အိန္ဒိယမှ တည်ဆောက်နေသော ဆိပ်ကမ်းသစ် နေရာ ရွှေ့ရန် တောင်းဆို စာများ စစ်တွေတွင်ဖြန့်

အိန္ဒိယမှ တည်ဆောက်နေသော ဆိပ်ကမ်းသစ် နေရာ ရွှေ့ရန် တောင်းဆို စာများ စစ်တွေတွင်ဖြန့်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် အိန္ဒိယမှ တည်ဆောက်နေသော ဆိပ်ကမ်းသစ်ကို တခြား သင့်တော်သော နေရာ တစ်ခုသို့ ပြောင်းရွှေ့ရန် တောင်းဆိုသည့် လက်ကမ်း စာစောင်များအား လွတ်လပ်ရေးနေ့တွင် စစ်တွေမြို့ နေရာ အနှံ့အပြား၌ ဖြန့်ဝေခဲ့ကြသည်ဟု သတင်း ရရှိသည်။

Sittwe-Seaport-progres-work
" ဖြန့်ဝေတာကတော့ ပေါ်ပေါ်ထင်ထင် ဖြန့်တာပါ။ ဒီနေ့ နံနက်ပိုင်းကနေ မြို့တစ်ခုလုံး အနှံ့ ဖြန့်ဝေတာကို တွေ့ရပါတယ်။ စစ်တွေမြို့မစျေးကြီးမှာဆိုရင် စျေးလာတဲ့ လူတိုင်းကို စာရွက်တွေ လက်ဆင့်ကမ်း ဖြန့်ဝေတာကို တွေ့ရပါတယ်" ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောသည်။

ဖြန့်ဝေသည် စာရွက်များတွင် စစ်တွေဆိပ်ကမ်းကြောင့် မြို့နေလူထု ထိခိုက်နေရပုံများကို ရေးသားထားပြီး တခြားသင့်တော်သော နေရာတစ်ခုသို့ ဆိပ်ကမ်းကို ပြောင်းရွှေ့ရန် တောင်းဆိုထားသည်။

" ယခု လက်ရှိတည်ဆောက်နေတဲ့ စစ်တွေ ဆိပ်ကမ်းသစ်ကြောင့် သဘာဝ ပတ်ဝန်းကျင် ဆုံးရှံုးပျက်စီးမူတွေ အကြီးအကျယ် ဖြစ်ပေါ်နေတယ်။ လက်ရှိ စစ်တွေ တစ်မြို့သားလုံး လမ်းလျှောက် အပန်းဖြေနေတဲ့ လေကောင်းလေသန့် ရရှိရာ မင်းကြီး ကျောက်တန်းလည်း ပျက်စီးဆုံးရှံုးသွားတယ်။ ဒါကြောင့် ဒီဆိပ်ကမ်းကို တစ်ခြား သင့်တော်တဲ့ နေရာကို ပြောင်းရွှေ့ပေးပါဆိုတဲ့ စာသားတွေကို ရေးထားတာကို တွေ့ရပါတယ်" ဟု သူကက ဆက်ပြောသည်။

ယခုကဲ့သို့ လူငယ်များက ပေါ်ပေါ်ထင်ထင် စာရွက်များ ဖြန့်ဝေသော်လည်း တစ်စုံတရာ အာဏာပိုင်များဘက်မှ တုန့်ပြန်မူ မရှိကြောင်း သိရသည်။

လက်ရှိ စစ်တွေ ဆိပ်ကမ်းသစ်အား အိန္ဒိယ Essar ကုမ္ပဏီမှ စစ်တွေမြို့၏ အဓိက အချက်အချာကျသော စစ်တွေမြို့ မင်းကြီးကျောက်တန်းရှေ့ ကမ်းပါးအား မြေများဖို့ကာ တည်ဆောက်နေသည်။ ဆိ်ပ်ကမ်းအတွက် လိုအပ်သော သဲများအားလည်း စစ်တွေပွိုင့်ကမ်းခြေမှ စုတ်ယူပြီး ဖို့နေသဖြင့် စစ်တွေပွိုင့်ကမ်းခြေ သဘာဝ ပတ်ဝန်းကျင်အား အဓိက ထိခိုက်ပျက်စီးလျှက် ရှိကြောင်းသိရသည်။

