ကျောက်တော် သကြားစက်ကို အစိုးရမှ ရခိုင်ဘက်စုံ ကုမ္ပဏီသို့ နှစ်သုံးဆယ် ဌားရမ်း

ကျောက်တော် သကြားစက်ကို အစိုးရမှ ရခိုင်ဘက်စုံ ကုမ္ပဏီသို့ နှစ်သုံးဆယ် ဌားရမ်း

ရခိုင်ပြည်နယ်မှ တစ်ခုတည်း စက်ရုံ ဖြစ်သည့် ကျောက်တော် သကြားစက်ကို အစိုးရမှ ရခိုင်ဘက်စုံ ကုမ္ပဏီသို့ နှစ်(၃၀) ဌားရမ်းလိုက်ကြောင်း သတင်းရရှိသည်။

" တနှစ်ကို ကျပ်သိန်းပေါင်း ၂၂၀ နဲ့ ဌားရမ်းလိုက်တာ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ကနေ စတင်ပြီး နှစ်ပေါင်း ၃၀ အထိ ဌားရမ်းလိုက်တာ ဖြစ်ပါတယ်" ဟု ရခိုင်ဘက်စုံ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။
စစ်တွေမှ ကြံရည်ဆိုင်
ယခုကဲ့သို့ အစိုးရထံမှ ဌားရမ်းလိုက်ခြင်းမှာ အမြတ်ရရှိရေးထက် ဒေသ ဖွံ့ဖြိုးရေးနှင့် ကုမ္ပဏီ နှစ်ဦး နှစ်ဘက် အကျိုး ဖြစ်ထွန်းရေးကို ရည်ရွယ်ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" အရင်တုန်းက အစိုးရ အနေနဲ့ ကြံတစ်တန်ကို ကျပ် ၁၈၀၀၀ ပေးပါတယ်။ ကျွန်တော်တို့က တစ်တန်ကို ၃၀၀၀၀ ထိ တိုးပေးထားတော့ ကြံစိုက်တဲ့ တောင်သူတွေ အနေနဲ့ အရင်နှစ်တွေကထက် အမြတ်များများ ရမယ်။ အဲသလို ကြံစျေးမြင့်တက်လာတဲ့ အတွက် စိုက်တဲ့ တောင်သူတွေလည်း များလာနိုင်ပါတယ်။"

ယခုနှစ်တွင် ကြံစိုက်ပျိုးရာသီ ကုန်သွားပြီ ဖြစ်သဖြင့် ကြံစိုက်ပျိုးမူမှာ နောက်နှစ်မှ စပြီး တိုးတက် လာနိုင်ကြောင်း ကြံတောင်သူများက ပြောသည်။

" ကျွန်တော် အနေနဲ့ ပုဂ္ဂလိက လက်ထဲ သကြားစက်ကို လွဲပြောင်း ပေးလိုက်တော့ ကြံစျေးနုန်း ကျသွားနိုင်တယ်လို့ ထင်ထားခဲ့တယ်။ ပုဂ္ဂလိက လက်ထဲရောက်သွားရင် ကြံထွက်ကုန်များ အပေါ် ပုဂ္ဂလိက လုပ်ငန်းရှင်များက စျေးနှိမ်ဝယ်ယူမူများ ရှိမလား ဆိုပြီး စိုးရိမ်ခဲ့ကြပါတယ်။ အခုတော့ ကြံတစ်တန်ကို တစ်ဆနီးပါး စျေးမြှင့်ပြီး ခေါ်ထားတော့ သိပ်အဆင်ပြေသွားပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ကြံစျေးနုန်းကို မြှင့်ပေးလိုက်ခြင်းမှာ ကြံစိုက် တောင်သူများ တိုးပွားလာရန်ကို ရည်ရွယ်ပြီး ပြုလုပ်ခြင်း ဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူက ပြောသည်။

" ဒီနှစ်မှာ ကြံတန်ချိန် ၃၀၀၀ လောက်ဘဲ ကြိတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အရှံုးပေါ်နိုင်ပါတယ်။ ပထမနှစ်မှာ သိန်း တစ်ထောင်၊ ဒုတိယ နှစ်မှာ သိန်း ၅၀၀ ခန့််ရှံုးနိုင်ပါတယ်။ တတိယနှစ်လောက်မှ အမြတ် စတင် ရရှိနိုင်ပါတယ်။ အမြတ်များများ ရဖို့ ကြံထွက်နုန်းပိုများဖို့လိုတယ်။ ကျွန်တော်တို့က တနှစ် ကြံတန်ချိန် ၁၀၀၀၀ ကြိတ်နိုင်မှ မြတ်မယ်ဆိုတော့ ကြံစိုက်ပျိုးမူက တိုးတက်ဖို့ လိုတယ်။ ဒါကြောင့် တစ်တန်ကို ကျပ် ၃၀၀၀၀ ထိ တင်ပေးဖို့ တရားဝင် ကျေညာထားပါတယ်။" ဟု ပြောသည်။

ကျောက်တော် သကြားစက်မှာ နှစ်စဉ် လည်ပတ်နေသော်လည်း လိုအပ်သော ကြံကုန်ကြမ်းကို အပြည့်အဝ မရသည့် အပြင် ထုတ်လုပ်သော သကြားမှာလည်း အရည်အသွေး မကောင်းသဖြင့် နှစ်စဉ်လိုလို အရှံုးပေါ်နေကြောင်း သိရသည်။ သို့အတွက် ကျောက်တော် သကြားစက်မှ သကြားအစား တင်လဲရည် (အရက်များ)ကိုသာ ထုတ်လုပ်နေခဲ့သည်။

ယခုကဲ့သို့ တင်လဲရည် ထုုတ်သော်လည်း အရှံုးပေါ်နေရာမှ အစိုးရက သကြားစက်ကို ပုဂ္ဂလိက ရခိုင် ဘက်စုံ ကုမ္ပဏီသို့ ဌားရမ်းလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

Most read this week