ယခုနှစ်သစ်တွင် ကရင်နီပြည်တပ်မတော်နှင့် အစိုးရတပ်တို့ တိုက်ပွဲ ၂ ကြိမ် ဆက်တိုက ဖြစ်ပွားခဲ့၍ အစိုးရတပ်မှ ဗိုလ်တဦး၊ ဒုအရံခံဗိုလ်တဦး၊ တပ်ကြပ်ကြီးတဦးနှင့် တပ်သားတဦး ကျဆုံးသွားခဲ့ပြီး၊ တပ်သား ၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ဖာဆောင်းမြို့နယ် မော်ချီးနှင့် တောင်ငူ ကားလမ်း အကြားတွင် နယ်မြေ ရှင်းလင်းသော အစိုးရတပ် ခြေလျင်တပ်ရင်း (ခလရ) ရ၂ မှ ဗိုလ်မှူး သက်အောင် ဦးစီးသည့် တပ်ဖွဲ့နှင့် ကရင်နီပြည် တပ်မတော်မှ စစ်ဦးစီးတပ် တပ်ဖွဲ့တို့ တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ တပ်ခွဲ တပ်ကြပ်ကြီး ခင်ထွန်း ကျဆုံးခဲ့ပြီး အခြားအရာရှိနှင့် တပ်သား ရ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီပြည်တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ပြောသည်။
“တဖက်က နယ်မြေ ရှင်းလင်းပြီးတော့မှ ကျနော်တို့ လှုပ်ရှားတဲ့ တပ်ဖွဲ့နဲ့ သွားတိုးတော့ တိုက်ပွဲ ဖြစ်တယ်” ဟု ဗိုလ်ချုပ် ဘီထူးက ပြောသည်။
ထို့နောက် ဇန်နဝါရီလ ၂ ရက်နေ့က ဖာဆောင်းမြို့နယ် မော်ချီးဒေသတွင် နယ်မြေ ရှင်းလင်းနေသည့် ခလရ ၁၃၅ စစ်ကြောင်းကို ကရင်နီတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ဒု-အရံခံဗိုလ်တင်အောင်၊ ဗိုလ်နေဇာထွန်း၊ တပ်သားအောင်အောင်တို့ ကျဆုံးခဲ့ပြီး ဒု-တပ်ကြပ် တဦး ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)၏ သတင်းနှင့် ပြန်ကြားရေး အဖွဲ့မှ ခူဒယ်နီယာက ပြောသည်။
“တိုက်ပွဲကတော့ တိုက်နေရမှာပဲပေါ့။ ပြည်သူတွေရဲ့ အခွင့်အရေး၊ ကိုယ်လိုချင်တဲ့ အခွင့်အရေးတွေ ရဖို့ တိုက်နေတာပဲ” ဟု ခူဒယ်နီယာက ပြောသည်။
ယခု ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ကရင်နီတပ်မှ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့ကြောင်း ကရင်နီပြည်တပ်မတော်က ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း ဖာဆောင်းမြို့နယ် မော်ချီးဒေသရှိ လိုခါးလိုရွာ၌ ဘောလုံးပွဲ ၀င်ရောက်ကြည့်ရှုသော အစိုးရတပ်တို့ကို ကရင်နီတပ်မှ ၀င်ရောက်ပစ်ခတ်ခဲ့၍ အစိုးရ စစ်သားနှစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။
အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ဖြစ်မြောက်လာရေးအတွက် ကေအဲန်ပီပီနှင့် မြန်မာအစိုးရသစ် ကိုယ်စားလှယ် အဖွဲ့တို့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မဏာမအဆင့် အနေဖြင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။
ပထမရက်
၁။ ခွဲတကက ခင်ထွန်း (သေဆုံး)
၂။ ဒု-ဗိုလ်ကျော်မျိုးထွန်း (ပြင်းထန်ဒဏ်ရာရ)
၃။တပ်ကြပ် ကျော်ကျော်ဦး (ဒါဏ်ရာရ)
၄။တပ်သား ခင်မောင်စိုး ( ။ )
၅။တပ်သားမောင်မောင် ( ။ )
၆။တပ်သားလှပြည့်အောင် (ပြင်းထန်ဒဏ်ရာရ)
၇။တပ်သား ၁ ယောက် ( ။ )
၈။ ဒုတက တင်စိုး (ဘယ်ခြေပြတ်)
ဒုတိယရက်
၁။ ဒု-အရံခံဗိုလ်တင်အောင် (သေဆုံး)
၂။ တသ အောင်အောင် (သေဆုံး)
၃။ ဒု-တကကျော်အေး (ဒဏ်ရာ)
၄။ ဗိုလ်နေဇာထွန်း (သေဆုံး)