ကရင်နီ အမျိုးသမီးတွေကို ပြန်ပြောပြပေးပါ

ကရင်နီ အမျိုးသမီးတွေကို ပြန်ပြောပြပေးပါ
by -
ကူးဒူ၊ ဖဲမော့

ကရင်နီပြည်မှာ တာဝန်ကျတဲ့ မြန်မာအစိုးရ စစ်သားတွေက ဒေသခံကရင်နီ အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျလို့ တပ်ပြောင်းတဲ့အခါမှာ မိသားစု တွေပါတခါထဲ မြန်မာပြည်ဘက်ကိုခေါ်သွား ကြရ ပါတယ်။

ကရင်နီပြည်မှာလာပြီး စစ်တိုက်နေကြတဲ့ ဗမာစစ်သားတွေနဲ့ ကရင်နီအမျိုးသမီးတွေနှစ်ဦးနှစ်ဘက်ချစ်ကြိုက် ကြလို့ အိမ်ထောင်ကျလိုတဲ့ ကိစ္စအပေါ် ဘယ်လိုနည်းနဲ့မှ တားမြစ်ပိတ်ပင်လို့မရတဲ့ ကိစ္စဆိုတာကို အများက လက်ခံယုံကြည်ကြမှာပါ။

ဒါပေမယ့် ကရင်နီအမျိုးသားအရေးကို အမြော်အမြင်ထားကြတဲ့ ရပ်မိရပ်ဖတို့က ဒါဟာ “လူမျိုးရေးဝါးမြိုမှု” ခံရတဲ့ ကိစ္စဖြစ်တဲ့အတွက် ကရင်နီမျိုးဆက်သစ်တွေ အနေဖြင့် ထိန်းထိန်းသိမ်းသိမ်းရှိဖို့လိုတယ် ဆိုတဲ့အယူအဆက ရှိနေပြန်ပါတယ်။

မြန်မာစစ်အစိုးရ အဆက်ဆက်ကို နှစ်ပေါင်း ၆၀ ကျော် တော်လှန်တိုက်ခိုက်နေကြတဲ့ ကရင်နီတော်လှန်ရေး အင်အားစုတွေကတော့ ဒါဟာ “သွေးနှောတိုက်ဖျက်သည့်စနစ်” ဖြစ်ပြီး လူမျိုးတုံးသွားတဲ့ အဆင့်ထိတောင် ရည်ရွယ်ချက်ရှိရှိနဲ့ အကောင်အထည် ဖေါ်နေခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

ယနေ့မြန်မာပြည်မှာ ရွေးကောက်ပွဲပြီးလို့ ဒီမိုကရေစီအစိုးရ တက်နေပြီဖြစ်ပေမယ့်လည်း ကရင်နီတော်လှန်ရေး အင်အားစုတွေက လက်နက်ကိုင်တဲ့ နည်းလမ်းတွေနဲ့ ဆက်လက် တော်လှန်တိုက်ခိုက်နေကြပါတယ်။

ယနေ့ ကရင်နီပြည် ဖရူဆိုမြို့နယ်မှာ အမှတ်-၁၄ တပ်မတော်တန်းမြင့် လေ့ကျင်းရေးကွင်း တည်ဆောက်ဖို့ ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပါတယ်။ လေ့ကျင့်ရေးကွင်း တည်ဆောက်စဉ်ကာလအတွင်း လုံခြံုရေးယူဖို့ အစိုးရက စစ်ကြောင်းတွေ တိုးချဲ့ချထားလိုက်တဲ့အတွက် ဒေသခံတို့ရဲ့ လွတ်လပ်စွာသွားလာရေးကို နှောက်ယှက်မှုတွေ ဖြစ်ပေါ်လာပြီး အဲ့ဒီကြားထဲမှာမှ ဒေသခံအမျိုးသမီးတွေအတွက် မိဘတို့က ပိုမိုစိုးရိမ်မှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။
ethnics
ပြီးခဲ့တဲ့ ဇူလိုင်လကမှာ ဖရူဆိုမြို့နယ် လောဂျာ၊ ဒေါလောခူနဲ့ မားပရိုရှေ့ကျေးရွာအကြားက ပြည်သူပိုင်ခြံမြေ ဧကပေါင်း ၂၇၀၀ အားသိမ်းဆည်းလိုက်ပြီး ရှမ်းပြည်အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁၇ လက်အောက်ခံ ခမရ ၅၇၅ နဲ့ ၅၇၆ မှ စစ်ကြောင်းနှစ်ကြောင်းကို လုံခြံုရေးအတွက်ချထားခဲ့ရာမှ ယခု အောက်တိုဘာလမှာ ခမရ ၅၃၀ နဲ့ ၅၈၅ အား ထပ်မံတိုးချဲ့ချထားလိုက်ပါတယ်။

