မြန်မာနိုင်ငံအတွက် အမေရိကန်မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချဲနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး အမေရိကန် အထူးသံ လူးဝစ်ဆီဒါဘက်ကာတို့နှစ်ဦး နေပြည်တော်သို့ တနင်္လာနေ့က ရောက်ရှိ လာကြောင်း AFP သတင်းတပုဒ်တွင် ဖော်ပြသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အတူ ၂ဝ၁၁ ခု ဒီဇင်ဘာတွင် အတူပါလာခဲ့ဖူးသည့် ဒဲရစ်မစ်ချဲ အတွက် ခရီးစဉ်အပြီး တလ မပြည့်မီ ဒုတိယအကြိမ် ခရီးစဉ်ဖြစ်ပြီး လူးဝစ်ဆီဒါဘက်ကာ အတွက် မူ ပထမဆုံး အကြိမ်ဖြစ်သည်။
လူးဝစ်ဆီဒါဘက်ကာသည် သူ၏ သုံးရက်ကြာ ခရီးစဉ်အတွင်း အစိုးရက ဖွဲ့စည်းထားသည့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့်လည်း တွေ့ဆုံမည်ဟု ဆိုထားသော်လည်း ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်ကမူ တရားဝင် အကြောင်းကြားချက် မရရှိသေးဟု မဇ္စျိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြံုရေးတာဝန်ခံ ဦးခွန်သာမြင့်ကလည်း လူးဝစ်ဆီဒါဘက်ကာနှင့်
ဒေါ်အောင်ဆန်းစုကြည်တွေ့ရန် မရှိကြောင်း သိထားသော်လည်း ဒဲရစ်မစ်ချဲနှင့် တွေ့မတွေ့ကိုမူ အတိအကျ မပြောနိုင်သေးကြောင်း မဇ္စျိမကို ပြောသည်။
ဒဲရစ်မစ်ချဲသည် မြန်မာနိုင်ငံတွင် ရှိနေစဉ် အမေရိကန်နိုင်ငံတကာဖွံဖြိုးရေးရန်ပုံငွေ USAID က ဆောင်ရွက်နေသည့် အထက်မြန်မာပြည် အပူပိုင်းဒေသ အသေးစားငွေချေးမှု လုပ်ငန်းများကို လည်း သွားရောက်လေ့လာမည်ဟု သိရသည်။
မစ္စတာမစ်ချဲသည် သူ၏ သုံးရက်ကြာ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းသို့လည်း သွားရောက်မည်ဖြစ်ပြီး အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ထိုင်း အာဏာပိုင်များနှင့်လည်း တွေ့ဆုံမည်
ဖြစ်ကြောင်း ဗီအိုအေ သတင်းတရပ်တွင် ဖော်ပြထားသည်။
အစိုးရအသစ် တက်ပြီးနောက်ပိုင်း ဥရောပနှင့် အနောက်နိုင်ငံမှ သံတမန်များ ဆက်တိုက် လာရောက်လျက်ရှိရာ ဒိန်းမတ်နိုင်ငံဖွံ့ဖြိုးမှုဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့လည်း ဇန်နဝါရီလ ၆ ရက်နေ့ ရောက်ရှိနေပြီး UNICEF ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ကို မြန်မာနိုင်ငံ ပညာရေးလုပ်ငန်းများတွင် သုံးစွဲရန် အမေရိကန်ဒေါ်လာ ၄ သန်းခွဲ လှူဒါန်းခဲ့သည်။
သူသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ဇန်နဝါရီ ၆ ရက်နေ့ ညနေက တွေ့ဆုံခဲ့ပြီးနောက် ပြည်တွင်း NGO လေးခုနှင့်တွေ့ဆုံစဉ် အကူအညီများ နှစ်ဆ ပိုပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း မင်္ဂလာမြန်မာ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက ပြောသည်။
ဒိန်းမက် ဝန်ကြီးသည် ဦးမောင်မောင်စိုးတင် (နယ်စပ်ဒေသဖွံ့ဖြိုးရေးအဖွဲ့)၊ ဦးငွေသိန်း (လူ့စွမ်းအားဖွံ့ဖြိုးရေးအဖွဲ့)၊ ဦးဘော်ဘီ (နာဂစ်အက်ရှင်) နှင့် ဒေါက်တာဖုန်းဝင်း (မင်္ဂလာမြန်မာအဖွဲ့) တို့နှင့် တွေ့ခဲ့ပြီး တနင်္လာနေ့ညနေတွင် ပြန်မည် ဖြစ်သည်။