အမေရိကန်ရောက် ချင်း-ကချင် အမျိုးသားများ ကချင်ဒုက္ခသည်များကို ပူးပေါင်းကူညီမည်

အမေရိကန်ရောက် ချင်း-ကချင် အမျိုးသားများ ကချင်ဒုက္ခသည်များကို ပူးပေါင်းကူညီမည်
by -
ကချင်သတင်းဌာန

မြန်မာပြည်မြောက်ပိုင်း ကချင်စစ်ပြေးဒုက္ခသည်များကို ပူးပေါင်းကူညီရန် အမေရိကန် Indianapolis မြို့တွင် ညီအစ်ကို ချင်း-ကချင် အမျိုးသားများ ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

အမေရိကန်နိုင်ငံ Indiana ပြည်နယ် Indianapolis မြို့တွင်နေထိုင်သော ညီအစ်ကို ကချင်နှင့် ချင်း အမျိုးသားများက မြန်မာပြည်မြောက်ပိုင်း ကချင်စစ်ပြေးဒုက္ခသည်များကို ပူးပေါင်းကူညီမည်ဖြစ်ကြောင်း သိရသည်။

လက်တွေ့ လုပ်ဆောင်ချက်အားဖြင့် ဒုက္ခသည် ကူညီရေးရံပုံငွေရှာဖွေခြင်း အစီစဉ်များကို လုပ်ဆောင်သွားရန် Indianapolis မြို့တွင် ဇန်နဝါရီလ ၂ ရက်နေ့က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် သဘောတူခဲ့သည်ဟု အစည်းအဝေး ဦးဆောင်သူတဦးပြောသည်။

ဦးဆောင်သူတဦးဖြစ်သူ ဦးလဖိုင် ဇော်လောဒ် (Lahpai Zau Lawt) က “ဒုက္ခသည်ရံပုံငွေရှာခြင်းကို လာမယ့် ဖေဖေါ်ဝါရီ ၂၀ ရက် ချင်းအမျိုးသားနေ့ ကျင်းပရာတွင် ကချင်ရိုးရာအစားအစာရောင်းဖို့နဲ့ ကံစမ်းမဲဖေါက်ပွဲ အစီစဉ်တွေ ပြုလုပ်သွားဖို့ သဘောတူဆုံးဖြတ်ထားတယ်။” ဟု ကချင်သတင်းဌာန သို့ ပြောသည်။

သူကဆက်ပြီး “အခုလိုုပြုလုပ်ခြင်းဟာ ကချင်ပြည်နယ်အတွင်း အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေတဲ့ စစ်ပြေးဒုက္ခသည်ကို ကူညီနိုင်ဖို့နဲ့ ညီအစ်ကိုချင်း ကချင်နဲ့ ချင်းအမျိုးသားတွေ စည်းလုံးခြင်းကို  သက်သေပြလိုက်ခြင်းလည်း ဖြစ်တယ်” ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်ထဲမှာလည်း အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံများတွင် ရောက်ရှိနေသော ကချင်နှင့် အခြား မြန်မာတိုင်းရင်းသားများက ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များကို ငွေကြေးအကူအညီများ ပေးခဲ့သည်။

ယင်းတွင် သြစတြေးလျနိုင်ငံနှင့် အခြားနိုင်ငံများတွင် ရောက်ရှိနေသော ချင်းညီအစ်ကိုများက မြန်မာကျပ် သိန်း ၅၀၀ ကို သက်ဆိုင်ရာ ဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့များသို့ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပေးအပ်ခဲ့သည်။

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်တွင်းစစ် ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် စစ်ပြေးဒုက္ခသည် ပိုများလာပြီး ယခုချိန် တရုတ်နယ်စပ် တလျှောက် KIO ဒုက္ခသည်စခန်းများတွင် လူဦးရေ ၅၀၀၀၀ ကျော်လာပြီဟု ဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့များ ဆိုသည်။

ဒုက္ခသည်များလာခြင်းကြောင့် စားနပ်ရိက္ခာနှင့် အဝတ်အစား အထောက်အပံ့များ ပို၍လိုအပ်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့များ ဆက်ဆိုသည်။

ကုလသမဂ္ဂအဖွဲ့ က ရန်ကုန်မှ ၎င်း၏ မြန်မာနိုင်ငံသား ရုံးဝန်ထမ်း ၅ ဦးအား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၂ ရက်က KIO လိုင်ဇာ ဒုက္ခသည်စခန်းသို့ စေလွှတ်ခဲ့သော်လည်း ယင်းနောက် ဒုက္ခသည် အကူအညီပေးခြင်း ယခုချိန်ထိ မရှိသေးပါ။

Most read this week