“သူတို့သွားရင် တယောက်နှစ်ယောက်ထဲဆို မသွားရဲတော့ဘူး။ သွားရင်သူတို့က အုပ်စုလိုက်သာသွားကြ တယ်။ တယောက်ထဲသွားရင် မသွားရဲတော့ဘူး ပြီးတော့ ဥပမာ… သူတို့အရေးကြီးလို့ သွားစရာရှိရင် သွားလာတာ မြန်မြန်သွားဖို့လိုအပ်နေတဲ့ အချိန်မှာတောင် တယောက်ထဲ မသွားရဲကြတော့ဘူး” ဟု ဖရူဆိုမြို့နယ်မှ ဒေသခံတယောက်က ပြောပါတယ်။

စစ်ကြောင်းများ မတိုးချဲ့ခင် ဒေသခံများက တောင်ယာထဲသို့သွားလျှင် တယောက်ထဲ သွားလေ့သွားထရှိခဲ့ ပေမယ့် ယခုနောက်ပိုင်း အုပ်စုလိုက်သာ သွားရပါတော့တယ်။ အထူးသဖြင့် မိန်မပျိုလေးများအနေဖြင့် ဘယ်ဘဲသွားသွား တယောက်တည်း မသွားရဲကြတော့ဘူးလို့ ဆိုပါတယ်။

“လောဂျာရွာက ရွာသူမိန်းခလေး လေး၊ ငါးယောက် ဒါမှမဟုတ် ဒေါလောခူရွာက  ရွာသူမိန်ခလေး လေးငါးယောက်ကို ဖျက်စီး စော်ကားရမယ်” လို့ စစ်သားတို့ထံမှကြားရတဲ့ စကားကို ဒေသခံရွာသားက ပြန်ပြောပြပါတယ်။

ဖရူဆိုမြို့နယ် လောဂျာ၊ ဒေါလောခူနဲ့ မားပရိုရှေ့ကျေးရွာ ၃ ရွာမှာ စစ်တပ်မှ မတော်မတရားပြုမှုဆက်ဆံခြင်း ခံရတဲ့ အမျိုးသမီးအချို့ ရှိနေပေမယ့်လည်း မိမိတို့အရှက်တရားကြောင့် မတိုင်တန်းရဲတဲ့အဖြစ်တွေရှိနေတယ် လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။

စစ်သင်တန်းကွင်း တည်ဆောက်ရန် ဖရူဆိုက ဒေသခံမြေယာတွေကို သိမ်းဆည်းလိုက်တဲ့ကိစ္စနဲ့တပ်အင်အား တွေ တိုးချဲ့ချထားတဲ့ ကိစ္စကို ရပ်တန့်ပေးဖို့ ကရင်နီတော်လှန်ရေးအင်အားစုမှ ကယားပြည်နယ် ပြည်နယ် အစိုးရ ၀န်ကြီးချုပ်ထံ ပြီးခဲ့တဲ့ စက်တင်ဘာလက အိပ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါတယ်။

မြေယာများ သိမ်းဆည်းခြင်းနဲ့ စစ်တပ်များတိုးချဲ့တဲ့ အကျိုးဆက်တွေကြောင့် ဌာနေဒေသခံများ အတင်းအဓမ္မ ရွှေ့ပြောင်းအခြေချခံရမှာဖြစ်ပြီး လူမျိုးရေးဝါးမြိုမှု ကိစ္စတွေလည်း ဖြစ်ပေါ်လာနိုင်တယ်လို့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက် နေ့စွဲဖြင့် ပေးပို့ခဲ့သော ကရင်နီပြည်အစိုးရရဲ့ အိပ်ဖွင့်ပေးစာမှာရေးသားထားပါ တယ်။

ပြီးခဲ့တဲ့ ၂ နှစ်လောက်က ဒေါလောခူရွာသူတဦးကို စစ်တပ်တွေက မတော်မတရား ကြံစည်ခဲ့တဲ့ အဖြစ်အပျက် တခုရှိခဲ့ပြီး ထိုဖြစ်ရပ်ကို မပေါက်ကြားရန် စစ်ကြောင်းမှူးက ကျေးရွာဥက္ကဌကို လျော်ကြေးပေးစေခိုင်းပြီး နှုတ်ပိတ်ထားခိုင်းတယ်လို့ ဆိုပါတယ်။

“စစ်တပ်တွေက တိုင်းရင်းသားတွေအပေါ် တနည်းအားဖြင့် ကရင်နီလူမျိုးတွေအပေါ် ဖိနှိပ်ရမယ်ဆိုတဲ့ ပေါ်လစီတွေ ရှိတယ်လို့တော့ ကြားထားတယ်ပေါ့နော။ အကယ်၍ တကယ်ရှိမယ်ဆိုရင်တော့ဒီလိုပေါ်လစီ မျိုးတွေက တကယ်မရှိသင့်ဘူးပေါ့နော်” လို့ ကရင်နီအမျိုးသမီး အစည်းအရုံး KNWO မှ အတွင်းရေးမှူး ဆရာမသိုးမြာက ပြောပါတယ်။

