အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်သည်၊ ၂၀၁၂ ခုနှစ်တွင် ပြည်တွင်းငြိမ်းချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စများကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု နှစ်သစ်ကူး မိန့်ခွန်း၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ပါသည်။
“ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးစားပေး လုပ်မယ့် လုပ်ငန်းတွေက ပြည်တွင်း ငြိမ်းချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေထဲမှာ ပြင်သင့်တာတွေကို ပြင်ဖို့ အရေးတွေကို ကျမတို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ််းရေးကို ဘာဖြစ်လို့ ရွေးရတယ်ဆိုတာ ထူးထူးထွေထွေ ပြောဖို့ မလိုပါဘူး။ ငြိမ်းချမ်းရေး ပတ်သက်လို့လည်း ကျမ အရင်တလောက ရှင်းပြဖူးပါတယ်။ ငြိမ်းချမ်းရေးကို ရိုးရိုးလေး မြင်ပါတယ်။”
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဥပဒေမှာ ပါသည့် တိုင်းပြည်ကို အကျိုးမဖြစ်နိုင်မည့် အချက်အလက်များကို ပြည်သူလူထုအများစု၏ အမြင်နဲ့ ညှိနှိုင်းပြီး ပြင်ဆင်နိုင်အောင် ကြိုးစားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည်၊ အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ ပါသည့် နိုင်ငံ၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ၌ တပ်မတော်က ပါဝင်ရေးဆိုသည့် အခြေခံမူ အပါအဝင် ဒီမိုကရေစီ မကျတဲ့ အချက်များကို လက်မခံကြောင်း အရင်က အတိအလင်း ကြေညာခဲ့ဖူးပါသည်။
သို့သော်ရွေးကောက်ပွဲ ဥပဒေပါ အချက်တချို့ကို အစိုးရက ပြန်လည် ပြင်ဆင်ပေးခဲ့ပြီးနောက်မှာ အန်အယ်လ်ဒီက ပါတီ မှတ်ပုံတင် ပြန်လည် လျှောက်ထားခဲ့ပြီး ရွေးကောက်ပွဲကို ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်သည်ဟု ကြေညာထားပါသည်။
မည်သို့ပင်ဆိုစေ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လာမည့်ဧပြီလ ၁ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသော်လည်း အန်အယ်လ်ဒီ ပါတီကိုမူ ယခုချိန်ထိ ပါတီမှတ်ပုံတင် ထားသည်ကို ခွင့်ပြုချက် ချပေးခြင်း မရှိသေးပါ။
အစိုးရသည်၊ မည်သို့ပင် ကစားကွက်ထွင်ပြီး ဖန်တီးနေစေကာမူ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်၏ လှုပ်ရှား မှုအပေါ် ပိုပိုပြီးထောက်ခံနေကြောင်း တိုင်းရင်းသား ပညာရေး ရံပုံငွေ ဂီတဖြေဖျော်ပွဲက သက်သေခံနေပါ သည်။ နအဖအစိုးရ၏ အသက်ဖြစ်သည့် ၂၀၀၈ အခြေခံဥပဒေကို NLD က ဘယ်လောက်ပြုပြင်နိုင်မည်ဆို သည်ကို စောင့်ကြည့်ရန်သာ ရှိပါသည်။