ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက်တော့မည် မဟုတ်ကြောင်း အမှတ် ၂ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
ရန်ကုန်တိုင်း အလုံမြို့နယ် လျှပ်စစ်ဓါတ်အားပေးဝေရေး အဖွဲ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဝန်ကြီးက ပြောကြားလိုက်ခြင်း ဖြစ်သည်။
“အမှန်အတိုင်း ပြောရရင် မီဒီယာ သတင်းဂျာနယ်တွေမှာ ရေးတာတွေကို ဖတ်ပြီးတော့ လေ့လာပြီးမှ မလုပ်သင့် ဘူးဟေ့ ဆိုပြီး မလုပ်တော့တာပါ။ အားလုံးကနေပြီး ဒါလုပ်ရင်တော့ ဘာဖြစ်မယ်ဆိုတာ ရေးကြတော့ ဖတ်ပြီး မလုပ်ဖြစ်တာ။ မဂ္ဂါဝပ် ၄၀၀ ကိုတော့ ပြန်စဉ်စားကျန်တာ ၄,၀၀၀ မဂ္ဂါဝပ်ကိုတော့ ရပ်ဆိုပြီး လုပ်ခဲ့ကြတာ” ဟု ဝန်ကြီးက ပြောသည်။
၉.၁.၂ဝ၁၂ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အမှတ် ၂ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး က ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်းမှ မဂ္ဂါဝပ် ၄,၀၀၀ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ မလုပ်တော့ဟု ပြောဆို (ဓါတ်ပုံ မဇ္စျိမ)
ဝန်ကြီးပြောသည့် ၄၀၀ မဂ္ဂါဝပ်ဆိုသည်မှာ အဆိုပါ စီမံကိန်းအတွက် အကြိုလုပ်ငန်းများ အသုံးပြုမည့် လျှပ်စစ် ထုတ်ရန်ဖြစ်ပြီး ယင်းကိုပင်လျှင် လုပ်သင့်/ မလုပ်သင့် စဉ်းစားနေကြသည်ဟု လျှပ်စစ် အရာထမ်းတဦးက ရှင်းပြသည်။
ဒေါ်လာသန်း ၅၈ ထောင်တန် ထားဝယ်စီမံကိန်းတွင် လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ ရေနံဓာတု စက်ရုံ၊ ရေနံချက် စက်ရုံအပြင် သံမဏိ စက်ရုံတို့လည်း ပါဝင်မည် ဖြစ်သည်။
စီမံကိန်းမှာ တနင်္သာရီတိုင်း သာဂရမြို့ဟောင်းအနီး တည်ရှိကာ ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ရေဖြူမြို့နယ် နဖူးလယ် ကျေးရွာအနီးတွင် ရှိပြီး နအဖ အစိုးရလက်ထက် ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံ Italian-Thai Development Public Co.,Ltd နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကာ ၂၀၁၀ ပြည့်နှစ် တွင် ရ၅ နှစ် လုပ်ငန်း လုပ်ဆောင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သည်။
စီမံကိန်းကြောင့် ကျေးရွာ ၁၉ ရွာ၊ လူဦးရေ ၃၂,၂၇၉ ဦး၊ စာသင်ကျောင်း ၂၁ ကျောင်းနှင့် ဘာသာရေး အဆောက်အအုံ ၂၃ ခု ဖယ်ရှားခံရမည် ဖြစ်ကြောင်း ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ပြုစုထားသော စာရင်းများအရ သိရသည်။
စီမံကိန်းကို ၂၀၁၀ မှ ၂၀၁၄ အထိ ငါးနှစ်စီမံကိန်းအဖြစ် ပထမအဆင့်၊ ၂၀၁၄ မှ ၂၀၁၇ အထိ ဒုတိယအဆင့်၊ ၂၀၁၅ မှ ၂၀၁၉ အထိ တတိယအဆင့်ဟူ၍ သတ်မှတ်ကာ အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။