လားရှိုးမှ အမျိုးသမီး မောင်တောတွင် အဖမ်းခံရ

လားရှိုးမှ အမျိုးသမီး မောင်တောတွင် အဖမ်းခံရ
by -
မောင်အေး

ရှမ်းပြည်နယ် လားရှိုးမြို့မှ အမျိုးသမီး တစ်ဦးကို စိတ်ကြွဆေးပြားများနှင့် အတူ မောင်တောတွင် ဖမ်းဆီးလိုက်သည်ဟု ရဲအရာရှိ တစ်ဦးက ပြောသည်။

Maungdaw-gate

ဖမ်းဆီးခံရသည့် အမျိုးသမီးမှာ ဒေါ် ခင်ချိုဝင်းဖြစ်ပြီး သူမကို အထူးရဲတပ်ဖွဲ့နှင့် မူးယစ် ဆေးဝါး နှိမ်နှင်းရေး တပ်ဖွဲ့တို့က ပူးပေါင်းပြီး မောင်တောမြို့ရှိ “ကျော်” တည်းခိုခန်းမှ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

" ဗုဒ္ဓဟူးနေ့ ညဉ့် ၈နာရီခန့်မှာ ယာဘားဆေးပြား ၃၀၀၀၀ နဲ့အတူ ဖမ်းတာပါ။ သူမက လားရှိုးမြို့ အမှတ် ၉ ရပ်ကွက်ကလို့ သိရတယ်။ အသက် ကတော့ ၆၀ ခန့်ရှိပြီ။ သူ့အဖေအမည်က ဦးကာလို့ သိရတယ်။" ဟု သူက ပြောသည်။

ယခုအခါ သူမအားမောင်တော ရဲစခန်းတွင် ချုပ်နှောင်ထားပြီး မူးယစ်ပုဒ်မ ၁၅၊ ၁၉(က) ဖြစ့် တရားစွဲဆို ထားကြောင်း သိရှိရသည်။

ယခုကဲ့သို့ စိတ်ကြွဆေးပြား အများအပြားကို မြန်မာနိုင်ငံအရှေ့ဘက် ရှမ်းပြည်နယ် လားရှိုးမြို့မှာ မြန်မာ အနောက်ဘက် ရခိုင်ပြည်မောင်တောမြို့ထိ သယ်ယူနိုင်ခြင်းနှင့် ပတ်သတ်ပြီး မောင်မြို့မှလူကြီးတဦးက ယခုကဲ့သို့ သုံးသပ်သည်။

" သူတို့မှာလည်း အချင်းချင်းကြားမှာ ဝေစုမတည့်လို့ သတင်းပေါက်သွားတယ်နဲ့တူတယ်။ ဒီမှာက ဌာန ဆိုင်ရာတွေက များသောအားဖြင့် ဒီကိစ္စတွေနဲ့ ပတ်သတ်နေကြတယ်" ဟု ပြောသည်။

မောင်တောမြို့တွင် ယခုအခါ စိတ်ကြွဆေးပြားများကို အလွယ်တကူဝယ်ယူရရှိနိုင်ပြီး WY အမျိုးစားတလုံး ကို ၃၂၀၀ ကျပ်စျေးရှိကြောင်း မြို့ခံလူငယ်တဦးက ပြောသည်။

မြန်မာဘက်မှ ၀င်လာသည့် စိတ်ကြွဆေးပြားများကို မောင်တောမြို့နှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် ဘင်္ဂလာဒေ့ချ်နိုင်ငံ တက်ကနက်မြို့နယ် အပါအဝင် နယ်စပ် ကော့စ်ဘဇားခရိုင်အတွင်း နေ့တိုင်းလိုလို ဖမ်းဆီးမှုရှိနေ ကြောင်း ကော့စ်ဘဇားထုတ် သတင်းစာများတွင် ရေးသားဖော်ပြသည်။

Most read this week