ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝီလျံဟိတ် William Hague ၏ ခရီးစဉ်ကြောင့် မြန်မာ့ မိတ်ဆွေကောင်းတဦး ရရှိလာနိုင်လိမ့်မည်ဟု ဒေါ်အောင်အောင်ဆန်းစုကြည်က သတင်းစကား ရေးသားပေးပို့ လိုက်သည်။
မြန်မာနိုင်ငံ၌ နှစ်ရက်ကြာခရီးအဖြစ် ရောက်ရှိနေသည့် မစ္စတာဟိတ်နှင့် သောကြာနေ့နံနက်တွင် တွေ့ဆုံရန်ရှိသည့်
ဒေါ်အောင်ဆန်းစုကြည်က ရေးသားပေးပို့လိုက်သော သတင်းစကားကို မစ္စတာဟိတ်က ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာ တွင် ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်သည်။
“ဗြိတိန်နိုင်ငံနဲ့ ဗြိတိသျှနိုင်ငံရေးသမားတွေဟာ ကျမတို့နိုင်ငံကို တန်ဖိုးမဖြတ်နိုင်တဲ့ ထောက်ခံမှုတွေ ၂၃ နှစ်လုံးလုံး ပေးခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ရဲ့ခရီးစဉ်ဟာ သူ့အနေနဲ့ မြန်မာပြည်လက်ရှိအခြေအနေတွေ ကြည့်မြင်နိုင်ပါလိမ့်မယ်။ ကျမအနေနဲ့ကတော့ အရှည်သဖြင့် လေးစားခဲ့ရတဲ့ပုဂ္ဂိုလ်တယောက်ကို ကျမနိုင်ငံရဲ့ မိတ်ဆွေကောင်းတယောက်အဖြစ် သိရှိခွင့်ကြံုရမှာပဲဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်က ရေးသားပေးပို့လိုက်သော သတင်းစကားကို မစ္စဟိတ်က ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာ တွင် ကောက်နှုတ်ဖော်ပြ (Photo: http://www.facebook.com/notes/william-hague/)
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသည် ကြာသပတေးနေ့က ရောက်ရှိလာပြီး နေပြည်တော်၌ သမ္မတဦးသိန်းစိန်၊
နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အောက်လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့နှင့်တွေ့ဆုံခဲ့ကြောင်း ရန်ကုန်မြို့ ဗြိတိန်သံရုံးမှ အရာရှိတဦးက မဇ္စျိမကို ပြောသည်။
ရာစုနှစ်တဝက်ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိသည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသည် ညနေပိုင်း တွင် တိုင်းရင်းသားခေါင်းဆောင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်၏ နေအိမ်ဝင်းအတွင်း၌ တွေ့ဆုံခဲ့ သည်။
“နိုင်ငံရေးအနေအထားတွေသိအောင်၊ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့စစ်ပွဲတွေ၊ ပြည်တွင်းစစ် ရပ်စဲဖို့တွေကိုပြောဖို့ အဓိကထားတဲ့အကြောင်း။ လူသားချင်းစာနာ ထောက်ထားတဲ့ အနေအထားတွေ ဆက်ဆောင်ရွက်မယ်။ Sanction နဲ့ပတ်သက်လို့ကတော့ ဗမာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာရင် တဖြေးဖြေး ပြောင်းလဲသွားမယ် ဆိုတဲ့ အကြောင်း ပြောပါတယ်” ဟု မစ္စတာဟိတ်၏ ပြောဆိုချက်ကို တွေ့ဆုံခဲ့သူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်က ဆိုသည်။
တွေ့ဆုံရာတွင် ၂ဝ၁ဝ ခု ရွေးကောက်ပွဲဝင် ပါတီခေါင်းဆောင်များနှင့် ၁၉၉ဝ ခု ရွေးကောက်ပွဲဝင် ပါတီခေါင်းဆောင် များ အတူတကွ ပါဝင်သည်။ ကရင်ပြည်သူ့ပါတီမှ ဒေါက်တာဆိုင်မွန်သာ၊ ရှမ်အမျိုးသား ဒီမိုကရေစီပါတီမှ
စောသန်းမြင့်၊ ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ မှ ဦးဦးလှစော၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ
ဒေါက်တာမင်းစိုးလင်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ နိုင်ငွေသိန်း၊ ချင်းတိုးတက်ရေးပါတီဥက္ကဋ္ဌ၊ ကယားအမျိုးသားခေါင်းဆောင်တဦး၊ ကချင်နှစ်ခြင်း ခရစ်ယာန် သိက္ခာတော်ရ ဆရာကြီး ဒေါက်တာ ဆဘွဲဂျွမ် တို့လည်း တက်ရောက်ကြသည်။
ဒေါက်တာ ဆဘွဲဂျွမ်က ကချင်ပြည်နယ်တိုက်ပွဲများနှင့် ဒုက္ခသည်များအရေးကို အဓိကထားပြောဆိုခဲ့ပြီး၊ ဦးအေးသာအောင်က တိုင်းရင်းသားများက ပင်လုံသဘောတူညီချက်ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုကို လိုလားကြောင်း တင်ပြခဲ့သည်ဟုဆိုသည်။
“ပြည်တွင်းစစ် ရပ်ဖို့လိုတဲ့အကြောင်း၊ ပြည်ပက အဖွဲ့အစည်းအသီးသီးက ပြည်တွင်းကို ရောက်ဖို့လိုတယ်။ အာဏာရ အစိုးရအဆက်ဆက်က တိုင်းရင်းသားတွေတင်ပြတာကို လစ်လျူရှုခဲ့တယ်။ အခုလည်း သူတို့က အပစ်ရပ်မယ်။
ဆွေးနွေးမယ်။ တချို့ကို စီးပွားရေးအခွင့်အလမ်းပေးမယ်၊ တချို့ကိုပါတီထောင် လွှတ်တော်ထဲဝင်ပြောမယ်။ ဒီလိုနဲ့တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူး။ ညောင်နှစ်ပင်ညီလာခံလို အခုလည်း ပင်လုံညီလာခံမျိုး
နေပြည်တော်မှာ ကျင်းပဖို့ပြောနေတယ်။ ဒါလည်း မယုံကြည်လောက်ဘူးလို့ အန်ကယ်က ပြောပါတယ်” ဟု သူက ပြောသည်။
ဗြိတိန်ဝန်ကြီးကမူ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရသဖြင့် တိုင်းရင်းသားအရေး၊ ပြည်တွင်းစစ်အရေး များကို ကျယ်ကျယ်ပြန့်ပြန့်သိရသဖြင့် ကောင်းမွန်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက “မြန်မာနိုင်ငံကိစ္စ၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာ ထဲမှာ အထီးကျန် မဟုတ်ဘူး။ ဝင်ဆံ့နေပြီဆိုတဲ့ အဓိပ္ပါယ်မျိုး ရတယ်” ဟု ခရီးစဉ်နှင့်ပတ်သက်၍ မှတ်ချက်ပြု
ပြောဆိုသည်။
သောကြာနေ့တွင် ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်သည့် ကိုလှမျိုးနောင်၊ ကိုမြတ်သူ၊ ကိုဇာဂနာတို့နှင့်လည်း မွန်းလွဲပိုင်းတွင် ဗြိတိန် သံအမတ်ကြီး၏ အိမ်ဝန်းအတွင်း တွေ့မည်ဖြစ်သည်။
ခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍ သောကြာနေ့ ညနေပိုင်းတွင် ဗြိတိသျှ ကောင်စီ၌ သတင်းစာ ရှင်းပွဲတရပ်ပြုလုပ်မည်ဖြစ်သည်။