တခြား ကျေးပင်ကြီး ရပ်ကွက်မှ လူပ်ရှားရာတွင် ပါ၀င်သူ လူငယ် တစ်ဦးဖြစ်သူ ကိုအောင်ကျော်မြင့်ကလည်း သူတို့ ဆိပ်ကမ်းသစ် ပြောင်းရွှေ့ရန် တောင်းဆိုရခြင်းကို ယခုကဲ့သို့ ပြောသည်။

" အခု ဆိပ်ကမ်းသစ်ကြောင့် စစ်တွေကို စတင် တည်ဆောက်စဉ်ကတည်းက စစ်တွေမြို့ လူထု အပန်းဖြေ အနားယူဖို့ တည်ဆောက်ထားတဲ့ မင်းကြီးကျောက်တန်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။ စစ်တွေ လူထုအတွက် ဒါဟာ အကြီးအကျယ် ဆုံးရှံုးမူ ဖြစ်ပါတယ်။ နောက်တစ်ခုက ဆေးရုံကြီးကိုလည်း အခုထိခိုက်နေပြီ။ လုပ်ငန်းခွင်က အသံတွေကြောင့် လူနာတွေ ညအိပ်လို့ မရ ဖြစ်နေကြပြီ။ ဒါကြောင့် ဒီဆိပ်ကမ်းကို တခြားနေရာကို ပြောင်းရွှေ့ပစ်ဖို့ ကျွန်တော်တို့ တောင်းဆိုရတာ ဖြစ်ပါတယ်" ဟု ပြောသည်။

၎င်းပြင် ဆိပ်ကမ်းကို တည်ဆောက်နေသော အိန္ဒိယ Essar ကုမ္ပဏီ ဒေသခံ ပြည်သူများအား တစ်စုံတရာ အလေးမထားဘဲ လုပ်ချင်သလို လုပ်နေသဖြင့်် မြို့လူထု အကြားတွင်လည်း မကျေနပ်မူများ တိုးပွားနေသည်ဟု သူက ပြောသည်။

" အိန္ဒိယ ကုမ္ပဏီက အစိုးရက သူတို့ နောက်မှာ ရှိနေတဲ့ သဘောမျိုးနဲ့ ဒေသခံ ပြည်သူတွေကို လုံးဝ အရေးမစိုက်ဘဲနဲ့ စည်းမဲ့ကမ်းမဲ့ လုပ်နေတာတွေ့ရတယ်။ သဲတွေကို ကားတွေနဲ့ သယ်တဲ့ နေရာမှာလည်း သယ်ချင်သလို သယ်တယ်။ တူးချင် သလို တူးတယ်။ မြို့ခံ လူကြီးတွေ ပြောတော့လည်း လုံးဝ အရေးမစိုက်ဘူး။ ဒါကြောင့် အိန္ဒိယ ကုမ္ပဏီ အပေါ် မကျေနပ်မူတွေလည်း တိုးပွားနေပါတယ်" ဟု သူက ဆက်ပြောသည်။

ယခု တည်ဆောက်နေသော အိန္ဒိယ ဆိပ်ကမ်းသည် စစ်တွေမြို့အား ဘက်ပေါင်းစုံမှ ထိခိုက်နေသဖြင့် တခြားနေရာ တစ်ခုခုသို့ ပြောင်းရွှေ့ရန် အတွက် ရခို်င်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အရေးဆို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့်လည်း ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်၏ နှစ်သစ် မိန်းခွန်းတွင် ဖေါ်ပြထားသည်။

Most read this week