တောင်ကုတ်တက္ကသိုလ် ၂၀၁၃ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည်

တောင်ကုတ်တက္ကသိုလ် ၂၀၁၃ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် တက္ကသိုလ် တစ်ခုကို ၂၀၁၃ ခုနှစ်တွင် အပြီးသတ် တည်ဆောက််မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

sittway-univ
တောင်ကုတ် တက္ကသိုလ်အား တောင်ကုတ်နှင့် မအီမြို့ အကြား ကားလမ်း မိုင်တိုင် အမှတ်(၁) နေရာတွင် တည်ဆောက်မည် ဖြစ်ကြောင်း၊ မြေတဧကကို ကျပ် ၆ သိန်းခွဲ နှင့် ဧက ၂၀၀ ကို ဦးကျောက်တောင်က ၀ယ်ယူပြီး ၂၀၁၃-ခုနှစ် တွင် အပြီးသတ်ဆောက်လုပ်မည် ဖြစ်ကြောင်း တောင်ကုတ်ကျောင်းသား တစ်ဦးကပြောသည်။

တောင်ကုတ်မြို့မှ အ.ထ.က ကျောင်းဆရာ တစ်ဦးအား တောင်ကုတ် တက္ကသိုလ် ဆောက်လုပ်ရေး ကိစ္စ မေးမြန်းရာ သူက ယခုလို ပြောသည်။

" ဆောက်လုပ်ဖို့ စီစဉ်နေတာက ဟုတ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းက ဘယ်တော့စမှာလဲ ဆိုတာကတော့ အသေးစိတ် မသိရှိရသေးဘူး။ ဦးကျောက်တောင်က တာဝန်ယူဆောက် လုပ်မှာဖြစ်ပါတယ်" ဟု ပြောသည်။

တောင်ကုတ်တွင် တက္ကသိုလ် ဖြစ်လာပါက လမ်းပန်း ဆက်သွယ်ရေးကြောင့် စစ်တွေ တက္ကသိုလ်သို့ သွားရောက် သင်ကြားရန် အခက်အခဲ ဖြစ်နေကြသည့် ကျောက်ဖြူ၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်နယ်များမှ ကျောင်းသားများ တက်ရောက်သင်ကြားနိုင်မည် ဖြစ်ကြောင်း သိရသည်။

စစ်တွေနည်းပညာ ကောလိပ်မှ ကျောင်းသား တစ်ဦးကို သူ့အမြင်ကို မေးကြည့့်ရာ နိရဥ္စရာသို့ ယခုကဲ့သို့ ပြောသည်။

"တောင်ကုတ်မှာ တက္ကသိုလ် တည်ဆောက်ဖို့ စီစဉ်နေတာဟာ တောင်ပိုင်းက တက္ကသိုလ် ကျောင်းသားတွေ အ တွက် ၀မ်းသာ ပီတီဖြစ်စရာ သတင်း ဖြစ်ပါတယ်။ တခြားတဘက်မှာလည်း အရမ်းကို ကြိုဆိုသင့်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ် အတွက် ပညာရေး အခန်းကဏ္ဍ တစ်ခု မြှင့်တင်မယ့် အစီအစဉ်လို့ မြင််ပါတယ်။"

သို့သော်လည်း တောင်ကုတ်တွင် တက္ကသိုလ် ဖွင့့်လျှင် စစ်တွေမှ တက္ကသိုလ်၊ ကောလိပ်များ ကဲ့သို့ မဖြစ်ရန် လိုကြောင်း သူက ဆက်ပြောသည်။

" ကျွန်တော်က နည်းပညာကောလိပ်က ကျောင်းသားဆိုတော့ ကျွန်တော် နည်းပညာ ကောလိပ်မှာ ကြံုတွေ့ နေရတဲ့ အခက်အခဲတွေကို ပြောပြချင်ပါတယ်။ စစ်တွေ တက္ကသိုလ် အပါအဝင်ပေါ့။ ကျွန်တော်တို့ နည််းပညာ ကောလိပ်မှာ ကျောင်းသားတွေ လေ့လာမယ့် ရည်ညွန်း စာအုပ် မရှိတာရယ်၊ ဆရာတွေ လေ့လာဖို့ စာအုပ်တွေ မရှိတာရယ်။ နိုင်ငံတကာမှာ ဖြစ်ပေါ် တိုးတက် နေတဲ့ နည်းပညာတွေကို လေ့လာဖို့ အင်တာနက် မရှိတာရယ်။ ကွန်ပျူတာာ မလုံလောက်တာရယ်။ ပြီးရင် အရေးကြီးဆုံး ဖြစ်တဲ့ လျှပ်စက်မီး မရ ရှိတာရယ်ကြောင့် တက္ကသိုလ် ကျောင်းသားတွေအတွက် တော်တော် အခက်ခဲရှိပါတယ်။ ခုတည်ဆောက်မယ့် တက္ကသိုလ်မှာ ဒီကိစ္စတွေကို အဓိကထား လုပ်ပေးဖို့ လိုပါတယ်။ အထုတ်ကြီးပြီးတော့ အထည် မရှိတာမျိုးကိုတော့ မဖြစ်စေချင်ဘူး" ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာ့အလင်းမှ သတင်းထုတ်ပြန်ချက်အရ လူဦးရေ ၃၁၈၃၁၀၀ ရှိရာ အဝေးသင် အပါအဝင် တက္ကသိုလ်ပညာ တက်ရောက် သင်ကြားနိုင်သူ တနှစ်လျှင် ၁၄၉၂၁ ဦး ခန့်သာ ရှိကြောင်း၊ လူတစ်ထောင်လျင် အဆင့်မြင့်ပညာ ၄ ဦးသာ တက်ရောက် သင်ကြားနိုင်ကြောင်း၊ ရာခိုင် နှုန်းဖြင့် တွက်ကြည့်ပါက ၀.၄ ရာခိုင်နှုန်းသာ အဆင့်မြင့်ပညာကို သင်ကြား နိုင်ခြင်းရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ လွတ်လပ်သော ပညာရေးအဖွဲ့အစည်းများမှ ကောက်ယူသော စစ်တမ်းများတွင် မူလတန်း ပညာကို ၆၀ ရာခိုင်နှုန်း၊ အလယ်တန်းပညာကို ၃၀ ရာခိုင်နှုန်း အထိသာ တက်ရောက်နိုင်ကြသည်ဟု သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်၌ ရှိနေသော တက္ကသိုလ်နှင့် ကောလိပ်များမှာ (၁) ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)၊(၂) အစိုးရနည်းပညာကောလိပ်(စစ်တွေ)၊ (၃)စစ်တွေတက္ကသိုလ်၊ (၄) နည်းပညာတက္ကသိုလ် (သံတွဲ) (၅) ကျောက်ဖြူပညာရေး ကောလိပ် တို့ဖြစ်သည်။

Most read this week