည်။

ကေအိုင်အို အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာမှလည်း ယခုလို် ကချင်နိုင်ငံရေး ဆွေးနွေးနေပုံ။

ထိုနှစ် သြဂုတ်လတွင် ဦးနုက နိုင်ငံတော်ဘာသာကို ကြေညာခဲ့ရာ ကချင်လူငယ်များ လက်နက်ကိုင် တော်လှန်ရန်အတွက် တွန်းအားဖြစ်စေခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းအစိုးရနှင့် KIO တို့ ၁၉၆၃၊ ၁၉၇၂ နှင့် ၁၉၈၀-၈၁ ခုနှစ်များတွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အချီးအနှီးသာဖြစ်ခဲ့သည်။

၁၉၉၄ အပစ်ခတ်ရပ်ဆိုင်းရေးစာချုပ်နောက်ပိုင်း KIO သည် ၎င်းတို့ထိန်းချုပ်နယ်မြေ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့သည်။ သို့သော် မြန်မာစစ်အစိုးရက ကချင်လူထုအပါ ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ အများအပြား ကျူးလွန်နေသည်။

ယခုအချိန် နယ်ခြားစောင့်တပ်ပြောင်းရန် KIO ကငြင်းဆန်ခဲ့ပြီးနောက်ပိုင်း ၁၇ နှစ်ကြာ အပစ်ခတ်ရပ်ဆိုင်းရေးပျက်ပြားကာ ၂၀၁၁ ခုနှစ် ဇွန်လမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

Most read this week