၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မှ ပြည်တွင်း စစ်ကို ရပ်နိုင်မယ်

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မှ ပြည်တွင်း စစ်ကို ရပ်နိုင်မယ်
by -
နိရဥ္စရာ

တိုင်းရင်းသားခေါင်းဆောင်များနှင့် ဗြိတိသျှ နို်င်ငံခြားရေးဝန်ကြီးတွေ့ဆုံခဲ့မူအပေါ် ဦးအေးသာအောင်နှင့် တွေ့ဆုံမေးမြန်းခန်း

အဲဒီမှာ ၀ီလျံဟိတ်နဲ တွေ့တဲ့အခါ တိုင်းရင်း သားခေါင်းဆောင်တွေက ဘာတွေကိုအဓိက ထားပြီးတင်ပြခဲ့ကြသလဲ ဆိုတာနည်းနည်း လောက်ရှင်းပြပေးပါ။

U-Aye-Tha-Aung
အဓိက ကတော့ ကျနော်တို့ အခုဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သတ်ပြီး ပြည်တွင်းစစ်ကို အမြန် ရပ်စဲဖို့ရယ်။ နောက်ပြီး ပြည်တွင်းစစ်ဖြစ်ရတဲ့ အကြောင်းနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့ အခြေအနေ တွေကို တင်ပြ ပြောဆိုကြတယ်။ ပြည်တွင်းစစ်ကို ရပ်စဲနိုင်ဖို့ ဆိုရင် တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို ပေးပြီးတော့ ပြည်ထောင်စုကို တည်ဆောက်ဖို့ လိုပါတယ်။ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မှသာ အခုဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို ရပ်စဲနိုင်မယ် ဆိုတာ တွေကို တင်ပြခဲ့ပါတယ်။ နောက်တစ်ချက်က အထူးသဖြင့် ဦးခွန်ထွန်းဦး တို့လို တိုင်းရင်းသား ခေါင်းဆောင်တွေ၊ မင်းကိုနိုင်တို့လို ကျောင်းသား ခေါင်းဆောင်တွေကို လွှတ်ပေးမှသာ အားလုံး ပါ၀င်တဲ့ နိုင်ငံရေး ဖြစ်စဉ်နဲ့တကွ အမျိုးသားပြန်လည် သင့်မြတ်ရေး တည်ဆောက်နိုင်ဖို့ ဆိုတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ထို့အတူ ဒီနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကိုလည်းပဲ ဆွေးနွေးပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်က ဘာတွေ ပြန်ပြောခဲ့ ပါသလဲ။

သူက ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေ အပေါ် အထူးစိတ်ဝင်စားပြီးတော့ ပြည်တွင်းစစ် ရပ်စဲမယ့်ကိစ္စ၊ ပြီးတော့ အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကိစ္စတွေကိုလည်း အလေးနက်ထားပြီးတော့ ပြောပါတယ်။ ဒီကိစ္စရပ်တွေကို နေပြည်တော်မှာ ဆွေးနွေးတင်ပြခဲ့တယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ပြောပြပါတယ်။

ဦးအေးသာအောင် အနေနဲ့ ၀ီလျံဟိတ် မြန်မာနိုင်ငံကို လာတဲ့ ခရီးစဉ် အပေါ်မှာ ဘယ်လို သဘောအမြင်ရှိပါသလဲ။

ဗြိတိန် နိုင်ငံ အပါအဝင် နိုင်ငံတကာက မြန်မာနိုင်ငံရဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်တွေ အပေါ်မှာ အထူး စိတ်ဝင်တစား ရှိနေတယ်။ ဒါကြောင့့် နှစ်ပေါင်း ၅၀ ကျော်အတွင်း နိုင်ငံခြားရေး ၀န်ကြီး တစ်ဦး ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူ့ခရီးစဉ်ဟာလည်း ထူးခြားမူ၊ တိုးတက်မူတွေ ရှိလာမှာ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စိတ်ဝင်တစားနဲ့ မေးမြန်းတယ်။ ဆွေးနွေးတယ်ဆိုကတည််းက တစ်စုံတစ်ရာ နိုင်ငံရေးအရ ဖြစ်ပေါ် ပြောင်းလဲမူတွေ ဖြစ်ဖို့ သူတို့ လိုလားနေတယ်ဆိုတာကတော့ သေချာပါတယ်။ ဒါကြောင့်လည်း လာတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒီလို ပြောင်းလဲ တိုးတက်ဖို့ အတွက်လည်းဘဲ သူတို့ အနေနဲ့ ဆက်လက်ပြီး မြန်မာ အစိုးရကို တွန်းအားပေးသွားမယ်ဆိုတဲ့ အကြောင်းတွေကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုတယ်။ ပြီးတောပြည်တွင်းစစ်ကို ရပ်စဲဖို့ လိုတယ်လို့ မြန်မာ အစိုးရကို သူက တွန်းအားပေး ပြောဆိုသွားတယ်။ ဒါတွေကို ဦးသိန်းစိန် အစိုးရက လိုက်လျော ပေးမယ်လို့ကော မြင်မိပါသလား။

လောလောဆယ် အခြေမှာကတော့ မမြင်သေးပါဘူး။ ဒါပေမဲ့ အတိုင်းအတာတစ်ခုထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေက တဆင့် ဖြစ်လာနိုင်စရာတွေတော့ တွေ့နေရပါတယ်။ NLD ကလည်း တရားဝင်ပါတီ မှတ်ပုံတင်တယ်။ ကြားဖြတ် ရွေးကောက်ပွဲလည်း ၀င်မယ်။ အဲဒီရွေးကောက်ပွဲက တဆင့် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပါလီမန်ထဲကို ရောက်လာမဲ့ အနေအထားတွေ ရှိနေတယ်။ အဲဒီကနေ တိုးတက် ဖြစ်ပေါ်လာမယ့် အလားအလာတွေတော့ ရှိနေတယ်လို့တော့ သုံးသပ်လို့ရပါတယ်။

၀ီလျံဟိတ်နဲ ဦးအေးသာအောင်တို့နဲ ဘယ်မှာတွေ့ကြပါသလဲ။

တိုင်းရင်းသား ညီနောင် (၅) ပါတီ အပါအဝင် တစ်ခြား တိုင်းရင်းသား အဖွဲ့တွေ ကျွန်တော် အပါအဝင် တွေ့တာကတော့ ဗြိတိသျှ သံအမတ်ကြီး အိမ်မှာ ဖြစ်ပါတယ်။ ညနေ ၅နာရီကနေ ၆ နာရီထိ ဖြစ်ပါတယ်။

CRPP နဲ တွေ့တယ်လို့ သိရပါတယ်။ ဘယ်မှာ တွေ့တာပါလဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲအိမ်မှာ တွေ့ပါတယ်။ ညနေ ၁၀ နာရီ ၁၅ မိနစ်ကနေ ၁၁ နာရီထိတွေ့ပါတယ်။ (ပြီး)

Most read this week