“လက်ရှိအခြေအနေနဲ့ ပြောမယ်ဆိုရင် ဒီပေါ်လစီကို သူတို့ဆက်ပြီးတော့သုံးမယ် ဆက်ပြီးတော့ လက်ကိုင် ထားမယ်ဆိုရင် သူတို့လက်ရှိပြောနေတဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားများ ပြန်လည်စည်းလုံးညီညွတ်ရေးတို့ စတဲ့စကားတွေနဲ့ ဆန့်ကျင်နေတယ်” ဟု ဆရာမသိုးမြာကဆက်ပြောပါ တယ်။

မြန်မာစစ်အစိုးရ အဆက်ဆက်ဟာ ကရင်နီပြည်ကို ၁၉၄၈ ခုနှစ်ကတည်းက စစ်ရေးအရ ကျူးကျော်ဝင်ရောက် တိုက်ခိုက်စဉ်ကတည်းက ကရင်နီလူမျိုးတို့ကို “သွေးနှောတဲ့စနစ်ဖြင့် သုတ်သင်သွားရန်” ဆိုတဲ့ မူကို ချမှတ်ထားတယ်လို့ တော်လှန်ရေးအင်အားစုက ဆိုထားပါတယ်။

“ကရင်နီအမျိုးသမီးတွေကို HIV/AIDS ရရှိထားတဲ့ မြန်မာစစ်သားတွေနဲ့ ဖျက်ဆီးရန်” ဆိုတဲ့ စစ်တပ်ဘက်မှ လျှို့ဝှက်ချမှတ်ထားတဲ့ မူပေါ်လစီစာရွက်စာတမ်းကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ကေအဲန်ပီပီမှ ရရှိထားတယ်လို့ သိရှိရပါတယ်။

သွေးနှောသုတ်သင်တဲ့ မူပေါ်လစီတွေ အမှန်တကယ် ရှိရှိ၊ မရှိရှိ လက်တွေ့အခြေအနေမှာ မြန်မာစစ်သားနဲ့ ချစ်ကြိုက်လို့ အိမ်ထောင်ကျလိုတဲ့ ကရင်နီအမျိုးသမီးတွေကို တားမြစ်ပိတ်ပင်ထားလို့ မရပါဘူး။ ဒါပေမယ့် အိမ်ထောင်ကျပြီးသွားလို့ အမျိုးသမီးတွေကို မတရားအနိုင်ကျင့်ပြီး ညင်းပန်းနှိပ်စက်မှုတွေမလုပ်ဖို့သာ ပိုမိုအရေးကြီးပါတယ်။ ကရင်နီအမျိုးသားရေးအတွက် အမြော်အမြင်ထားသူတွေကတော့ မိမိတို့နောင်လာ နောက်သားတွေအဖို့ လမ်းညွန်မှုတွေ ပေးသွားကြမှာပါဘဲ။

ကရင်နီအမျိုးသားရေးအတွက် အမြော်အမြင်ထားတတ်သူလည်းဖြစ် မိဘတွေရဲ့နေရာမှာလည်း ရှိပြီဖြစ်တဲ့ ဆရာဆိုဒူယာက သူကြံုဖူးခဲ့တဲ့ ဖြစ်ရပ်မှန်လေးကို ယခုလို ပြောပြသွားပါတယ်။

“လောဂျာက ကရင်နီအမျိုးသမီးနှစ်ယောက်က ဟိုတရုတ်နယ်စပ်ဘက်ကို ကျနော် ရောက်သွားတော့ စစ်တပ်နဲ့ ယူပြီးတော့ အဲဒီမှာ တပ်ပြောင်းနဲ့ လိုက်ပါသွားတော့ အဲမှာ သွားခံနေတယ်။ ပြန်လည်း ပြန်ချင်တယ် ပြန်လည်း မပြန်နိုင်ကြဘူးပေါ့နော်။ သူတို့နဲ့ ကျနော်… ကရင်နီလို သွားပြောဆိုတဲ့ အခါကြတော့…ကရင်နီအမျိုးသမီးတွေ ကို ပြန်ပြောပြပေးပါ။ ဘယ်တော့မှ စစ်တပ်နဲ့ မယူကြပါနဲ့ ဆိုတဲ့ ဟာလေးတွေကို ပြန်ပြောပြပေးပါလို့ ကျနော့်ကို မှာတဲ့ဟာလေးတွေရှိပါတယ်” …