ကိုးသောင်းပုထိုးတော်ကြီးတွင် အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်နေ

ကိုးသောင်းပုထိုးတော်ကြီးတွင် အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်နေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရှေးခေတ် ရခိုင်ဘုရင် မင််းတိက္ခာ တည်ထားကိုးကွယ်ခဲ့သော ကိုးသောင်း ပုထိုးတော် ကြီးမှာ အက်ကွဲကြောင်းများ ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။

ကိုးသောင်း ပုထိုးတော်ကြီး

" အက်ကွဲကြောင်းကြီးတွေ အမြောက်အများ ဖြစ်နေပါတယ်။ ဒါပေမယ့် စိုးရိမ်မှုတော့ သိပ်မရှိသေးဘူး။ ခုလုပ်နေတဲ့ပုံက ဂူနံရံတွေမှာ ရှေးခေတ်မူအတိုင်း ပေါင်းကူးနဲ့ မကာပဲ၊ သစ်တုံးတွေတင်ပြီး အထက်က သံဖြူပြားတွေနဲ့ လုပ်နေတာ တွေ့ရတယ်။ အဲသလိုလုပ်နေတဲ့အားဖြင့် လေတိုက်တဲ့အခါ ပြိုကျပြီ ဂူနံရံတွေဟာ အကွဲကွဲ ပျက်စီးသွားနိုင်ပါ တယ်" ဟု ရှေးဟောင်း သုတေသန ဒုညွှန်ကြားရေးမှူး အငြိမ်းစားလည်း မြောက်ဦး ယဉ်ကျေးမူ ပြတိုက်မှူးဟောင်းလည်း ဖြစ်သော ဦးကျော်ထွန်းအောင်က နိရဥ္စရာသို့ ပြောသည်။

အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်နေခြင်းကို မည်သို့ကာကွယ်က ရနိုင်ပါမည်နည်းဟု ဆရာအား မေးမြန်းရာ သူက ယခုလို ပြောသည်။

" ဂူနံရံတွေကို ကာကွယ်ဖို့ အတွက် တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ညှိနှိုင်းပြီး လုပ်တာတော့ပို ကောင်းမယ်လို့ ထင်တယ်။ နောက်တခုက ခုလုပ်နေတဲ့ပုံဟာ ရှေးမူကိုဖျက်ရာကျသလို တဘက်မှာလည်း ဟိုတယ်လိုလို ဖြစ်သွားပါတယ်။ အမှန်က ရှေးမူမပျက်အောင်လုပ်ရင်တော့ ပိုကောင်းဖို့လို့မြင်တယ်" ဟုပြောသည်။

ယခု အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်နေသော နေရာမှာ ပထမလိုဏ်ဂူပတ်လမ်း လက်ဝဲဘက်နံရံပေါ်တွင် ဖြစ်ကြောင်း သိရသည်။

" အခုအက်ကွဲကြောင်းကြီးက နံရံပေါ်မှာဒေါင့်လိုက်ရှိနေတာပါ။ ဒီလိုဏ်ဂူပတ် လမ်းက အမိုးမရှိတာရယ်၊ မိုးရာသီမှာ သဘာဝမိုးဒဏ်တွေကြောင့် အခုလိုအက်ကွဲသွားတာဖြစ်ပါတယ်။ အက် ကွဲကြောင်းက အကြီးကြီး ဆိုတော့ အချိန်မီမထိန်းသိမ်းရင် နံရံကပြိုကျပျက်စီးသွားနိုင်တယ် " ဟု ကိုယ်တိုင် သွားကြည့်ခဲ့သူ ရဟန်းတော် ဉာဏ နိရဥ္စရာသို့ ပြောသည်။

ကိုးသောင်း ဘုရားတော်ကြီးမှာ ဘုရား ရုပ်ထုတော် ကိုးသောင်း ကိန်းဝပ် စံပယ်ရာ ဂူပုထိုးတော်ကြီး ဖြစ်ပြီး ရာစုနှစ်မြောက်များစွာ မပြုပြင်ပဲ ရှိနေခဲ့သဖြင့် အချိန်မှီ မပြုပြင်က အခြေအနေမှာ ယခုထက် ပိုဆိုးသွားနိုင်ကြောင်း ရဟန်းတော်က ဆက်ပြောသည်။

" အတွင်းလိုဏ်ဂူနှင့် အပြင်လိုဏ်ဂူကြား ၁ဝပေခန့်အမြင့်ရှိတဲ့ နံရံပေါ်မှာ ဖြစ်ပေါ်နေတဲ့ အတွက် ရှေးမူမပျက် တတ်ကျွမ်းသည့်ပညာရှင်များနဲ့ စနစ်တကျ ပြုပြင်ရန် သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေက စီစဉ်ဖို့ လိုပါတယ်။"
ကိုးသောင်းပုထိုးတော်ကြီး အတွင်း မပြုပြင်နိုင်သေးသော လိုင်ဂူများ
ယခု ကိုးသောင်းပုထိုးတော်ကြီးအား မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအဖွဲ့မှ ထိန်းသိမ်း စောင့်ရှောက် ထားပြီး ပြုပြင်ရန် ဘတ်ဂျက်ငွေ မရှိသဖြင့် လက်ရှိ အချိန်တွင် ပုထိုးတော်အား မပြုပြင်ဘဲ ပစ်ထားရကြောင်း သိရသည်။

မြောက်ဦးရှေးဟောင်း သုတေသနဌနမှ ၁၉၉၆-ခုနှစ်က ပုထိုးတော်ကြီးအား စတင် ပြန်လည် တူးဖေါ်ခဲ့ရာ ၂၅ရာခိုင်နှုန်း ခန့်သာ ပြီးစီးခဲ့သော်လည်း တချို့စေတီပုထိုးတော်များမှာ နဂို အတိုင်းချုံနွယ် များဖုံးအုပ်နေသည်ဟု သိရသည်။

ကိုးသောင်းပုထိုးတော်မှာ မြောက်ဦးမြို့ နန်းတော်ရာကုန်း၏အရှေ့ဘက်တမိုင်ခွဲခန့်အကွာတွင် တည်ရှိပြီးအေ ဒီ ၁၅၅၃-၁၅၅၆ ခုနှစ်အတွင်း ရခိုင်ဘုရင် မင်းတိက္ခာက တည်ထားခဲ့သော ပုထိုးတော်ကြီး ဖြစ်ပြီး ဘုရားဆင်းထုတော် (၉) သောင်း ကိန်းဝပ် စံပယ်နေသဖြင့် ကိုးသောင်း ဘုရားတော်ကြီးဟု အမည် တွင်သည်။

Most read this week